BRT ယာဉ်မောင်းများကို အချိန်ပိုကြေး ပေးချေရာတွင် ရာခိုင်နှုန်းဖြင့် ပေးချေမည့် အပေါ် ယာဉ်မောင်းများမှ မကျေနပ်သဖြင့် ဇန်န၀ါရီ ၁၀ ရက်တွင် ယာဉ်မောင်းများ၊ ယာဉ်လိုင်းတာဝန်ရှိသူများနှင့် မြို့နယ်အလုပ်သမား ညှိနှိုင်းဖျန်ဖြေရေး တာဝန်ရှိသူမျာသည် မင်္ဂလာဒုံမြို့နယ် အထွေထွေအုပ်ချုပ် ရေးမှူးရုံးတွင် သုံးပွင့်ဆိုင်တွေ့ဆုံညှိနှိုင်းမှု ပြုလုပ်ခဲ့သည်။

BRT ယာဉ်မောင်းများအား မူလက အခြေခံလစာသုံးသိန်း၊ တစ်နေ့အလုပ်ချိန် ရှစ်နာရီကျော်လွန်ပါက အချိန်ပိုကြေးကို ပြေးဆွဲသည့် ခေါက်ရေပေါ်မူတည်၍ ပေးချေခဲ့သော်လည်း ဒီဇင်ဘာ ၂၇ ရက်မှစ၍ အချိန်ပိုကြေး အားခေါက်ရေဖြင့် ပေးချေခြင်းပြုမည် မဟုတ်ဘဲ အချိန်ပိုပြေးဆွဲရာတွင် ရရှိသည့် ၀င်ငွေ၏ ခြောက်ရာခိုင်နှုန်း ပေးချေမည်ဟုပြောင်းလဲ သတ်မှတ်ခဲ့သည်။ ထိုသို့ ပြောင်းလဲ သတ်မှတ်ခဲ့ခြင်းအပေါ် BRT ယာဉ်မောင်း ၆၀ မှ ကျေနပ်ခြင်းမရှိသဖြင့် မင်္ဂလာဒုံမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးတွင် ညှိနှိုင်းမှုပြုလုပ်ခြင်း ဖြစ်ကြောင်း သိရသည်။

“ကျွန်တော်တို့က ပထမက O.T ဆိုပြီး သတ်သတ်မှတ်မှတ် ပေးထားတယ်။ တစ်ခေါက်မောင်းရင် အသွားအပြန် သုံးနာရီခွဲကြာတယ်။ နှစ်ခေါက်ဆို ခုနစ်နာရီကြာတယ်။ သုံးခေါက်မောင်းရင်အိုတီ ၆၅၀၀ ရတယ်။  နှစ်နာရီခွဲသတ်မှတ်တဲ့ လိုင်းဆိုရင်လည်း O.T ငါးထောင်ပေးတယ်။ ပုံသေသတ်မှတ်လို့ ရတယ်လေ။ တစ်ရက်မှာ နှစ်ခေါက်မောင်း ရင်တစ်ပြားမှမရဘူး။ သုံးခေါက်မောင်းရင် ၅၀၀၀ နဲ့ ၆၅၀၀ ရမယ်။ အခုကျတော့ O.T ခံစားခွင့်မပေးတော့ဘဲ O.T ချိန်မှာရတဲ့ ၀င်ငွေရဲ့ ခြောက်ရာခိုင် နှုန်းပဲပေးတော့မယ်ဆိုတော့ အဲဒီပိုက်ဆံက နည်းလားများလား မသိရဘူး။ တစ်ခေါက်ပြေးဆွဲ ပိုက်ဆံ ဘယ်လောက်ရလဲမသိရဘူး။ သူတို့က ပိုက်ဆံပုံးကို သော့နဲ့ခတ်ထားတာဆိုတော့ မသိရဘူးလေ။အဲဒီတော့ ကျွန်တော်တို့က အဲဒီစနစ်ကို မကျေနပ်လို့ ညှိနှိုင်းမှုတွေလုပ်တာပါ” ဟု BRT ယာဉ်မောင်းတစ်ဦးက ဆိုသည်။

အဆိုပါ ညှိနှိုင်းမှုပြုလုပ်ရာတွင် BRT ယာဉ်မောင်းများအား လစာကျပ်သုံးသိန်း အပြင်လာမည့်ဖေဖော်ဝါရီ ၁ ရက်မှစ၍ ၃၁ ရက်အထိ အချိန်ပိုကြေးကို ရာခိုင်နှုန်းဖြင့် ပေးချေခြင်းအပေါ် ယာဉ်မောင်းများဘက်မှ သဘောတူညီခဲ့ပြီး ယင်းလအတွင်း မူလက ရရှိသည့် အချိန်ပိုကြေးဝင်ငွေထက် လျော့နည်းပါက ထပ်မံညှိနှိုင်းမှုများ ပြုလုပ်မည်ဟု သိရသည်။                           