ပဲခူးတိုင်း ၊ ပြည်ခရိုင် ၊ သဲကုန်းမြို့နယ် ၊ ကန့်လန့်ကုန်းအုပ်စု ၊ ဖံလန်တောင်ဝှေးကျေးရွာတွင်ရှိသည့် မြောက်ကျောင်းဘုန်းတော်ကြီးကျောင်းတွင် ကျွန်းသားဖြင့်ပြုလုပ်ထားသည့် ဘုရားဆင်းတုတော်များကို စက်တင်ဘာလ ၁၂ ရက်နေ့မနက် ၁နာရီခန့်ကခိုးယူခဲ့ကြပြီး ခိုးယူသူများအား ပုတီးကုန်းနယ်မြေရဲစခန်းမှချက်ချင်းဖမ်းဆီးရမိခဲ့ကြောင်းသိရသည်။

ဖြစ်စဉ်မှာ သဲကုန်းမြို့နယ် ၊ ကန့်လန့်ကုန်းအုပ်စု ၊ ဖံလန်တောင်ဝှေးကျေးရွာရှိ မြောက်ကျောင်းဘုန်းတော်ကြီးကျောင်းတွင်ကိုးကွယ်လျှက်ရှိသော ကျွန်သားဖြင့်ပြုလုပ်ထားသည့် မတ်တပ်ကိုယ်တော် ဥာဏ်တော်အမြင့် ၅၉ လက်မရှိသောဘုရားဆင်းတုတော် ၁ ဆူ နှင့် ဥာဏ်တော်အမြင့် ၇ လက်မခန့်ရှိသော ရဟန္တာဆင်းတုတော် ၅ ဆူ တို့ပျောက်ဆုံးလျက်ရှိကြောင်း နှင့် မင်္သကာဖွယ်ယာဉ်တစ်စီးအားတွေ့ရှိကြောင်းသတင်းပေးပို့ချက်အရ ပုတီးကုန်းနယ်မြေရဲစခန်းမှ စခန်းမှုး ရဲအုပ်လှဝင်းနှင့်အဖွဲ့က လိုက်လံစုံစမ်းရာ ဦးသောဘိတ (လူအမည်) ရွှေတိုး အသက် ၅၈ နှစ် ၂၁ ဝါ ဘ ဦးစိုးရွှေ သာသနာဝင်အမှတ် ဝဝ၃၄၀၄ ရွှေကွန်ချာ ဓမ္မရက္ခိတကျောင်း နန်းတော်ရာကျေးရွာမှန်တန်းရပ်အား MDY 3K - 7264 နံပါတ်ပါ အော်တဆီအဖြူရောင်ယာဉ်နှင့်အတူတွေ့ရှိရပြီး ယာဉ်အားစစ်ဆေးရှာဖွေရာကျောင်းမှပျောက်ဆုံးသွားသည့် ရဟန္တာ ဆင်းတုတော် ၅ဆူအား ကားနောက်ဖက်အံဝှက်အတွင်း၌လည်းကောင်း ၊ ဦးသောဘိတတို့အဖွဲ့ခိုးယူဝှက်ထားသည့်မတ်တပ်ကိုယ်တော်အား ကျောင်းအရှေ့ဘက်ဝါးရုံတောထဲတွင်ဝှက်လျက်လည်းကောင်းတွေ့ရှိခဲ့ရပြီး ဦးသောဘိတ နှင့် အတူလာရောက်သူများဖြစ်ကြသော ဇဝန (ခ) ဇော်မိုး ၃၃ နှစ် ဝါတော် ၃လ အဘဦးငွေ ရွှေကွန်ချာဓမ္မရက္ခိ ငွေတော်ကြည်ကုန်း ဇာတိ - နွားနို့စု အမရပူရ မန္တလေးတိုင်းဒေသကြီး နှင့် ယာဉ်မောင်း အောင်ကိုဦး (ခ) ကိုရီးယား ၄၈ နှစ် အဘဦးလှကို တံခွန်တိုင် မြောက်ဥယျာဉ်ရပ် ၊ ပြည်ကြီးတံခွန်မြို့နယ် ၊ မန္တလေးတိုင်းဒေသကြီး နေသူတို့မှာ ထွက်ပြေးသွား၍ လိုက်လံရှာဖွေခဲ့ရာ ၀၈၃၀ အချိန်တွင်ပုတီးကုန်းလမ်းပေါ်တွင်တွေ့ရှိခဲ့ကြောင်းသိရသည်။

ဥူးသောဘိတ (ခ) ရွှေကို နှင့် ဇဝန (ခ) ဇော်မိုး တို့အား စက်တင်ဘာ ၁၂ ရက်နေ့နံနက် ၉ နာရီခွဲအချိန်တွင် ပုတီးကုန်းမြို့ ၊ ချမ်းမြေ့သာယာရပ်ကွက် ၊ ရွှေပြည်အေးလမ်းရှိ အေးရိပ်သာကျောင်းတိုက်ဆရာတော် ဥူးသုမန ထံအပ်နှံ၍ သင်္ကန်းချွတ်လူဝတ်လဲခဲ့ကာ ပြစ်မှု့ကျူးလွန်သူ ၃ ဦးအား ပုတီးနယ်မြေရဲစခန်းမှ စစ်ဆေးအရေးယူလျက်ရှိကြောင်းသိရသည်။

လပြည့် (ပြည်)
ပြည်သတင်းစဉ်
https://www.facebook.com/pyaynewspaper/