အဝေးသင်ပညာရေးကို တက္ကသိုလ်တိုင်း က စီမံဆောင်ရွက်ရန် စီစဉ်နေ
နေပြည်တော်မှာ ကျင်းပခဲ့တဲ့ ပညာရေး ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေး နှီးနှောဖလှယ်ပွဲမှာ အဝေးသင်ပညာရေး စနစ်ကို ပြင်ဆင်ကြဖို့ သဘောတူလိုက်ကြပါတယ်။

လက်ရှိအဝေးသင်တက္ကသိုလ်တက်တဲ့ ကျောင်းသားတွေအတွက် ရန်ကုန်နဲ့ မန္တလေးတက္ကသိုလ်တွေကသာ အဝေးသင်စာစဉ် Assignment တွေ ပြင်ဆင်ပြီး ကျောင်းသားတွေကိုပေးပို့တာ၊ မေးခွန်းတွေ ထုတ်တာ၊ စာမေးပွဲ စစ်ဆေးတာ စတဲ့ လုပ်ငန်းတွေ ကို လုပ်ကိုင်ပေးနေတာပါ။

အခု နှီးနှောဖလှယ်ပွဲကို တက်ရောက်ခဲ့တဲ့ ပြည်သူ့လွှတ်တော် ပညာရေးကော်မတီ ဥက္ကဌ ဒေါက်တာ တင်အောင် က အခုတော့ မြန်မာပြည်မှာရှိတဲ့ တက္ကသိုလ်နဲ့ ကောလိပ်တိုင်းက အဝေးသင်စာစဉ် Assignment တွေ ပြင်ဆင်တာ၊ မေးခွန်းတွေ ထုတ်တာ၊ ဘွဲ့ပေးတာ စတာတွေကို လုပ်ခွင့်ပေးမယ့် အစီအစဉ် ကို အားလုံးက သဘောတူကြကြောင်း ဘီဘီစီ ကို ပြောပါတယ်။

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က အဝေးသင် ပညာရေးစနစ်ဟာ အလွယ်တကူ ဘွဲ့ရတဲ့စနစ်ဖြစ်နေပြီး၊ တကယ်ပဲ ထိထိရောက်ရောက် ပညာပေးဝေ နိုင်တဲ့ စနစ် မဖြစ်တဲ့အတွက် ထိထိရောက်ရောက် ပညာသင်ပေးနိုင်တဲ့ စနစ်တခုဖြစ်အောင် ကြိုးစားဆောင်ရွက်နေတဲ့ အကြောင်း နှီးနှောဖလှယ်ပွဲမှာ ပြောသွားခဲ့ပါတယ်။

ပညာရေး ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေး နှီးနှောဖလှယ်ပွဲမှာ မြန်မာနိုင်ငံ ပညာရေးကဏ္ဍ ဖွံဖြိုးတိုးတက်ဖို့ အတွက် ကဏ္ဍကြီး ၁၁ ခုကို ဆွေးနွေးခဲ့ကြပြီး အဲဒီကဏ္ဍတွေထဲမှာ အဝေးသင်ပညာရေးစနစ် ကိုပြင်ဆင်ဖို့ အပြင် အခြေခံပညာရေးမှာ သင်ရိုးညွန်းတမ်း ပြင်ဆင်ဖို့တွေလည်း ပါဝင်ပါတယ်။

သင်ရိုးညွန်းတမ်းပြင်ဆင်ရေးနဲ့ပတ်သက်လို့ ၂၀၂၃ ခုနှစ်မှာ KG အပေါင်း ၂ လို့ခေါ်တဲ့ ၁၂ တန်း ပညာရေး ကို လုပ်ဆောင်မှာဖြစ်တဲ့အတွက် ပြောင်းလဲလာမယ့် စနစ်နဲ့ကိုက်ညီအောင် သင်ရိုးညွန်းတမ်းတွေကို ပြင်ဆင်ထားဖို့တွေကိုလည်း တက်ရောက်သူများ က ဆွေးနွေးခဲ့ကြပါတယ်။
ပညာရေးစနစ်ချို့ယွင်းချက်တွေ ပြုပြင်ဖို့ အစိုးရ က ကြိုးပမ်းနေဟုဆို
သင်ရိုးညွန်းတမ်းနဲ့ ပတ်သက်လို့ လက်ရှိမှာ ဒုတိယတန်း သင်ရိုးညွှန်းတမ်း အထိ ပြင်ဆင်ပြီးကြောင်းနဲ့ သင်ရိုးညွှန်းတမ်းက ထိရောက်ပေမယ့် လည်း သင်ကြားရေးအတွက် အထောက်အကူပစ္စည်းတွေ အဆင်မပြေတာတွေ ကြုံနေရသလို၊ ဆရာ၊ ဆရာမတွေကိုလည်း ပြောင်းလဲလာတဲ့ စနစ် နဲ့ အညီ သင်တန်းတွေပေးဖို့ ကိစ္စတွေလည်း ရှိနေပါသေးတယ်။

မူဝါဒပိုင်းချမှတ်မှု တွေကောင်းလာပေမယ့် အကောင်အထည်ဖော်တဲ့အပိုင်းမှာ ချိတ်ဆက်မှု အားနည်းတာတွေကို ပြင်မယ်ဆိုရင်တော့ ဆွေးနွေးပွဲရလဒ် တွေက အကျိုးရှိမယ်လို့ ထင်မြင်တဲ့အကြောင်း ဆွေးနွေးပွဲကို တက်ရောက်ခဲ့တဲ့ မြန်မာနိုင်ငံ ဆရာများ အဖွဲ့ချုပ်က ဒေါက်တာစိုင်းခိုင်မျိုးထွန်းက ဆိုပါတယ်။

NLD အစိုးရ တက်လာပြီးတဲ့ နောက်ပိုင်း ပညာရေး ကဏ္ဍ နဲ့ပတ်သက်လို့ ပြုပြင်ပြောင်းလဲရေးတွေလုပ်ဆောင်ခဲ့သလို၊ အရင်ကထက် ဘတ်ဂျက် အသုံးစရိတ် ပိုမိုချပေးတာတွေ ရှိခဲ့ပါတယ်။

ဒါပေမဲ့လည်း သင်ထောက်ကူပစ္စည်း မပြည့်စုံတာတွေ၊ ဆရာ၊ ဆရာမ အင်အား မလုံလောက်တာ၊ ဆရာ၊ ဆရာမ တွေရဲ့ လူမှုဘဝ လိုအပ်ချက်တွေကို လုံလောက်အောင် မဖြည့်ဆည်းပေးနိုင်တာ၊ ဆရာ၊ ဆရာမတွေရဲ့ စွမ်းဆောင်ရည် မြှင့်တင်ရေးပိုင်းတွေမှာ လိုအပ်ချက် တွေ ရှိနေတာ စတဲ့ အကန့်အသတ် တွေကြောင့် ပညာရေး ကဏ္ဍ နဲ့ ပတ်သက်လို့ သိသိသာသာ ပြောင်းလဲလာတာမျိုး မတွေ့ရသေးဘူး လို့ အများက မြင်ကြပါတယ်။

BBC Burmese
https://www.bbc.com/burmese