မိုဘိုင်းဖုန်းတွေ အလွန်အကျွံ ခေတ်စားလာတာနဲ့အတူ ဂိမ်းလောကဟာလည်း တစ်ဆစ်ချိုး ပြောင်းလဲသွားပါတယ်။ ဗီဒီယို ဂိမ်းတွေ၊ ပီစီဂိမ်းတွေကို ကျော်ပြီး သိသိသာသာ လွှမ်းမိုးလာခဲ့တာက မိုဘိုင်းဂိမ်းတွေပဲ ဖြစ်ပါတယ်။

မိုဘိုင်းဂိမ်းတွေ သိသိသာသာ ခေတ်စားလာတာနဲ့အတူ အရင်ကလူစည်ကားခဲ့တဲ့ Play Station ဂိမ်းဆိုင်တွေ၊ ကွန်ပျူတာဂိမ်းဆိုင်တွေ ဟာလည်း ကျဲပါးသွားပါတော့တယ်။ တကယ်တမ်း ကစားတဲ့အခါ ခံစားမှုကွာ ခြားတယ်ဆိုရင်တောင် အစားထိုးနေရာယူ သွားတာကိုတော့ မငြင်းနိုင်ခဲ့ပါဘူး။

မိုဘိုင်းဂိမ်းတွေက စုံလင်လွန်းပြီး အုတ်စီတဲ့ဂိမ်း၊ အရုပ်ဆက်တဲ့ ဂိမ်းကအစ၊ စစ်တုရင်ထိုးတာ၊ ဖဲကစားတာ၊ ကားမောင်း၊ ဆိုင်ကယ်မောင်းတာအလယ်၊ The Walking Dead, Game of Thrones အဆုံးရှိနေတာ ဖြစ်ပါတယ်။

VR , AR  စတဲ့ အထောက်အကူ ပစ္စည်းတွေနဲ့ အထောက်အပံ့ နည်းပညာတွေကလည်း မိုဘိုင်းဂိမ်းတွေကို ဆွဲဆောင်မှု ထပ်မံမြင့်တက်လာအောင် လုပ်ဆောင်ပေးမှာဖြစ်ပြီး ဈေးနှုန်းချိုချိုသာသာနဲ့ စမတ်ဖုန်းတွေ စွမ်းဆောင်ရည်ဆက် တိုက်မြင့်တက်နေတာက မိုဘိုင်းဂိမ်းတွေအတွက် လမ်းခင်းပေးသလိုဖြစ်လာစေမှာ ပဲဖြစ်ပါတယ်။              

မိုဘိုင်းဂိမ်းလို့ဆိုလိုက်ရင် အရင်ဦးဆုံး သတိရမိတာ Angry Birds ဂိမ်းတွေကိုဖြစ်ပြီး Touchscreen နဲ့ Android တို့ iOS တို့ ခေတ်စားလာချိန်မှာ တော်တော်လေးလူကြိုက် များခဲ့ပါတယ်။ သူက ၂၀၀၉ ခုနှစ်လောက်မှ စပေါ်လာတာ ဖြစ်ပါတယ်။ နောက်ပိုင်းမှာ Plants Vs. Zombies, Asphalt, My Country တို့လို ဂိမ်းတွေကိုလည်း မှတ်မှတ်ရရ ရှိနေမိတယ်။

လူတွေကြားထဲမှာတော့ Candy Crush, Clash of Clans, Fruit Ninja, Subway Surfers, Temple Run  စတဲ့ မိုဘိုင်းဂိမ်းတွေဟာလည်း တော်တော် ရေပန်းစားခဲ့ပါတယ်။

၂၀၁၆ ရဲ့ဂိမ်းဈေးကွက်မှာ စမတ်ဖုန်းနဲ့ ဂိမ်းကစားတာဟာ Console ဂိမ်းလို့ခေါ်တဲ့ ဗီဒီယိုဂိမ်းကစားတဲ့ ပမာဏ၊ ကွန်ပျူတာဂိမ်းကစားတဲ့ ပမာဏတွေနဲ့ ဆတူနီးပါးဖြစ်လာပြီး နောင်လာမယ့် နှစ်တွေမှာဆိုရင် စမတ်ဖုန်းနဲ့ ဂိမ်းကစားသူအရေအတွက်ဟာ ကျော်ဖြတ်သာလွန်သွားဖို့ ရှိနေပါတယ်။

လက်ရှိ ဂိမ်းကစားတဲ့ပုံစံကို ကြည့်မယ်ဆိုရင် စမတ်ဖုန်းဂိမ်းတွေက ၂၇ ရာခိုင်နှုန်း၊ ပီစီဂိမ်းတွေက ၂၇ ရာခိုင်နှုန်း၊ Console ဂိမ်းတွေက ၂၉ ရာခိုင်နှုန်း ဖြစ်ပါတယ်။ တက်ဘလက်နဲ့ ဂိမ်းကစားတာက ၁၀ ရာခိုင်နှုန်းလောက် ဖြစ်ပါတယ်။ ၂၀၁၆ ရဲ့ဂိမ်းဈေးကွက်က ဒေါ်လာ ၉၉ ဘီလျံကျော်ရှိရာမှာ မိုဘိုင်းဂိမ်းဈေးကွက်က ၃၆ ဘီလျံကျော်ရှိနေတာ ဖြစ်ပါတယ်။

လာမယ့်နှစ်တွေမှာ ဂိမ်းဈေးကွက်ဟာ ထပ်ကြီးထွားလာမယ်လို့ ခန့်မှန်းထားကြပြီး မိုဘိုင်းဂိမ်းဈေးကွက် ကတော့ သိသိသာသာ လွှမ်းမိုးလာမယ်လို့ ခန့်မှန်းထားကြပါတယ်။ ၂၀၁၇ ခုနှစ်မှာ မိုဘိုင်းဂိမ်းဈေးကွက်ဟာ ဒေါ်လာ ၄၂ ဒသမ ၅ ဘီလျံရှိလာမယ်လို့ ဆိုပြီး ၂၀၁၈ ခုနှစ်မှာ ၄၇ ဘီလျံ ကျော်၊ ၂၀၁၉ ခုနှစ်မှာ ၅၂ ဘီလျံကျော်အထိ တိုးမြင့်ရောက်ရှိလာမယ်လို့ ခန့်မှန်းထားကြပါတယ်။

ဂိမ်းဈေးကွက် ဝေစုရယူမှုမှာ အာရှပစိဖိတ်ဒေသဟာ အများဆုံးဖြစ်ပြီး တရုတ်နိုင်ငံရဲ့ ဂိမ်းဈေးကွက်ဟာ ကြီးမားတာကို တွေ့ရပါတယ်။ အာရှပစိဖိတ်ဒေသရဲ့ ဂိမ်းဈေးကွက် ၄၆ ဒသမ ၆ ဘီလျံမှာ တရုတ်ဈေးကွက်က ၂၄ ဒသမ ၄ ဘီလျံ ရှိနေတာ ဖြစ်ပါတယ်။ အာရှပစိဖိတ်ဒေသဟာ ၄၇ ရာခိုင်နှုန်းအထိ ရယူထားတာလည်း ဖြစ်ပါတယ်။ မြောက်အမေရိကဈေးကွက်က ၂၅ ရာခိုင်နှုန်းရှိပြီး တန်ဖိုးပမာဏအားဖြင့် ၂၅ ဒသမ ၄ ဘီလျံရှိပါတယ်။ အဲဒီမှာ အမေရိကန်နိုင်ငံကပဲ ၂၃ ဒသမ ၅ ဘီလျံရှိပါတယ်။ ဥရောပ၊ အရှေ့အလယ်ပိုင်းဒေသနဲ့ အာဖရိကဈေးကွက်ကတော့ ၂၄ ရာခိုင်နှုန်းဖြစ်ပြီး ပမာဏအားဖြင့်ဆိုရင် ၂၃ ဒသမ ၅ ဘီလျံရှိပါတယ်။ လက်တင်အမေရိက ကတော့ လေးရာခိုင်နှုန်း နဲ့ ၄ ဒ သမ ၁ ဘီလျံရှိပါတယ်။

တရုတ်ဂိမ်းဈေးကွက်က လွန်ခဲ့တဲ့ နှစ်တွေကတည်းက ဆက်တိုက်ကြီးထွားလာနေတာဖြစ်ပြီး လာမယ့်နှစ်တွေမှာလည်း ဆက်လက်ကြီးထွားနေဦးမယ်လို့ ခန့်မှန်းထားကြပါတယ်။

မြန်မာနိုင်ငံရဲ့ မိုဘိုင်းဖုန်းသုံးစွဲမှု အလေ့အထထဲမှာ အင်တာနက် ဖွင့်စရာမလိုတဲ့ Offline ဂိမ်းကစားမှုဟာ ၂၅ ရာခိုင်နှုန်းရှိနေပြီး အွန်လိုင်းကနေ ဂိမ်းတွေကို Download ချတာနဲ့ အွန်လိုင်းဂိမ်းကစားခြင်းကတော့ ကိုးရာခိုင်နှုန်းနဲ့ ရှိနေတယ်လို့ စစ်တမ်းတစ်ရပ်မှာ ဖော်ပြထားပါတယ်။

၂၀၁၆ ခုနှစ်ထဲမှာဆိုရင် Pokemon Go မိုဘိုင်းဂိမ်းဟာ ဟိုးလေးတကျော်နဲ့ အုတ်အော်သောင်းနင်းဖြစ်ခဲ့ပြီး ကမ္ဘာတစ်ဝန်းမှာ ရေပန်းစားခဲ့ပါတယ်။ ဒီမိုဘိုင်းဂိမ်းဟာ တည်နေရာပြစနစ်နဲ့ ချိတ်ဆက်ထားပြီး မတော်တဆမှုတွေ၊ ထိခိုက်ဒဏ်ရာရမှုတွေနဲ့ အသက်သေဆုံးမှုတချို့လည်း ရှိခဲ့လို့ ပြောစမှတ်တွင်ခဲ့ပါတယ်။

ဒီဂိမ်းမှာ ဂိမ်းကစားသူတွေကို လာစေချင်တဲ့ နေရာလာကြအောင် သွယ်ဝိုက်ပြုလုပ်နိုင်စွမ်းရှိနေလို့ ဂိမ်းတီထွင်သူတွေအတွက် စီးပွားရေးအရ အကျိုးအမြတ်ရှာဖွေပေးနိုင်အောင် လုပ်ဆောင်နိုင်တဲ့ အရာတစ်ခုဖြစ်ခဲ့ပြီး တစ်ဖက်မှာလည်း လုံခြုံရေးအရ စိုးရိမ်သူတွေရှိခဲ့ပါတယ်။ ဒီဂိမ်းဟာ ရှေးယခင်ကတည်းက တည်ရှိလာခဲ့တဲ့ ဂိမ်းတစ်ခုဖြစ်ပြီး ပြန်လည်ဆန်းသစ်ပြီးတော့ သုံးစွဲသူတွေကို ဆွဲဆောင်နိုင်ခဲ့တာ ဖြစ်ပါတယ်။ 

ဒါပေမဲ့ ၂၀၁၆ ခုနှစ် တတိယသုံးလအတွင်း အရမ်းရေပန်းစားခဲ့တဲ့ ဒီမိုဘိုင်းဂိမ်းဟာ နှစ်ကုန်ပိုင်းမှာတော့ အလျင်အမြန်ပဲ ရေပန်းစားမှုကျဆင်းသွားပြီး ပြန်မှေးမှိန်သွားခဲ့ပါတယ်။ ဒါကလည်း ဒီဂိမ်းရဲ့သဘော  သဘာဝကြောင့်ပဲလို့ ကျွမ်းကျင်သူတွေကသုံး သပ်ကြပါတယ်။

၂၀၁၆ ခုနှစ် ဒီဇင်ဘာ ၁၅ ရက်မှာ ထွက်ရှိလာတဲ့ Jh Super Mario Run မိုဘိုင်းဂိမ်းကတော့ နှစ်ကုန်ခါနီးမှ ထွက်လာပေမယ့်လည်း ၂၀၁၆ ခုနှစ်ရဲ့ အကောင်းဆုံး မိုဘိုင်းဂိမ်းတစ်ခုအဖြစ် ချီးကျူးသတ်မှတ် သမုတ်ကြပါတယ်။ ဒီဂိမ်းဟာလည်း ရှေးပဝေသဏီ ကတည်းက နာမည်ကြီးပြီးသားဖြစ်တဲ့ Mario ဂိမ်းကို ပြန်လည်ဆန်းသစ်ထားတာ ဖြစ်ပြီးတော့ iOS အတွက် အရင်ထွက်လာခဲ့ပါတယ်။ နောက်ပိုင်းမှာ Android  ဖုန်းတွေမှာလည်း ကစားနိုင်အောင် ထုတ်ပေးဖို့ လုပ်ဆောင်နေပါတယ်။ အခုနောက်ပိုင်းမှာတော့ အင်တာနက် ကျယ်ပြန့်လာတာနဲ့အတူ အွန်လိုင်းဂိမ်းတွေ တော်တော်နေရာယူလာပါတယ်။ ဂိမ်းကစားချိန်မှာ အင်တာနက်ဖွင့်ထားရတယ်။ တချို့ဂိမ်းတွေဆိုလည်း တည်နေရာပြစနစ်ကိုပါ ဖွင့်ထားရတာမျိုးတွေ ဖြစ်လာတယ်။

မြန်မာမိုဘိုင်းဂိမ်းထဲမှာဆိုရင်လည်း Rage of Rama လိုဂိမ်းတွေ ထွက်ပေါ်လာတာ တွေ့ရတယ်။ နောက်ပိုင်းမှာလည်း ထပ်ထွက်ပေါ်လာဖို့ စီစဉ်နေတဲ့ဂိမ်းတွေရှိတယ်လို့ ဆိုပါတယ်။ ဂိမ်းတစ်ခု ရေးသားဖန်တီးရတယ် ဆိုတာကလည်း လွယ်တဲ့အလုပ်တစ်ခုတော့ မဟုတ်ပါဘူး။

အခုခေတ်မှာ ဂိမ်းတစ်ခုကစားဖို့က အရင်ကလို ကရိကထမများတော့ပါဘူး။ သွားလေရာပါနေတဲ့ စမတ်ဖုန်းတစ်လုံးကို ဆွဲထုတ်လိုက်တာနဲ့ ဖုန်းထဲမှာရှိနေတဲ့ မိုဘိုင်းဂိမ်းတွေထဲက ကြိုက်နှစ်သက်ရာ ဂိမ်းတစ်ခုကို ဆော့ကစားနိုင်ပြီဖြစ်ပါတယ်။ ကျကျနန ကစားရတာမျိုး မဟုတ်ဘူးဆိုရင်တောင် ဂိမ်းကစားတယ်ဆိုတဲ့ ခံစားမှုကိုတော့ ရရှိမှာပဲ ဖြစ်ပါတယ်။