“People first, Enterprise Second” ဆိုတဲ့စကား ရှိပါတယ်။ သဘောကတော့ အရာရာမှာ လူကပထမ၊ လုပ်ငန်းက ဒုတိယဆိုတာ ဖြစ်ပါတယ်။ ကမ္ဘာကြီးမှာ လူသားမျိုးနွယ်စုတို့ ငယ်ရွယ်စဉ်အချိန်ကနဲ့ ဒီကနေ့ အခြေအနေက အင်မတန် ကွာခြားလှပါတယ်။ စာရေးသူတို့ ငယ်ရွယ်စဉ်အချိန်ကနဲ့ ဒီကနေ့သက်တမ်း ၆၀ ကျော် ကာလအတွင်းမှာသော်မှ လူတွေနဲ့လူတွေရဲ့ပတ်ဝန်းကျင်မှာ ပြောင်းလဲမှုတွေများစွာ ဖြစ်လာနေပါတယ်။

နိုင်ငံတစ်နိုင်ငံချင်းက မိမိနိုင်ငံ တိုးတက်လာစေဖို့အတွက် ကမ္ဘာနဲ့ယှဉ်ပြီးကြည့်တဲ့ အမြင်တွေရှိဖို့က အရေးကြီးပါတယ်။ လူတွေမှာ ဆူကြုံနိမ့်မြင့်တွေက ရှိစမြဲဖြစ်သလို ကမ္ဘာ့နိုင်ငံတွေမှာလည်း နိုင်ငံကို အုပ်ချုပ်စီမံခန့်ခွဲခဲ့ကြသူတွေရဲ့ ခေါင်းဆောင်မှု အရည်အချင်းပေါ် မူတည်ကာ ချမ်းသာပြီး စက်မှုထွန်းကားတဲ့ နိုင်ငံ၊ ချမ်းသာပေမယ့် စက်မှုထွန်းကားမှု နည်းပါးသေးတဲ့ နိုင်ငံ၊ ဆင်းရဲတဲ့နိုင်ငံ၊ အဆင်းရဲဆုံးနိုင်ငံနဲ့ ကမ္ဘာ့နိုင်ငံတွေမှာလည်း အလွှာပေါင်းစုံရှိနေတာ ဖြစ်တယ်။ စာရေးသူတို့ နိုင်ငံကို အတိတ်ကာလက ဂျပန်၊ စင်ကာပူနိုင်ငံတွေက အတုယူခဲ့ကြရတယ်။ အတုယူသွားတဲ့ နိုင်ငံတွေက တိုးတက်သွားပြီး အတုခိုးခံရတဲ့နိုင်ငံက ကမ္ဘာမှာ အောက်ဆုံးနိုင်ငံ ဖြစ်သွားခဲ့ရတာကို ယူတတ်ရင် သင်ခန်းစာတွေများစွာ ရယူနိုင်တယ်။

ဒါကြောင့် မိမိနိုင်ငံ ဖွံ့ဖြိုးတိုးတက်အောင် မိမိနိုင်ငံသားတွေ ဘ၀အရည်အသွေး တိုးတက်အောင် စတင်လုပ်ဆောင်ကြရတော့မှာ ဖြစ်ပါတယ်။ နောက်ကျကျန်ခဲ့တာ ဖြစ်တဲ့အတွက် အခြားနိုင်ငံတွေထက် သာလွန်အောင်သူများက တစ်လှမ်းလှမ်းရင် စာရေးသူတို့နိုင်ငံက ၁၀ လှမ်းလောက် လှမ်းနိုင်ကြရမှာ ဖြစ်တယ်။ ဒီလိုလှမ်းရာမှာ ကမ္ဘာကြီးတိုးတက်စေမယ့် အညွှန်းကိန်းတွေကို စံနမူနာယူပြီး လုပ်ဆောင်ကြရမှာ ဖြစ်တဲ့အတွက် အဲဒီစံနမူနာယူ လုပ်ဆောင်ရမယ့် အချက်တွေကို မီးမောင်းထိုးပြလိုပါတယ်။

(၁) အလွန်အမင်း ဆင်းရဲနွမ်းပါးမှုကို ချေဖျက်ပေးရမယ်

ကမ္ဘာကြီးတစ်ခုလုံးအနေနဲ့ ၂၀၁၅ ခုနှစ်အတွင်း အလွန်အမင်း ဆင်းရဲနွမ်းပါးမှု၊ တစ်နည်း ဆင်းရဲတွင်းနက်မှုကို လျော့နည်းပပျောက်သွားအောင် မလုပ်နိုင်သေးပေမယ့် ထောင်စုနှစ် ဖွံ့ဖြိုးတိုးတက်စေဖို့ ရည်မှန်းချက် Millennium Development Goal အရ ဆင်းရဲနွမ်းပါးမှုကို ထက်ဝက်အထိ လျှော့ချနိုင်စေဖို့ မျှော်မှန်းထားတယ်လို့ ဆိုပါတယ်။ တစ်ရက်တာဝင်ငွေတွေ အမေရိကန် ၁ ဒသမ ၂၅ နဲ့ နေထိုင်လာခဲ့ကြတဲ့ လူဦးရေအချိုးအစားက ၁၉၉၀ ပြည့်နှစ်မှာ ၄၃ ဒသမ ၁ ရာခိုင်နှုန်းနဲ့ ၂၀၀၈ ခုနှစ်မှာ ၂၂ ဒသမ ၇ ရာခိုင်နှုန်း ကျဆင်းလာမှာ ဖြစ်တယ်လို့ဆိုတယ်။

ဆင်းရဲမှုလျော့ကျလာစေရေးက နိုင်ငံတစ်နိုင်ငံရဲ့ ပြည်တွင်းအသားတင် ထုတ်လုပ်မှုတန်ဖိုး (Gross Domestic Product) (GDP) အပေါ်မှာသာမကဘဲ လူတစ်ဦးချင်းရဲ့ ၀င်ငွေမြင့်တက်လာမှု အပေါ်မှာလည်း များစွာရှိတာ ဖြစ်ပါတယ်။

ဆင်းရဲနွမ်းပါးမှု လျော့ပါးကျဆင်းလာရေးအတွက် ကုန်သွယ်မှုကို စနစ်တကျလုပ်ဆောင်ဖို့ လိုအပ်ပါတယ်။ ကုန်သွယ်မှုမှာ ထုတ်ကုန်အရည်အသွေးတွေ ကောင်းမွန်ပြီး မိမိနိုင်ငံက ထုတ်ကုန်တွေက နိုင်ငံတကာ ဈေးကွက်မှာ ပြိုင်ဆိုင် အကျိုးဖြစ်ထွန်းစေမှု ရှိစေမှာ ဖြစ်ပါတယ်။ နောက်တစ်ချက်က ထုတ်ကုန်ထုတ်လုပ်မှုနဲ့အတူ မိမိနိုင်ငံသားတွေ အလုပ်အကိုင် အခွင့်အလမ်းတွေရရှိပြီး တစ်ဦးချင်းစီရဲ့ ၀င်ငွေတွေ တိုးတက်ကောင်းမွန်လာစေရမှာ ဖြစ်ပါတယ်။ ဆင်းရဲမှုလျှော့ချရေးမှာ ဘက်ပေါင်းစုံ နေရာတိုင်းမှာ အကျင့်ပျက်ခြစားမှု လုံးဝ(လုံးဝ)မရှိအောင် Rule of Law လို့ခေါ်တဲ့ ဥပဒေလွှမ်းမိုးစေမှုရှိစေရမှာ ဖြစ်ပါတယ်။

(၂) မူလတန်းပညာရေး ကနေစတင်ပြီး အဆင့်ဆင့်သော ပညာရေးစနစ်တွေမှာ အမှန်တတ်သိစေရမယ်

 ကမ္ဘာကြီးရဲ့ ထောင်စုနှစ် ရည်မှန်းချက်ကလည်း အခြေခံကျတဲ့ မူလတန်ပညာရေးကနေ အဆင့်ဆင့်သော အလယ်တန်း၊ အထက်တန်း၊ တက္ကသိုလ်နဲ့ ဘွဲ့လွန်ပညာရေး အဆင့်တွေအထိ အမှန်တကယ် တတ်မြောက်မှုတွေရှိအောင် သင်ကြားပေးနိုင်စေရမယ်။ စာရေးသူတို့နိုင်ငံက ပညာရေးအပါအ၀င် နေရာတိုင်းမှာ အောက်ခြေလွတ်နေတယ်။ အရာရာမှာ အခြေခံအဆင့်ကနေ ကောင်းအောင်လုပ်ဆောင်နိုင်ပါမှ အဆင့်ဆင့်တိုးတက်လာမှာ ဖြစ်တယ်။

(၃) ကျား-မ တန်းတူညီမျှမှုရှိစေပြီး အမျိုးသမီးတွေကိုလည်း လုပ်ပိုင်ခွင့်တွေ မျှဝေပေးရမယ်

နိုင်ငံတစ်နိုင်ငံမှာ စီးပွားရေးနဲ့လူမှုရေး ဖွံ့ဖြိုးတိုးတက်စေမှုမှာ အမျိုးသမီးတွေကလည်း အရေးပါတဲ့ လုပ်ဆောင်မှုတွေ လုပ်ဆောင်နိုင်တာဖြစ်လို့  အများနဲ့ပုဂ္ဂလိကတွေမှာ အမျိုးသမီးတွေရဲ့ အခွင့်အလမ်းတွေလည်း တိုးချဲ့ပေးဖို့ လိုအပ်တယ်။ အမျိုးသမီးတွေက အမျိုးသားတွေထက် အချိန်ကြာကြာ အလုပ်လုပ်နိုင်ကြပြီး  လုပ်ဆောင်ချက်တွေ ကောင်းနိုင်စေပေမယ့် သူတို့ရဲ့လုပ်ဆောင်ချက်တွေကို အသိအမှတ်ပြုတာ အားနည်းနေတယ်လို့ဆိုတယ်။ စာရေးသူတို့နိုင်ငံမှာက အချက်အလက် ကောက်ယူမှုနဲ့ ပတ်သတ်တဲ့ စာရင်းအင်းပညာကို ထဲထဲဝင်ဝင် တတ်သိနားလည်သူတွေ နည်းပါးတဲ့အတွက် အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍက မှေးမှိန်နေခဲ့တာဖြစ်တယ်။ Evidence and Data for Gender Equality (EDGE) ရဲ့ကနေ UN Statistics Division Women and the United Nations နဲ့ကမ္ဘာ့ဘဏ်၊ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု အဖွဲ့အစည်းတွေနဲ့ ပေါင်းစည်းလုပ်ဆောင်မှုတွေအရ အမျိုးသမီးတွေနဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို ရယူစုဆောင်းနိုင်ခဲ့ကြတယ်လို့ သိရတယ်။

(၄) ကလေးသူငယ်တွေရဲ့ သေနှုန်းလျော့ကျစေရမယ်

၁၉၉၀ ပြည့်နှစ်မှာ ကလေးသူငယ် ၁၂ သန်းက သူတို့ရဲ့အသက် ငါးနှစ်မကျော်မီ သေဆုံးခဲ့ကြတယ်။ ၁၉၉၉ ခုနှစ်မှာတော့ ၁၀ သန်းအောက် ကျလာခဲ့တယ်။ ၂၀၁၂ ခုနှစ်မှာ ခုနစ်သန်းအထိ သေနှုန်းကျလာခဲ့တယ်။ ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ မွေးလာတဲ့ကလေးငယ် ၁၀၀၀ ရဲ့ ၉၅ ဦးက သေဆုံးခဲ့ပြီး ၂၀၁၁ ခုနှစ်မှာတော့ ၁၀၀၀ ကိုသေတဲ့ကလေးက ၅၆ ဦးအထိ ကျဆင်းလာတယ်လို့ ဆိုတယ်။ ဒီလိုသေနှုန်း မြင့်မားမှုကလည်း နိုင်ငံရဲ့ ဆင်းရဲနွမ်းပါးမှုအရ အာဟာရရှိအောင် ကျွေးမွေးနိုင်စေမှု မရှိလို့နဲ့ ကျန်းမာရေး စောင့်ရှောက်မှု အားနည်းလို့ ဖြစ်ပါတယ်။

(၅) မိခင်တွေ ကျန်းမာရေး ကောင်းမွန်စေရမယ်

မိခင်တွေက အနာဂတ်မျိုးဆက်သစ်တွေကို မွေးဖွားသူတွေဖြစ်လို့ မိခင်တွေရဲ့ ကျန်းမာရေးကလည်း အရေးကြီးတယ်လို့ သိရတယ်။ အထူးသဖြင့် ဆင်းရဲတွင်းနက်တဲ့ နိုင်ငံတွေမှာ မိခင်တွေရဲ့ သေဆုံးမှုနှုန်းက ပိုမိုများပြားလာတယ်လို့ သိရတယ်။ နိုင်ငံဆင်းရဲမှုက မိခင်တွေအပါအ၀င် လူသားတွေရဲ့ အသက်ရှင်မှု လျော့နည်းစေတာက သတိထားရမယ့်အချက် ဖြစ်ပါတယ်။

(၆) HIV/AIDS ငှက်ဖျားရောဂါ အပါအ၀င် ရောဂါပေါင်းစုံကို ကာကွယ်တိုက်ဖျက်ရမယ်

စာရေးသူတို့နိုင်ငံမှာ ၉၆ ပါးရောဂါလို့ ဆိုခဲ့ကြပေမယ့် ဒီကနေ့မှာတော့ ရောဂါတွေက ၉၆ ပါးသာ မကတော့ဘဲ ရောဂါက ၁၀၀ ကျော် သွားနေပါပြီ။ နောက်ထပ်ရောဂါတွေ ထပ်မံပေါ်ပေါက်လာဦးမည်လည်း မသိနိုင်သေးပါ။

(၇) ပတ်ဝန်းကျင်ဆိုင်ရာ ခံဆောင်နိုင်အားတွေ ကောင်းမွန်စေရမယ်

ပတ်ဝန်းကျင်ကို လူတွေက ဖျက်ဆီးပစ်တာတွေရှိသလို သဘာဝကနေ ဖျက်ဆီးတာလည်း ရှိပါတယ်။ အထူးသဖြင့် သဘာဝသယံဇာတတွေ ပျက်သုဉ်းစေမှုက ပတ်ဝန်းကျင် ပျက်စီးမှုကို ပိုမိုဖြစ်ထွန်းပေါ်ပေါက်စေတာ ဖြစ်တယ်။ အတိတ်ကာလနိုင်ငံကို အုပ်ချုပ်ခဲ့သူတွေက အနာဂတ်အမြင်မရှိဘဲ မိမိတို့ကိုယ်ကျိုးစီးပွားအတွက် မြေပေါ်မြေအောက် သဘာဝသယံဇာတတွေကို ပျက်စီးစေခဲ့တဲ့အတွက် အဲဒါရဲ့ အကျိုးဆက်တွေကို နိုင်ငံသားအများစု ခံစားနေကြရတယ်။

(၈) နိုင်ငံဖွံ့ဖြိုး တိုးတက်စေမှုအတွက် ကမ္ဘာလုံးဆိုင်ရာ ပေါင်းစည်း လုပ်ဆောင်မှုရှိရမယ်

ဒီနေရာမှာ စာရေးသူသိထားတဲ့ အချက်တစ်ခုကို မျှဝေပေးလိုပါတယ်။ အဲဒါကတော့ ချမ်းသာချင်ရင် သူဌေးနဲ့ပေါင်းရမယ်၊ ပညာလိုချင်ရင် ပညာပေးနိုင်သူနဲ့ ပေါင်းစည်းရမယ်ဆိုတာ ဖြစ်ပါတယ်။ စာရေးသူတို့ နိုင်ငံအတိတ်ကာလမှာ လွဲမှားတဲ့ဆောင်ပုဒ်တွေက နိုင်ငံတိုးတက်မှုကို အဟန့်အတားဖြစ်ခဲ့တယ်။