![]() |
မြန်မာ သံအမတ်ဟောက်ဒိုစွမ်း |
မြန်မာ သံအမတ်ဟောက်ဒိုစွမ်း။ ။ ကျနော်တို့လည်း ဒီနေ့မနက်မှပဲ သိရတာဖြစ်တော့ Surprise ပါပဲ အားလုံးလည်း ဘယ်သူမှ မသိကြဘူးပေါ့နော်။ ကျနော့်အမြင်ကတော့ သူ သမ္မတ Trump နဲ့ သူတို့ ၂ ယောက်ကြားမှာပေါ့နော် အသေအချာတော့ မသိသော်လည်း လုပ်ငန်းလုပ်တဲ့နေရာမှာတော့ အဆင်ပြေတယ်လို့ ယူဆရပါတယ်။ သူထွက်တဲ့အကြောင်းအရာကလည်း ကျနော်တို့ မသိဘူးပေါ့နော်။ သို့သော်လည်း ကျနော်တို့ အပိုင်းကနေပြီးတော့ ဒီမှာ အတူတူ အလုပ်လုပ်ကြရတဲ့ အခါကျတော့ US နဲ့ ကျနော်တို့က ကင်းကွာလို့ ရတဲ့လူတွေလည်းမဟုတ်ဘူးလေ။ ၂ နိုင်ငံဆက်ဆံရေး၊ သံတမန် ဆက်ဆံရေးဆိုလည်း US နဲ့ ကျနော်တို့က အရှည်ဆုံးပဲ ၊ အင်္ဂလိပ်ထပ်တောင် ပိုရှည်သေးတယ်။ ၁၉၄၇ လွတ်လပ်ရေး မရခင်ကတည်းက သံတမန်ဆက်ဆံရေးထူထောင်ထားတာဆိုတော့ အမေရိကန်နဲ့ ဆက်ဆံရေးက တောက်လျောက်အရေးကြီးတဲ့ ကျနော်တို့အတွက် နိုင်ငံတနိုင်ငံဖြစ်ပါတယ်။
အဲဒါကြောင့် ပေါ်လစီပိုင်းအရ ကွဲပြားမှုတွေ ဘယ်လိုပဲ ရှိနေသော်လည်းပဲ ၂ နိုင်ငံဆက်ဆံရေးကတော့ ကောင်းအောင်ဆက်ထိန်းနေရတာပေါ့လေ ကုလသမဂ္ဂ မျက်နှာစာမှာတော့ သိတဲ့အတိုင်းပဲ။ အဓိကတော့ ရခိုင်ကိစ္စနဲ့ လူသားချင်းစာနာထောက်ထားမှု ပြဿနာကြီး တဖက်နိုင်ငံကို အလုံးအရင်းနဲ့ ထွက်ပြေးသွားတဲ့ကိစ္စတွေက အဓိက ။ အဲဒါတွေကြောင့် ကျနော်တို့မှာ သဘောထားကွဲလွဲမှု ရှိပြီးတော့ သူတို့က သူတို့နိုင်ငံရပ်တည်ချက်နဲ့ ပြောဆိုတဲ့နေရာမှာတော့ သူနိုင်ငံ ၊ သူတို့ရပ်တည်ချက်နဲ့ ပြောနေတာပေါ့ဗျာ။ ဒါကတော့ တပိုင်းပေါ့နော်။ အဲဒီတော့ ကျနော်တို့ ကတော့ နိုင်ငံတကာ ဆက်ဆံရေးမှာ ကြည့်တဲ့အခါကျတော့ ကျနော်တို့က လူပုဂ္ဂိုလ်နဲ့ ကြည့်လို့မရဘူး၊ သူ့ပေါ်လစီအတိုင်းသွားတာဖြစ်တော့ ။ သူကတော့ပုဂ္ဂိုလ်ရေးကတော့ ကျနော်တို့နဲ့ ဘာမှ ပြဿနာမရှိဘူး ကောင်းကောင်းမွန်မွန်ခင်ခင်မင်မင် ရှိပါတယ်။ သို့သော် မူအရပြောကြဆိုကြတဲ့အခါကျတော့ ကိုယ့်နိုင်ငံရပ်တည်ချက်နဲ့ ဆုပ်ကိုင်ပြီးတော့ ပြောကြရတာပဲလေ။ ကျနော်တို့နဲ့ ပြောတာထက်တောင် ရုရှား နဲ့ ပြောတာ ပိုတောင်ဆိုးပါသေးတယ်။ ရုရှားတို့ အီရန်တို့နဲ့ ဆိုရင် အရမ်းကို ဆိုးပါတယ်။ သူပြောတာဆိုတာတွေ။ ဆိုတော့ တကယ့်ကလည်း သူသံတမန်လည်းမဟုတ်ပါဘူး။ သူက သိတဲ့အတိုင်းပဲ South Carolina က governer ကနေပြီးတော့ တက်လာတဲ့လူလည်းဖြစ်တယ် နိုင်ငံရေးသမားပေါ့နော် ။ ဆိုတဲ့အခါကျတော့ နိုင်ငံရေးသမားက သံတမန်လုပ်တဲ့အခါကျတော့ တခါတလေ ရှင်းရှင်းပြောရရင်တော့ သူ့ Style နဲ့ သူဖြစ်နေတာပေါ့နော်။
အဲဒီတော့ နောက်လူ ဘယ်လိုတက်လာမလဲဆိုတာ ပြောလို့မရဘူးပေါ့ဗျာ။ သမ္မတ Trump က ဘယ်သူ့ကို ရွေးမယ်ဆိုတာ ပြောလို့မရဘူး ကျနော်တို့ကတော့ ဘယ်သူပဲ တက်လာတက်လာ ၂ နိုင်ငံ ရည်ရှည်အကျိုးကို ကျနော်တို့ ကြည့်ရမယ် ကိုယ့်အမျိုးသားအကျိုးစီးပွားကို တဖက်က ကာကွယ်ရင်းနဲ့ ကမ္ဘာ့အလည်မှာ မိတ်မပျက်ဆက်ဆံရေးကိုလည်း ဆက်ပြီးလုပ်သွားရမယ်။ ဒါကတော့ ကျနော့်အမြင်ပါ များသောအားဖြင့် တခြားခံစားချက် ထွေထွေထူးထူးတော့မရှိဘူး ကိုယ့် အသိတယောက်နားသွားပြီ နောက်လူတယောက်လာမယ် ။ ဒီလိုပဲ ခံယူထားပါတယ်။ ပေါ်လစီအရတော့လည်း US ပေါ်လစီက သူ့ကြောင့်ပြောင်းမယ်လို့ မထင်ပါဘူး အခုရှိပြီးသားအတိုင်းဆက်ပြီးတော့ ရှိမှာပါ။
မေး။ ။ သံအမတ်ကြီးပြောသလို လူပုဂ္ဂိုလ်တဦးချင်းဆီက လာကြတဲ့ သူတို့ Back ground အခြေအနေ အရ သူတို့လုပ်ပုံကိုင်ပုံ လုပ်နည်းလုပ်ဟန်လေးတွေက နည်းနည်းဆီ ကွာကြတာကို သံအမတ်ကြီးရော ဘယ်လိုများမျှော်လင့်ထားသလဲ။
မြန်မာ သံအမတ်ဟောက်ဒိုစွမ်း။ ။ မပြောတတ်ဘူး ကျနော်ကတော့ ဘယ်သူဖြစ်နိုင်မယ်ဆိုတာ မမှန်းတတ်ပါဘူး။ အထူးသဖြင့် သမ္မတ Trump ရဲ့ လုပ်နည်းကိုင်နည်းက သိတဲ့အတိုင်း ဘာမှ မှန်းလို့ မရဘူးလေ။ ဘာမှ မှန်းလို့ မရဘူးဆိုတဲ့အခါကျတော့ ဘယ်သူဖြစ်မယ်ဆိုတာ ပြောလို့မရဘူးပေါ့နော်။ သံတမန်ထဲကဖြစ်မယ်လို့လည်းပြောလို့မရဘူး၊ တချို့ကလည်း သူ့သမီးကို ခန့်မလားဆိုတာ ပြောတာရှိတယ်ပေါ့နော်။ ဘာမှ မှန်းလို့ မရဘူး သူစိတ်ထဲမှာ ရှိတဲ့ မှန်တယ်ထင်ရင် လုပ်နေတာ ဖြစ်တဲ့အခါကျတော့ ဒါကတော့ ကျနော်ပြောလို့မရဘူး။ ကုလသမဂ္ဂဆိုင်ရာ အမေရိကန်နိုင်ငံ အမြဲတမ်းကိုယ်စားလှယ်က တကယ်ကတော့ သူတို့ နိုင်ငံမှာ cabinet level ၀န်ကြီးအဆင့်ပေးတာကို ၊ နောက်တခုက သူ့နိုင်ငံက လုံခြုံရေးကောင်စီ အမြဲတမ်းအဖွဲ့ဝင်နိုင်ငံ ဖြစ်တဲ့အပြင် ကမ္ဘာမှာ အင်အားအကြီးဆုံးနိုင်ငံလည်း ဖြစ်တဲ့အခါကျတော့ သူပြောတဲ့ စကားတခွန်းကတော့ ထိရောက်မှု အများကြီးရှိတာပေါ့လေ။ အဲဒီတော့ သူပြောတယ်ဆိုရင် ၀ိုင်းနားထောင်ရတာပေါ့။ သူ့နိုင်ငံရပ်တည်ချက် သူ့နိုင်ငံ ပေါ်လစီသဘောထားပြီးတော့ အမေရိကန်နိုင်ငံရပ်တည်ချက် အမေရိကန်နိုင်ငံ ပေါ်လစီ က ကျနော်တို့ ကုလသမဂ္ဂမှာရော တခြားနိုင်ငံတကာဆက်ဆံရေးမှာရော အကျိုးသက်ရောက်မှုက အများကြီးရှိတာကို နိုင်ငံကြီးတဲ့အခါကျတော့ သူ့အရှိန်အ၀ါနဲ့ သူ့အင်အားနဲ့ကတော့ ပြောလိုက်တဲ့ စကားကတော့ အားလုံးသက်ရောက်မှုရှိတယ်၊ အားလုံးနားထောင်ကြတယ် ဒါကတော့ ရှိမှာပါ နောက်လူ လာလည်း ဒီလိုဖြစ်မယ်လို့ ကျနော်ကတော့ ယူဆတယ်။
ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ် ဟောက်ဒိုစွမ်းကို ကိုဇော်ဝင်းလှိုင်က ဆက်သွယ်မေးမြန်းခဲ့တာပါ။
ကိုဇော်ဝင်းလှိုင်/ ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com