ဘီလီယံနာ သူဌေးကြီး Elon Musk ကို ဂုဏ်ပြုတဲ့အနေနဲ့ ရှရှား ကုမ္ပဏီတစ်ခုက ပြုလုပ်လိုက်တဲ့ တန်ဖိုးကြီး iPhone ဟာ တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၄၈၀၀ (မြန်မာငွေ သိန်း ၆၀ ကျော်) လောက်ရှိတယ်လို့ ဆိုပါတယ်။ ရွှေသားနဲ့ ပြုလုပ်ထားတဲ့ ဒီဖုန်းဟာ သူဌေးကြီး Elon Musk၊ Steve Jobs နဲ့ Nikola Telsa တို့ကို ရည်ရွယ်ပြီး ထုတ်လုပ်ထားတာဖြစ်ပါတယ်။ ဒီဖုန်းမှာတော့ ဖုန်းရဲ့ ဘတ်ထရီကို အလိုအလျောက် ပြန်လည်ဖြည့်သွင်းပေးနိုင်မယ့် ဆိုလာပြားတစ်ပြား ပါရှိမှာ ဖြစ်ပါတယ်။

ဒီဖုန်းကို ဗားရှင်းနှစ်မျိုးနဲ့ ထုတ်လုပ်ထားတာဖြစ်ပြီး ပထမဗားရှင်းကတော့ မန်မိုရီ ၆၄ ဂစ်ဂါဘိုက် ပါဝင်ပြီး ဒေါ်လာ ၄၆၀၀ ကျသင့်မှာ ဖြစ်ပါတယ်။ ဒုတိယ ဗားရှင်းမှာတော့ မန်မိုရီ ၂၅၆ ဂစ်ဂါဘိုက်ပါဝင်မှာဖြစ်ပြီး ဒေါ်လာ ၄၈၃၀ ကျသင့်မှာပဲ ဖြစ်ပါတယ်။ ဒီဖုန်းမှာ ‘ကမ္ဘာပေါ်က လူသားတွေအားဖြင့် ပြုလုပ်ထားသည်’ ဆိုတဲ့ စာတန်းကလေးကို ထည့်သွင်းပြုလုပ်ထားပြီး ဒီလို စာတန်းကလေး ထည့်သွင်းထားတာဟာ သူဌေးကြီး Elon Musk က အာကာသထဲကို လွှတ်တင်ခဲ့တဲ့ Falcon Heavy ဒုံးပျံမှာ ရေးသားထားတဲ့ ပုံစံအတိုင်း ရေးသားခဲ့တာဖြစ်ပါတယ်။

အခုအခါမှာတော့ ဒီဟန်းဆက်ကို ၀ယ်ယူဖို့ ကြိုတင်မှာယူမှုပေါင်း ၁၀၀၀ နီးပါးလောက်ရှိနေပြီဖြစ်တယ်လို့ ဒီဖုန်းကို ဖန်တီးခဲ့တဲ့ Caviar ကုမ္ပဏီက ဆိုပါတယ်။ မော်စကိုမြို့အခြေစိုက် Caviar ကုမ္ပဏီဟာ တန်ဖိုးကြီးမြင့်တဲ့ ဖုန်းအပိုပစ္စည်းတွေကို ဖန်တီးတဲ့ နေရာမှာ နာမည်ကျော်ကြားတဲ့ ကုမ္ပဏီတစ်ခု ဖြစ်ပါတယ်။ တခြားဖုန်းအပိုပစ္စည်းထုတ်လုပ်တဲ့ ကုမ္ပဏီတွေနဲ့ သူတို့ကုမ္ပဏီရဲ့ ကွာခြားချက်ကတော့ သူတို့ကုမ္ပဏီကထုတ်တဲ့ ဖုန်းအပိုပစ္စည်းတွေဟာ တခြားပစ္စည်းတွေလို ဖုန်းကနေ ဖြုတ်ထုတ်လိုက်လို့မရဘဲ ဖုန်းနဲ့ အသေချိတ်ဆက်ထားတာပဲ ဖြစ်ပါတယ်။

ဒီဖုန်းကို Gold Telsa iPhone X လို့အမည်ပေးရတဲ့အကြောင်းကတော့ Telsa ကုမ္ပဏီရဲ့ CEO ဖြစ်သူ သူဌေးကြီး Elon Mush ရဲ့ သန့်စင်တဲ့ စွမ်းအင်ကို ထုတ်လုပ်ဖို့ ကြိုးပမ်းမှုတွေကို ဂုဏ်ပြုတဲ့အနေနဲ့ ဒီလိုနာမည်ပေးခဲ့တာလို့ ဆိုပါတယ်။ Caviar ကုမ္ပဏီက ထုတ်တဲ့ ဒီဖုန်းဟာ ဆိုလာ ဘတ်ထရီကို အသုံးပြုထားပြီး ဖုန်းရဲ့ အနောက်ဖက်မှာ ဆိုလာပြားတစ်ပြားကိုပါ ထည့်သွင်းပြုလုပ်ထားတာဖြစ်တဲ့အတွက် နေရောင်ခြည်ကနေ ပြန်လည် အားသွင်းနိုင်မှာ ဖြစ်ပါတယ်။ ဆိုလာပြား ရှော့ခ်ဖြစ်ခြင်းကိုလည်း ကာကွယ်ပေးထားပြီး အားသွင်းနေတဲ့ အချိန်မှာ ဘက်ထရီအချက်ပြမီး လင်းနေမှာ ဖြစ်ပါတယ်။

ပုံမှန် iPhone တစ်လုံးရဲ့ အထူဟာ ၀.၂ လက်မသာ ရှိပြီး ဒီဖုန်းရဲ့အထူကတော့ ၀.၆ လက်မရှိတာကြောင့် ဒီဖုန်းဟာ ပုံမှန်အိုင်ဖုန်းတစ်လုံးထက် သိသိသာသာ ထူသွားမှာဖြစ်ပါတယ်။ ဒီဖုန်းကို အာကာသယဉ်မှူးတွေ၊ စွန့်ဦးတီထွင်သူတွေနဲ့ စူစမ်းရှာဖွေမှုတွေကို ပြုလုပ်နေတဲ့ လူတွေအသုံးပြုနိုင်စေဖို့ ရည်ရွယ်ပါတယ်လို့ Caviar ကုမ္ပဏီက ဆိုပါတယ်။ ဒီဖုန်းဟာ နေရောင်ခြည်ကနေ အားပြန်လည်သွင်းနိုင်တာကြောင့် အသန့်ရှင်းဆုံး စွမ်းအင်ကို ရယူသုံးစွဲတဲ့ ဖုန်းတစ်လုံးလည်း ဖြစ်တယ်လို့ ဆိုပါတယ်။

REF_