(ဓာတ်ပုံ- ရခိုင်ပြည်နယ် ပညာရေးမှူးရုံး)
နိရဉ္စရာ၊ မတ် ၁၁

ရခိုင်ပြည်နယ်မှ စာစစ်ဌာနတချို့တွင် တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုနေကြသည့် ကျောင်းသူ ကျောင်းသားများ၏ အတွင်းခံဘောင်းဘီများကို ချွတ်၍ စစ်ဆေးမှုများ ရှိနေသည့် အပေါ် အုပ်ထိန်းသူ မိဘများ၏ ကန့်ကွက်မှုများ ပေါ်ပေါက်လာသဖြင့် ယင်းသို့ စစ်ဆေးမှုကို ဆက်လက် ပြုလုပ်သွားတော့မည် မဟုတ်ကြောင်း သတင်းရရှိသည်။

“မနေ့ကတော့ စာမေးပွဲ ကြီးကြပ် ရေးမှူးတွေနဲ့ အစည်းအဝေး လုပ်ပြီးပါပြီ။ သက်သက်ညှာညှာ ကိုင်တွယ်ဖို့ ညွှန်ကြားထားပါတယ်။ စစ်ဆေးတဲ့အခါမှာ အပြင်ပိုင်းကိုပဲ စစ်ဆေးဖို့ရယ်၊ တစ်ခု ရှိတာက တကယ်လို့ အခန်းထဲမှာ ခိုးချတာတွေတွေ့ခဲ့ရင်တော့ စာမေးပွဲ စည်းကမ်း ဥပဒေအရ ထုတ်ပယ်ရပါလိမ့်မယ်”ဟု ပ်ြည်နယ် လက်ထောက် ပညာရေးမှူး ဦးစိန်ထွန်းလှက နိရဉ္စရာသတင်းဌာနသို့ ပြောသည်။

ဆယ်တန်း စာမေးပွဲကို မတ်လ ၇ ရက်နေ့မှ စတင်၍ ပြုလုပ်လျက်ရှိရာ ရခိုင်ပြည်နယ်ရှိ တချို့စာစစ်ဌာနများ၌ ခိုးချ ဖြေဆိုမှုများ မရှိစေရန်အတွက် ဆရာဆရာမများက စာမေးပွဲဖြေဆိုမည့် ကျောင်းသူ ကျောင်းသားများ၏ အတွင်းခံ ဘောင်းဘီများအား ချွတ်၍ စစ်ဆေးမှုများရှိနေကြောင်း သိရှိရသည်။

ယင်းသို့ အတွင်းခံဘောင်းဘီကိုချွတ်၍ စစ်ဆေးနေမှုနှင့် ပတ်သက်၍ ကျေနပ်မှု မရှိသည့် မိဘ အုပ်ထိန်းသူများက ရခိုင်ပြည်နယ်အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဒေါက်တာချမ်းသာထံသို့ တိုင်ကြားမှုများလည်း ရှိနေသည်ဟု သတင်းများရရှိသည်။

“ ခုလိုမျိုး စစ်ဆေးမှုများရှိနေတယ်ဆိုတာ မှန်ကန်ပါတယ်။ အတွင်းခံဘောင်းဘီကို ချွတ်၍ စစ်ဆေးရတာက ခိုးချရန်စာရွက်စာတမ်း ယူဆောင်လာတဲ့ ကျောင်းသူ ကျောင်းသားတွေကို စာမေးပွဲခန်းထဲကနေ မထုတ်ပယ်လိုတဲ့ အတွက် ကြိုတင် တားမြစ်လိုတဲ့ အတွက် ပြုလုပ်ရခြင်း ဖြစ်ပါတယ်” ဟု ရခိုင်ပြည်နယ် လက်ထောက်ပညာရေးမှူးက ပြောဆိုသည်။

အတွင်းခံ ဘောင်းဘီများကို ချွတ်၍ စစ်ဆေးခြင်းကို မပြုလုပ်တော့သော်လည်း စာမေးပွဲ ဖြေဆိုနေချိန်တွင် ခိုးချရန် စာရွက်စာတမ်းများကို တွေ့ရှိပါက လုံးဝငဲ့ညှာမှုမရှိဘဲ ထုတ်ပယ်မည်ဖြစ်ကြောင်း၊ ထုတ်ပယ်သည့်နေရာ၌လည်း ကာယကံရှင်၏ ပြစ်မှု အပေါ်တွင်မူတည်ပြီး ၂နှစ်မှ ၃ နှစ်အထိနှင့် နှစ်အကန့်အသတ်မရှိ ထုတ်ပယ်သွားမည် ဖြစ်ကြောင်း သူက ပြောဆိုသည်။

“ကလေးတွေမှာ ခိုးချစာရွက်စာတမ်းတွေ ပါလာကြတယ်။ မင်းဂံ အထက ကျောင်းဆိုရင် နှစ်ကျသမားတွေများတယ်လေ။ ယောက်ျားလေးတွေဆိုရင် အတွင်းခံ ဘောင်ဘီ ၂ ထပ်၊ ၃ ထပ် ၀တ်လာကြတယ်။ မိန်းကလေးတွေဆိုရင်လည်း ခိုးချစာရွက်တွေကို ဂွမ်းထုပ်ထဲမှာ ထည့်လာတယ်။ အတွင်းခံ အင်္ကျီတွေထဲမှာ ထည့်လာကြတယ်။ ဆရာမတွေ စမ်းကြည့်ရင် တွေ့တယ်၊ ထုတ်ပေးဆိုရင် မထုတ်ပေးကြဘူး။ စစ်ဆေးပြီးရင်တော့ ဘောင်းဘီတွေကို ပြန်ဝတ်ခိုင်းပါတယ်”ဟု လက်ထောက်ပညာရေးမှူးက ပြောသည်။

ရခိုင်ပြည်နယ်၌ တက္ကသိုလ်ဝင်တန်း အောင်ချက်မြင့်မားရေးအတွက် အကောင်အထည်ဖော်နေပြီး ခိုးချမှုများ မဖြစ်ပေါ်ရအောင် ယင်းသို့ ကြပ်ကြပ်မတ်မတ် စိစစ်ဆောင်ရွက်နေရခြင်းဖြစ်သည်ဟု သိရသည်။

“တစ်ချို့က အတွင်းခံဘောင်းဘီ လုံးဝ ၀တ်မလာပေမယ့် ခိုးချစာရွက်တွေကို ပေါင်ပေါ် အသားမှာ တိတ်သားတွေနဲ့ ကပ်ထားကြတယ်။ တစ်ချို့ကျောင်းသားတွေမှာဆိုရင် လုံချီထဲမှာ အိတ်ကလေးတွေ လုပ်ပေးပြီး ထည့်လာတာတွေ တွေ့ရပါတယ်။ ကျောင်းသားကျောင်းသူတွေကို မေးကြည့်တဲ့အခါ မိဘအုပ်ထိန်းသူတွေကိုယ်တိုင် ထည့်ပေးလိုက်ကြတယ်လို့ ဖြေကြပါတယ်”ဟု ရခိုင်ပြည်နယ် လက်ထောက်ပညာရေးမှူးက ပြောကြားသည်။

စံမောင်သန်း၊ စစ်တွေ
Narinjara
https://www.facebook.com/Narinjara