ထီးချိုင့်မြို့နယ်မှာ အလယ်တောရွာမှာ သိမ်းဆည်းရမိတဲ့ လက်လုပ်အသံမိုင်း ၆ လုံး တွေ့ရစဉ်/ ဓါတ်ပုံ - ရဲဇာနည် ဖေ့စ်ဘွတ်
စစ်ကိုင်းတိုင်းဒေသကြီး၊ ထီးချိုင့်မြို့နယ်၊ အလယ်တောရွာမှာရှိတဲ့ ဆယ်တန်းဘော်ဒါဆောင်တစ်ခုမှာ မနေ့က လက်လုပ်မိုင်း ၁ လုံးပေါက်ကွဲခဲ့ကာ မပေါက်ကွဲသေးတဲ့ လက်လုပ်မိုင်း ၆ လုံးကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။

သံသယရှိတဲ့သူကို ရဲစခန်းချင်း ချိတ်ဆက်ဆောင်ရွက်ပြီး ဖမ်းဆီးကာ စစ်ဆေးတဲ့အခါ သူလုပ်တာဟုတ်မှန်ကြောင်း ၀န်ခံခဲ့တယ်လို့ အလယ်တောရဲကင်းမှူး ရဲအုပ်ဗိုဗိုဟန် က ပြောပါတယ်။

" ၃ လုံးကို ကျွန်တော်တို့က တပ်နဲ့ BE တွေနဲ့ ဖျက်ဆီးပစ်တာပေါ့နော်၊ အဲထဲမှာကျောင်းသားတွေ ဘာတွေရှိတော့ အဲမှာအန္တရာယ်ရှိမှာစိုးလို့ အန္တရာယ်ကင်းတဲ့နေရာမှာ ရှင်းတဲ့အချိန်ကျမှ ဆရာမက တခါ ဆိုင်ကယ်နဲ့ ပြေးလာပြီးတော့ နောက်ထပ်တစ်လုံးလည်း ထပ်တွေ့တယ်ဆိုလို့ သွားကြည့်လိုက်တာ၊ ကြည့်တဲ့ အချိန်ကျမှ အဲထဲကနေပြီးတော့ ဖောင်းဆိုပြီးတော့ အသံကြားလိုက်တာပေါ့၊ ကျနော်တို့ တရားခံလည်းရတယ်လေ၊ ဘော်ဒါဆောင်ဆရာမကို မေးမြန်းကြည့်တော့ သူ့ဆီကို Message နဲ့ ခြိမ်းခြောက်တာရှိတယ်ပေါ့နော်၊ သူနဲ့ လူမှုရေးပတ်သက်မှုရှိတဲ့တစ်ယောက်က ဒုက္ခပေးမယ်ဆိုပြီး ခြိမ်းခြောက်ထားတာရှိတယ်ပေါ့နော်၊ အဲတော့ ခြိမ်းခြောက်ထားတဲ့ ဖုန်းနံပါတ်ရယ်၊ Message ရယ်၊ အဲလူကိုသိလား၊ သိတယ်ဆိုတာနဲ့ ရွှေဘိုဘက်လို့သိတော့ ရွှေဘိုရဲစခန်းချင်းချိတ်ဆက်ပြီး ဖမ်းခိုင်းလိုက်ပြီး အခုထီးချိုင့်ကိုခေါ်လာလိုက်ပြီ၊ သူ့ကိုစစ်ဆေးကြည့်တော့ သူလည်းဝန်ခံပါတယ်၊ သူလုပ်ထားတာပါတဲ့၊ ခြောက်လှန့်ရုံပဲလုပ်တာပါတဲ့။"

မနေ့မနက်ပိုင်းက အလယ်တောရွာက 'ဖူးပွင့်ဝေဆာ' ဆိုတဲ့ ဘော်ဒါဆောင်ပိုင်ရှင်ဟာ ခြံဝန်းထဲမှာ မသင်္ကာစရာ တွေတွေ့ရတယ်ဆိုပြီး ဆက်သွယ်ပြောဆိုတာကြောင့် သွားရောက်ကြည့်ရှုတဲ့အခါမှာ မိုင်းလို့ ယူဆရတဲ့အရာတွေကိုတွေ့ရတဲ့အတွက် မိုင်းနဲ့ပတ်သက်ပြီး ကျွမ်းကျင်တဲ့ တပ်ဘက်က တာဝန်ရှိသူတွေကို ခေါ်ယူရှင်းလင်း နေချိန်မှာ မိုင်းတစ်လုံး ပေါက်ကွဲခဲ့တာဖြစ်ပါတယ်။

အနီးတ၀ိုက်ကို ထပ်မံရှာဖွေရာမှာ နောက်ထပ် ၃ လုံးထပ်တွေ့ခဲ့တာကြောင့် ပေါက်ကွဲခဲ့တဲ့ ၁ လုံး အပါအ၀င် စုစုပေါင်း ၇ လုံးကို တွေ့ရှိခဲ့တာဖြစ်တယ်လို့ ရဲအုပ်ဗိုဗိုဟန် က ပြောပါတယ်။

ကျူးလွန်သူကို ပေါက်ကွဲစေတတ်သော အရာဝတ္ထုများအက်ဥပဒေပုဒ်မ ၃ နဲ့ အမှုဖွင့်အရေးယူထားပါတယ်။

လက်လုပ်မိုင်းတွေကို ခြံဝင်းထဲက ကျောက်ခဲပုံထားတဲ့နေရာ၊ တိုင်ခြေ၊ ထရံဘေးနေရာ၊ သောက်ရေအိုး၊ ဆိုင်ကယ် စတဲ့နေရာတွေမှာ တွေ့ရှိရတာဖြစ်တယ်လို့ သိရပါတယ်။

RFA Burmese
https://www.rfa.org/burmese