မလေးရှားနိုင်ငံက တောဆင်ရိုင်းတွေကို ပစ်မှတ်ထားသတ်ဖြတ်နေတဲ့လူ လေးဦးကို လက်နက်အမြောက်အများနဲ့ ဖမ်းဆီးမိတယ်လို့ တာဝန်ရှိသူတွေက ပြောကြားလိုက်ပါတယ်။

မလေးရှားနိုင်ငံမြောက်ပိုင်း Perak ပြည်နယ် Gerik မြို့နားမှာ သားရိုင်းခိုးသတ်တဲ့ ဂိုဏ်းကို သမင်ချိုတွေ၊ ကျားရိုးတွေနဲ့ ဖမ်းဆီးမိတာလို့ သားရိုင်းတိရစ္ဆာန်ကာကွယ်စောင့်ရှောက်ရေး အဖွဲ့တာဝန်ရှိသူတွေက ပြောပါတယ်။

ရဲတပ်ဖွဲ့နဲ့ သားရိုင်းတိရစ္ဆာန်ထိန်းသိမ်းရေး ပူးပေါင်းအဖွဲ့က စုံစမ်းစစ်ဆေးရာက ဆင်ခိုးသတ်သူတွေ ပစ်သတ်ပြီး အစွယ်တွေဖြတ်ယူသွားတဲ့ ဆင်သေတကောင်ကိုလည်း အနီးနားက တောအုပ်ထဲမှာ ရှာဖွေတွေ့ရှိရတယ်လို့ဆိုပါတယ်။ ဆင်စွယ်တွေတော့ ရောင်းစားလိုက်ပြီလို့ ယုံကြည်ရတဲ့အကြောင်း သားရိုင်းထိန်းသိမ်းရေး တာဝန်ရှိသူက ပြောပါတယ်။

Kelantan ပြည်နယ်မှာ ဖောက်ခွဲရေးပစ္စည်းတွေ၊ သေနတ်တွေ၊ ဆင်စွယ်အစိတ်အပိုင်းတွေနဲ့အတူ လူ ၇ ဦးပါဝင်တဲ့ သားရိုင်းတိရစ္ဆာန်ခိုးသတ်တဲ့ ဂိုဏ်းကို ဖမ်းဆီးမိပြီး တနှစ်အကြာမှာ နောက်လေးဦးကို ဖမ်းမိတာပါ။

မလေးရှားကျွန်းဆွယ်မှာ ၂၀၁၁ မှာ အာရှတောဆင်ရိုင်းကောင်ရေ ၁၇၀၀ ရှိခဲ့ပြီး ခုဆို ၁၂၀၀ လောက်ပဲရှိပါတော့တယ်။

RFA Burmese
https://www.facebook.com/rfaburmese/