(၁)

လွန်ခဲ့သည့် ၁၀ နှစ်တာကာလက မိတ်ဆွေဦးဇင်းတစ်ပါးက သူတို့ရွာ၌ကျင်းပမည့် ‘အမေနေ့’ အခမ်းအနားသို့ လာရောက်ဟောပြောပေးဖို့ မိမိ၏ ညီဝမ်းကွဲဦးဇင်းကို ဖိတ်ကြားသည်။ သူက “သူများရွာကို သွားဟောမည့်အစား ကိုယ့်ရွာမှာ အမေနေ့ပွဲလုပ်ပြီး ဟောပြောမည်” ဟု တွေးသည်။ ထိုအတွေးကို အခြားတစ်ပါးကို ပြောသည်။ သူတို့နှစ်ပါးပေါင်းပြီး မိမိကိုလာတိုင်ပင်သည်။ မိမိကိုလာ ပြောသည့်အချိန်က ပြာသိုလဆန်းပိုင်းထဲ ရောက်နေပြီ။ အမေနေ့ပွဲက ပြာသိုလပြည့်နေ့ ဆိုတော့ ရက်က ဘာမျှမကျန်တော့။ ရက်က သိပ်ကိုကပ်လွန်းနေပြီမို့ နောက်နှစ်မှလုပ်ကြဖို့ နားချသော်လည်းမရ။ “နောက်နှစ်ဆိုတာ သေမှမသေချာတာ” ဟု သူက အဘိဓမ္မာဆန်ဆန် ဆိုလာသည်။

“ကဲ ဒါဆိုလည်းလုပ်ကြတာပေါ့” ဆိုပြီး အချိန်တိုတိုလေးအတွင်းမှာပဲ ထိုပွဲသဘင်ကို ဖြစ်မြောက်အောင် ကြိုးပမ်းခဲ့ကြသည်။ ထိုစဉ်က ဗီနိုင်းတွေဘာတွေလည်း သိပ်ခေတ်မစားသေးချိန်မို့ အခမ်းအနားနောက်ခံအဖြစ် အပြာရောင် ဇင်စကြီးကို ကမန်းကတန်း ချုပ်ခိုင်းပြီး ဂျပ်စက္ကူအဖြူတွေဝယ်၊ ‘ပြာသိုလပြည့် အမေနေ့’ ဆိုသည့် စာလုံးဒီဇိုင်းကြီးကြီးနှင့် အမေရင်ခွင်ထဲ ခွေခွေလေးနို့စို့နေသည့် သားငယ်ပုံကောက်ကြောင်းကို အမြန်ဆွဲပြီး ထိုပွဲကို တက်သုတ်ရိုက် စီစဉ်ခဲ့ကြသည်။

(၂)

ရသမျှအချိန်ကလေးအတွင်း သုံးခေါက်ချိုး လက်ကမ်းကြော်ငြာလေးလုပ်ပြီး ရွာလူထုသို့ ကြိုတင်ဝေငှထားသည်။ အမေကိုဂုဏ်ပြုသည့် ကဗျာတိုသုံး လေးပုဒ်ပါဝင်သည်။ ‘ရေခါး အမကကျောင်းဝင်းအတွင်း၌ ည ၇ နာရီ အချိန်တွင် အမေနေ့အခမ်းအနားကို စတင်ကျင်းပပါမည်’ ဆိုသည့်စာတန်းကို အောက်ခြေ၌ရေးသည်။ ကျေးရွာလူငယ် အများစုကလည်း ထိုပွဲကို စိတ်ဝင်တစားရှိကြသည်မို့ အတန်အသင့် ကျေနပ်ခဲ့ရသည်။

ထိုပွဲက မိခင်များ၏ ဂုဏ်ကျေးဇူးကို ဖော်ထုတ်သည့်ပွဲဖြစ်သည်။ တကယ်တော့ မိမိတို့ကိုမွေးခဲ့သည့် ဇာတိရွာသည်လည်း မိမိတို့အားလုံး၏ ကျေးဇူးရှင်ပင်ဖြစ်သည်။ သို့ရကား ထိုပွဲတော်ဖြစ်မြောက်ရေးအတွက် ရွာလူထုကို ငွေကြေးမကောက်ခံ။ ဇာတိရွာသား ရဟန်းတော်များ၏ စုပေါင်းအလှူငွေဖြင့် ဖြစ်အောင်လုပ်မည်ဆိုသည့်စိတ်ဖြင့် ငွေစုလိုက်တော့ ငါးသောင်းကျော်ကျော်လောက်ရသည်။ ထိုငွေဖြင့် စာရေးကိရိယာ အတိုအထွာဝယ်သည်။ အသံချဲ့စက်ငှားသည်။ ဘုန်းကြီးကျောင်းက မီးစက်ကြီးရှိနေသဖြင့် မီးအတွက် သိပ်ပူစရာမလို။ ဒီဇယ်ဆီဖိုးကို ရွာကျောင်းဘုန်းကြီးက ကုသိုလ်ပြုသည်။ ဒီလောက်ဆို အိုကေပြီ။ ကျေးရွာသူ ကျေးရွာသားများဘက်က တစ်ပြားတစ်ချပ်မှ အကုန်အကျမရှိစေရ။ ‘ဒီပွဲက ရွာသားကိုယ်တော်များ၏ ကျေးဇူးတုံ့ဆပ်ပွဲ’ ဟု ကြေညာထားသည်။ သို့သော် အခမ်းအနားသို့ တက်ရောက်လာမည့် ပရိသတ်ကို အကျွေးအမွေးလေးဖြင့် ဧည့်ခံချင်ပါသည်ဆိုသည့် သီးခြားကုသိုလ်ရှင်အချို့၏ ဆန္ဒကိုတော့ ခွင့်ပြုပေးလိုက်သည်။

(၃)

ရွာမှာတော့ ‘အမေနေ့’ ဆိုသည့် ဝေါဟာရက အသစ်အဆန်းတစ်ခု ဖြစ်နေသည်။ အဲဒီနေ့ကျရင် တပည့်တော်တို့က ဘာလုပ်ရမှာလဲဟု ဒကာမကြီးအချို့ကမေးသည်။ “ခင်ဗျားတို့က ဘာမှလုပ်စရာမလိုဘူး။ ကျုပ်တို့ပြောတာ ထိုင်နားထောင်ရင်ရပြီ” ဆိုမှ သူတို့လည်း အတန်အသင့် စိတ်အေးသွားကြပုံရသည်။ အိပ်ရာထဲမှာခွေနေရသည့် အမေကလည်း “ဦးဇင်း စာသင်ကျောင်းထဲမှာ အလုပ်များနေတယ်ဆို၊ ဘာပွဲတုံး” ဟု မေးသည်။ မိမိက အမေနေ့၏ သဘောသဘာဝကို အနည်းငယ် ပြောပြလိုက်တော့ “အမေဖြင့်ကြားဖူးပေါင်” ဟု ဆိုသည်။ တကယ်တော့ အမေမှမဟုတ်၊ ရွာမှာတော့ လူအတော်များများ မကြားဖူးသေးသည့် အမည်နာမတစ်ခု ဖြစ်သည်။ စတင် ကျင်းပသည့်နှစ်က ‘အမေနေ့’ ကိုပင် မှန်အောင်မခေါ်တတ်ကြသေး။ ‘အမေ့နေ့’ ခေါ်သူကခေါ်၊ ‘အမေများနေ့’ ခေါ်သူခေါ်နှင့် ပွဲ၏အမည်ကိုက အသားမကျနိုင်သေး။

ဆောင်းဘောက်ကြီးနှစ်လုံးမှ ထွက်ပေါ်လာသည့် မိခင်မေတ္တာဖွဲ့ သီချင်းသံတို့ကို ကြားနေရသည်ကိုက ယခင်အခါများက ကြားရသည်နှင့်မတူ၊ ရင်တုန်ပန်းတုန် ဖြစ်ရသည်။ အဦးအစဆုံးကျင်းပသည့် သဘင်ပွဲဆိုတော့ တစ်စုံတစ်ရာ လွဲချော်လေမလားဆိုသည့် စိုးရိမ်စိတ်ကလည်းရှိသည်။ အဆင်မှပြေပါ့မလား။ ရွာလူထုက စိတ်မှဝင်စားကြပါ့မလား အတွေးဖြင့် ဗျာများရသည်။ သို့သော် ညဦးပိုင်းရောက်တော့ ရွာနီးချုပ်စပ်ရွာများမှပင် ထော်လာဂျီတွေ၊ ဆိုင်ကယ်တွေဖြင့် လာရောက်နားထောင်ကြသည်မို့ အတန်အသင့် အောင်မြင်ခဲ့သည်ဟု ဆိုရပါမည်။

(၄)

သားသမီးတိုင်းက မိဘကျေးဇူးကိုသိပြီး လက်တွေ့ပေးဆပ်သူများ ဖြစ်စေရန်၊ မိဘကျေးဇူးကို အထူးသိမြင်နိုင်စွမ်းသည့် သားသမီးတို့ ပြန့်ပွားများပြားစေရန်ဆိုသည့် ရည်ရွယ်ချက်ဖြင့် အမေနေ့ကို ကျင်းပခဲ့ခြင်းဖြစ်သည်။ လွန်ခဲ့သော အနှစ် ၅၀ ကျော်ကာလက စာရေးဆရာကြီး ဦးသုခက ‘ထိုတစ်နေ့’ ဆိုသည့် ခေါင်းစီးဖြင့် အမေနေ့ဖြစ်မြောက်ရေးအတွက် လှုံ့ဆော်ခဲ့ဖူး၏ဟု သိရသည်။ နိုင်ငံတကာ၌ နှစ်စဉ် မေလ၏ဒုတိယပတ် တနင်္ဂနွေနေ့ကို အမေနေ့ (Mother Day) အဖြစ်သတ်မှတ်ပြီး မြန်မာနိုင်ငံမှာတော့ ပြာသိုလပြည့်နေ့ကို အမေနေ့အဖြစ် သတ်မှတ်ကျင်းပခဲ့သည်။

မိခင်တို့၏ မေတ္တာတရားက အေးမြသန့်စင်သည်။ သို့ရကား ဆောင်းလရာသီ၏ အအေးဆုံးလဖြစ်သည့် ပြာသိုလ၏ လပြည့်နေ့ကို ‘အမေနေ့’ အဖြစ် သတ်မှတ်ခဲ့ခြင်း ဖြစ်သည်။ ဆရာကြီးဦးသုခ၏ ကြိုးပမ်းမှုဖြင့် မန္တလေးမြို့၌ အမေနေ့အခမ်းအနားကို ၁၉၉၅ ခုနှစ်၌ စတင်ကျင်းပနိုင်ခဲ့သည်။ အမေနေ့၌ အမေ့ခြေရာကိုပုံတူယူ၍ အမှတ်တရ သိမ်းဆည်းထားသူတို့လည်းရှိသည်။ အမေကို ဂုဏ်ပြုသီဖွဲ့သည့် ကဗျာ၊ ၀တ္ထုတိုပြိုင်ပွဲများကိုလည်း ပူးတွဲပြုလုပ်လေ့ရှိသည်။ ထိုနေ့ရောက်လျှင် မြို့ရွာအသီးသီး၌ အမေနေ့ပွဲသဘင်ကို သူ့နည်းသူ့ဟန်ဖြင့် ဆင်ယင်ကျင်းပကြသည့် အစဉ်အလာရှိသည်။

(၅)

ပါဠိဘာသာဖြင့် အမေကို ‘မာတာ’ ဟုခေါ်ပြီး အင်္ဂလိပ်ဘာသာဖြင့် အမေကို Mother ခေါ်သည်။ ‘မာတာ’ နှင့် ‘မားသား’ က အသံထွက်ခြင်း အလွန်နီးစပ်သည်။ မြောက်အမေရိက နိုင်ငံအများစုက အမေကို Mom Mommy ဟုလည်းကောင်း၊ သြစတြီးလျ၊ နယ်သာလန်၊ နယူးဇီလန် စသည့်နိုင်ငံအချို့က Mum Mummy  ဟုလည်းကောင်း ခေါ်ကြသည်။ အိမ်နီးချင်း အိန္ဒိယနိုင်ငံနှင့် မြန်မာတိုင်းရင်းသား အချို့က Maa Amaa Maataa ခေါ်ကြသည်။ ပိုလန်၊ ပြင်သစ်၊ စလိုဗက်ကီးယား၊ တရုတ် စသည်တို့၌ Mama ခေါ်ကြ၍ ကိုရီးယားက Umma ဟု ခေါ်သည်။ အထူးသဖြင့် စပိန်ကိုလိုနီဖြစ်ခဲ့ဖူးသည့် နိုင်ငံအတော်များများ၌ Mama ဟု အသံထွက်ကြ၏ဟု ဆိုသည်။

‘အမေ’ ကို ခေါ်ဆိုကြရာ၌ အင်္ဂလိပ် အက္ခရာ M သည် နိုင်ငံတကာ၌ တွင်ကျယ်သည့် အခေါ်ဖြစ်၏ဟု နားလည်ရပါသည်။ မြန်မာဘာသာဖြင့်သော်ကား အမေကိုယ်စားပြု အက္ခရာက ‘မ’ ဖြစ်သည်။ ‘အမေ’ ‘မေမေ’     ‘မိခင်’ ‘မယ်တော်’ စသည်ဖြင့် အမေကို ကိုယ်စားပြုသည့် မြန်မာအသံထွက်တိုင်း၌ ‘မ’ က မပါမပြီး အက္ခရာဖြစ်သည်ကို သတိထားမိသည်။ ပါဠိဘာသာ၌ ‘မာတာ’ ကိုသာ အသိများကြသော်လည်း ‘အမ္မ’ ကလည်း အမေအနက်ဟော ဖြစ်သည်။ အညာဒေသအချို့၌ အမေကို ‘အမ’ ဟု ခေါ်ကြသည်လည်းရှိသည်။ (အစ်မ-မဟုတ်တန်ရာ)။ ပါဠိ ‘အမ္မ’ သည်လည်း Amma Umma တို့နှင့် ဘာသာဗေဒချင်း နီးစပ်မှုရှိသည်သာ။

(၆)

တစ်ခါက၊ ပြည့်ရှင်မင်းကြီးတစ်ပါးသည် ‘ပန်းတကာ့ပန်းတို့တွင် အလှဆုံး, အမွှေးဆုံး နှင့် ထာဝရလန်းဆန်းသည့် ပန်းကို ခုနစ်ရက်အတွင်း ရှာဖွေဆက်သရမည်’ ဟု မှူးတော်မတ်တော်တို့အား ညွှန်ကြားလိုက်သည်။ ထိုအခါ မှူးမတ်အများစုက တောတောင်ဒေသ အသီးသီးသို့သွားရောက်ပြီး အလှဆုံး၊ အမွှေးဆုံးနှင့် တာရှည်လန်းဆန်းမည်ထင်ရသည့် ပန်းတို့ကို ရှာဖွေဆက်သကြသည်။ နန်းရင်ပြင်၌ ဆင်ယင်ကျင်းပသည့် ထိုပန်းအလှပြိုင်ပွဲကြီးသို့ မှူးမတ်အသီးသီးက ပန်းမျိုးစုံကို ဆောင်ယူလာကြသော်လည်း အမတ်တစ်ဦးသည်ကား သူ့မိခင်အိုကြီး၏ လက်ကိုဆွဲပြီး ပန်းအလှပွဲသို့ တက်ရောက်လာခဲ့သည်။

ပန်းအလှပြိုင်ပွဲ၌ ဘာပန်းကိုမျှ ယူဆောင်မလာသည့် ထိုအမတ်ကိုမင်းကြီးက မေးမြန်းစူးစမ်းတော်မူလတ်သော်ကား အမတ်ကြီးက ဤသို့ပြန်လည်လျှောက်ထားခဲ့သည်။

“အရှင်မင်းကြီး၊ အမေဟူသည် မေတ္တာအနန္တဖြင့် ဖွဲ့စည်းတည်ဆောက်ထားသည့် သက်ရှိပန်းတစ်ပွင့်ဖြစ်ပါ၏။ လောကအလယ် ပွင့်ပွင့်သမျှ အဘယ်သို့သော ပန်းမျိုးကမှ ‘အမေ’ ဆိုသည့် ‘ပန်း’ ကို တုနှိုင်း၍ မမီပါ။ နှင်းဆီ,  ဒေါန, သော်က, သဇင် ယဉ်ပါပေ့ဆိုသည့် ပန်းမျိုးစုံစွာ၏ မွှေးရနံ့သည် အမေဆိုသည့် မေတ္တာပန်းရနံ့လောက် သင်းပျံ့ကြိုင်လှိုင်ခြင်း မရှိနိုင်ပါ။ သက်တမ်းအရှည်ဆုံး ဆိုသည့် ပန်းတစ်ပွင့်၏ လန်းဆန်းရာကာလသည် တာရှည်ခံပါသည်ဆိုစေဦး တစ်လထက် ပိုပြီးကြာနိုင်မည် မဟုတ်ပါ။ အမေဆိုသည့် မေတ္တာပန်းသည်ကား နှစ်လရာသီ အလီလီပြောင်းသော်လည်း ထာဝရလန်းဆန်းနေမည့် မညှိုးပန်းအစစ်ဖြစ်ပါသည် အရှင်မင်းကြီးဟု လျှောက်တင်လေရာ မင်းကြီးကလည်း ကျေနပ်အားရဖြစ်တော်မူ၏” ဆိုသည့် ပုံပြင်တစ်ပုဒ်ရှိခဲ့သည်။

(၇)

အမေ့ရွာ၌ပြုလုပ်သည့် အမေနေ့ပွဲ လေးနှစ်ပြည့်သည့်နှစ်က မန္တလေးမြို့ခံ စာရေးဆရာများဖြစ်ကြသည့် ဆရာညိုထွန်းလူ၊ ဆရာဇော်ခိုင်ဦးနှင့်၊ ဆရာမချောအိမာန်တို့ ကိုဖိတ်ကြား၍ စာပေဟောပြောပွဲ ကျင်းပနိုင်ခဲ့သည်။

ယခု (၁၀) နှစ်ပြည့်ကာလ၌လည်း မန္တလေးမြို့ခံ စာရေးဆရာများပင် ဖြစ်ကြသည့် ဆရာညီပုလေးနှင့် ဆရာမ ခင်ခင်ထူးတို့ကို ဖိတ်ကြား၍ စာပေဟောပြောပွဲ ကျင်းပကြဦးမည် ဖြစ်သည်။

ဤပုံဤနည်း ဂုဏ်ပြုစကားဆိုကာမျှဖြင့် အမေ့နို့ဖိုးက ကျေနိုင်စရာ အကြောင်းမရှိပါသော်လည်း ပြာသိုလပြည့်နေ့ရောက်လေတိုင်း အမေနေ့ပွဲသဘင်ကျင်းပ၍ အမေ့ကို သတိတရ တမ်းတနေကြပါလိမ့်ဦးမည်။ အမေ မရှိတော့သော်လည်း အမေ့ရွာ၏ အမေနေ့ကတော့ နှစ်စဉ်မပျက် ဆက်လက်ရှင်သန်နေမည် ဖြစ်သည်။