ကလေးသူခိုးလို့ ယူဆပြီး ၀ိုင်းဝန်းရိုက်နှက် မီးရှို့သတ်ဖြတ်ခံရသူမှာ ကလေးသူခိုး လုံးဝမဟုတ်တာကို စိစစ်ပေါ်ပေါက်ခဲ့တယ်လို့ မုံရွာခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး သန်းဝင်းက စက်တင်ဘာလ(၁၂)ရက်မှာ အတည်ပြု ပြောကြားပါတယ်။

အခင်းဖြစ်အရပ်ကိုသွားပြီး မြေပုံထုတ် သက်သေတွေစနစ်တကျစစ်ဆေးကာ ပတ်ဝန်းကျင်အားလုံးကို သေချာလေ့လာသုံးသပ်စိစစ်ဖော်ထုတ်ခဲ့တာလို့ ဆိုပါတယ်။ ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး စက်တင်ဘာလ (၁၂)ရက်မှာပဲ မြင်းမူဘက် ကနေ စိတ်မနှံ့တဲ့ လူတစ်ဦး အခင်းဖြစ်တဲ့နေ့က ပျောက်သွားတယ် ဆိုတဲ့ သတင်းတွေ ရနေပြီး သက်ဆိုင်သူမိသားစုတွေနဲ့ စိစစ် အတည်ပြု နိုင်ရေးကို ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။

လက်ရှိမှာ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး စွပ်စွဲခံထားရသူ (၄)ဦးကို ချောင်းဦးမြို့မရဲစခန်းမှာ ခေါ်ယူစစ်ဆေးနေတယ်လို့ သိရပါတယ်။ ဒီဖြစ်စဉ်ဟာ ကောလာဟလတွေကြောင့် လူတွေဟာ အလန့်တကြားဖြစ်ပြီး လူစိမ်းတွေ့တာနဲ့ လိုက်ဆိုတာမျိုးတွေ ဖြစ်နေတယ်လို့ ဒုတိယရဲမှူးကြီး သန်းဝင်းက ဆိုပါတယ်။

 စက်တင်ဘာလ(၁၁)ရက် ည(၇)နာရီကျော် လောက်က မုံရွာခရိုင် ချောင်းဦးမြို့နယ် မင်းတည်ရွာမှာ အသက်(၁၆)နှစ်အရွယ် မိန်းကလေးတစ်ဦးဟာ သူ့ရဲ့နေအိမ်ပေ(၃၀) လောက်က ထန်းပင်နားမှာ လူတစ်ဦးကို တွေ့ကာ ကြောက်လန့်တကြားဖြစ်ခဲ့တာကြောင့် မိခင်ကလည်း လူစိမ်းဆိုပြီး အော်ဟစ်အကူအညီတောင်းခဲ့တာလို့ ဆိုပါတယ်။ ဒါကို အနားက လူတွေက ကလေးသူခိုးဆိုပြီး ၀ိုင်းရိုက်တာကြောင့် သေဆုံးသွား ခဲ့တာဖြစ်ပါတယ်။ သေဆုံးသူကိုလည်း သင်္ချိုင်းမှာ မီးရှို့သင်္ဂြိုလ် ခဲ့တာဖြစ်ပါတယ်။

 အခင်းဖြစ်ပြီးနောက်တစ်နေ့မှာပဲ တိုင်းဒေသကြီး ၀န်ကြီးချုပ် ဒေါက်တာမြင့်နိုင်နဲ့ နယ်လုံဝန်ကြီးတို့ လာရောက်ကြည့်ရှု ခဲ့တယ်လို့ သိရပါတယ်။ ဒီဖြစ်စဉ်ဟာ ပယောဂတစ်ခုခုကြောင့်ဖြစ်နိုင်ပြီး သေချာစိစစ်ဖော်ထုတ်ဖို့ ၀န်ကြီးချုပ် ဒေါက်တာမြင့်နိုင်က ညွှန်ကြားထားပါတယ်။

သတင်း - မျိုးဝင်းထွန်း (မုံရွာ)
(5 Plus News)
https://www.facebook.com/5plusnews