Photo: AFP
နီပေါလ်နိုင်ငံ ခတ္ထမန္ဒူလေဆိပ်မှာ မနေ့က ပျက်ကျသွားတဲ့ ဘင်္ဂလားဒေ့ရှ် လေယာဉ်ပေါ်က လေကြောင်း ပျံသန်းမှုမှတ်တမ်းကို အပျက်အစီးတွေကြားကနေ ပြန်ရလိုက်ပြီလို့ သိရပါတယ်။

ဒါကြောင့် လေယာဉ်ပျက်ကျတဲ့ အကြောင်းရင်းကိုသိနိုင်ဖို့ ဒီမှတ်တမ်းသေတ္တာကို သေသေချာချာ သိမ်းထားပြီးပြီလို့ လေဆိပ်ညွှန်ချုပ်က ပြောပါတယ်။

လေယာဉ်ပျက်ကျတဲ့ဖြစ်ရပ်နဲ့ပတ်သက်လို့ လေဆိပ်အာဏာပိုင်တွေကြား အပြန်အလှန် အပြစ်တင်နေကြပါတယ်။ လေယာဉ်မှူးဟာ ဘင်္ဂလားဒေ့ရှ်လေတပ်က အမှုထမ်းဟောင်းဖြစ်ပြီး၊ နာရီပေါင်း ၅ ထောင်ကျော် အတွေ့အကြုံရှိသူဖြစ်သလို၊ ခတ္ထမန္ဒူ လေဆိပ်ကိုလည်း အကြိမ် ၁၀၀ ကျော်ဆင်းဖူးတဲ့ အတွေ့အကြုံရှိတယ်လို့ အဲဒီ US-Bangla လေကြောင်းလိုင်းက ပြောပါတယ်။

ဒါ့အပြင် မီဒီယာတချို့က ပြောနေကြသလို ဒီလေယာဉ်ဟာ ၂၀၁၅ ခုနှစ်က ပြေးလမ်းချော်ဖူးတယ်ဆိုတာလည်း မဟုတ်ဘူး၊ ဒီလေယာဉ်မှာ ဘယ်လို စက်မှုဆိုင်ရာ ချို့ယွင်းချက်မှ မရှိခဲ့ဖူးဘူးလို့ လေကြောင်းလိုင်းက ပြောပါတယ်။

လက်ရှိအချိန်မှာ သုံးသပ်နေတာက လေဆိပ်ဝန်ထမ်းတွေ အချက်ပြမှားယွင်းမှုကြောင့်လား ဆိုတာ သံသယဖြစ်နေတယ်လို့ လေကြောင်းလိုင်းဥက္ကဌ အင်မ်ရန် အဆစ်ဖ်က ပြောပါတယ်။

ခတ္ထမန္ဒူ လေဆိပ် အချက်ပြတာဝါတိုင် ထိန်းချုပ်သူက ပြေးလမ်းအမှတ် ၀၂ ကို ဆင်းနိုင်တယ်လို့ ပြနေချိန်မှာ၊ မြေပြင်ပြေးလမ်းထိမ်းကလည်း အမှတ် ၂၀ ကို ဆင်းနိုင်တယ်လို့ အချက်ပြခဲ့တယ်။ ဒါကြောင့် တာဝါတိုင်ထိမ်းသူနဲ့ မြေပြင်အချက်ပြသူတို့ရဲ့ အမှတ် ၀၂ ပြေးလမ်းနဲ့ အမှတ် ၂၀ ပြေးလမ်းဆိုတဲ့ ကွဲလွဲချက်ကြားမှာ လေယာဉ်မှူးတွေအနေနဲ့ ဒွိဟဖြစ်ခဲ့ရဟန်တူခဲ့ပြီး နောက်ဆုံးမှာတော့ လေယာဉ်ထိ ခိုက် မီးလောင်ရတာဖြစ်မယ်လို့ လတ်တလော သုံးသပ်နေပါတယ်။

လေယာဉ်ပျက်ကျလို့ လေယာဉ်မှူး ၂ ယောက်အပါအဝင်၊ အမှုထမ်းတွေနဲ့ ခရီးသည်တွေ စုစုပေါင်း ၄၉ ယောက် သေဆုံးခဲ့ရပါတယ်။ စုစုပေါင်း ၇၁ ယောက်လိုက်ပါသွားတာဖြစ်လို့ ၂၂ ယောက်ကိုတော့ ကယ်ဆယ်ထားလိုက်နိင်ခဲ့ပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese/