ရတနာပုံမောင်စုသည် စစ်ကြိုခေတ်ကပင် ပန်းချီဦးထွန်းလှ၊ ဆရာဆောင်တို့နှင့်အတူ ထင်ရှားခဲ့သော ပန်းချီဆရာကြီးဖြစ်သည်။ ဆရာစု၏ ရေဆေးလက်ရာသည် သူ့ခေတ်သူ့အခါတွင် တီထွင်ဆန်းသစ်မှုရှိသည့် လက်ရာဖြစ်ပြီး တောင်တန်းဒေသနေ တိုင်းရင်းသား ပန်းချီကားများကို နိုင်ငံခြားသားများက အလွန်ပင် ကြိုက်နှစ်သက်ကြသည်။ ဆရာစု၏လက်ရာမှာ စုတ်ချက်ပေါ်လွင်အောင် မဖော်ဘဲ အနုစိတ် ရေးခြယ်လေ့ရှိသည်။ ဆရာစုသည် ပန်းချီပညာရှင် ဖြစ်သည်သာမက ထင်ရှားသော ဓာတ်ပြားအဆိုတော်၊ တေးရေးပညာရှင် တစ်ဦးလည်း ဖြစ်လေသည်။ ထို့ကြောင့် မြန်မာခေတ်ဟောင်း တေးပညာရှင်ကြီးများ စာရင်းတွင် ဆရာစုကို မှတ်တမ်းတင်ထားရလေသည်။ ယခုချိန်တိုင် ဆရာစု၏ ပန်းချီလက်ရာများကို သာမက ဆရာစု သီဆိုခဲ့သော ဓာတ်ပြားများကိုပါ စုဆောင်းသိမ်းဆည်းထားသူများ ရှိကြသည်။

ဆရာစုကို ၁၉၀၁ ခုနှစ်က မန္တလေးမြို့၊ ၂၆ ဘီလမ်း၊ ချမ်းအေးသာစံ အလယ်ရပ်၌ မွေးဖွားခဲ့သည်။ မိဘများမှာ ဦးသာဒွန်း၊ ဒေါ်ကြည်တို့ဖြစ်ပြီး မွေးချင်းလေးဦးအနက် အငယ်ဆုံးသား ဖြစ်သည်။ မန္တလေးသားဖြစ်၍ ရတနာပုံမောင်စုဟူသော အမည်ကိုယူခဲ့သည်။ ငယ်စဉ်က မန္တလေးမြို့၊ ၀က်စလီ (အင်္ဂလိပ်-မြန်မာ) ကျောင်းတွင် အထက်တန်း ပညာရပ်များကို သင်ယူခဲ့သည်။ ထို့နောက် မန္တလေးမြို့အစိုးရ ကြေးနန်းရုံးကြီးတွင် ကြေးနန်းစာရေးအဖြစ် အလုပ်ဝင်ခဲ့သည်။ ဆရာစုမှာ ငယ်စဉ်ကပင် အနုပညာ ၀ါသနာပါသူဖြစ်သည်။ အပေါင်းအသင်းများနှင့် သီချင်းဆိုခြင်း၊ ဂီတာတီးခြင်း၊ စန္ဒရားတီးခြင်း၊ ရံဖန်ရံခါ ပန်းချီရေးဆွဲခြင်းများကို ပြုလုပ်ခဲ့သည်။ အရွယ်ရောက်သောအခါ မိခင်ဒေါ်ကြည်၏ ညီမဖြစ်သူ ဘင်္ဂလားဆေးပြင်းလိပ် ကုန်သည် ဒေါ်ရီ၏ သမီးမငြိမ်းနှင့် လက်ထပ်ခဲ့ပြီး သားဖြစ်သူ မောင်မောင်ကို မွေးဖွားခဲ့သည်။ ပန်းချီနှင့်ဂီတကို ၀ါသနာထုံသဖြင့် ယင်းအနုပညာများနှင့်သာ များသောအားဖြင့် ပျော်မွေ့နေတတ်သဖြင့် အိမ်ထောင်ရေး အဆင်မပြေဖြစ်ခဲ့သည်ဟု ဆိုသည်။ ၁၉၂၀ ခန့်တွင် ဆရာစုသည် ရန်ကုန်မြို့သို့ ပြောင်းရွှေ့သွားခဲ့ပြီး မိမိဝါသနာပါရာ ပန်းချီဂီတပညာဖြင့်ပင် အသက်မွေးကျောင်း ပြုခဲ့လေသည်။ ထိုကာလများတွင် ဦးစောမောင် (အလင်္ကာကျော်စွာ)၊ ဦးချစ်မြဲတို့နှင့်အတူ  ဒဂုန်မဂ္ဂဇင်းတွင် သရုပ်ဖော်ပုံများ ရေးဆွဲခဲ့သည်။ ၁၉၂၆ ခုနှစ်တွင် ဒဂုန်မဂ္ဂဇင်းမှ ကျင်းပသော ပန်းချီပြိုင်ပွဲသို့ ဦးဘလုံ၊ ဦးစောမောင် (အလင်္ကာကျော်စွာ)၊ ဦးအုန်းလွင်၊ ဦးမောင်မောင်တင် ၊ ဦးဥာဏ်ထွန်းတို့ နှင့်အတူ ပါဝင်ယှဉ်ပြိုင်ခဲ့သည်။

ဆရာစုသည် ရန်ကုန်သို့ ပြောင်းလာပြီးနောက် ဒေါ်မြင့်မြင့်နှင့် အကြောင်းပါခဲ့ပြီး ဒေါ်ရင်ရင်စု၊ ဒေါ်ဖြူဖြူစု၊ ဦးသောင်းစု (သောင်းစု၊ သုတေသန) တို့ကို မွေးဖွားခဲ့သည်။ ပန်းချီပညာနှင့် ပတ်သက်၍မူ မြင်ဆရာများနှင့် မိမိဘာသာ ကြိုးစားအားထုတ်မှုကြောင့် တတ်မြောက်လာသည်ဟု အဆိုရှိသည်။ ထိုစဉ်က ဆရာစုသည် ပန်းချီဆရာကြီး ဦးထွန်းလှကဲ့သို့ပင် လမ်းပန်းဆက်သွယ်ရေး ခက်ခဲသော တောင်ပေါ်ဒေသများသို့ သွားရောက်၍ တိုင်းရင်းသားပုံတူများနှင့် တိုင်းရင်းသားများ၏ ဓလေ့ရိုးရာများကို ပန်းချီပညာဖြင့် မှတ်တမ်းတင်ခဲ့သည်။ တိုင်းရင်းသား လူမျိုးများ၏ အထက်ပိုင်းပုံကို ရေဆေးအပါး ရေးနည်းဖြင့် ရေးဆွဲလေ့ရှိရာ နောက်ခံအပိုင်းကို ဆေးရောင်သွင်းလေ့မရှိဘဲ စက္ကူအဖြူသားအတိုင်း ချန်လှပ်ထားတတ်သည်။ ဆရာစု၏လက်ရာ Tribes of Burma ပန်းချီကားများကို နာမည်ကျော် စထရင်းဟိုတယ်က အများဆုံးဝယ်ယူ အားပေးခဲ့ပြီး ဟိုတယ်တွင် ချိတ်ဆွဲပြသထားခဲ့သည်။ ဆရာကြီး ဦးထွန်းလှနှင့်အပြိုင်ပင် ဖြစ်သည်။ ဆရာစုသည် သူရေးဆွဲသော တိုင်းရင်းသားပုံများ၌ လက်မှတ်ရေးထိုးသည့်အခါ အင်္ဂလိပ်လက်ရေး စာလုံးလှလှပပဖြင့် ရတနာပုံမောင်စုဟု ထိုးလေ့ရှိသည်။ ဆရာစု၏ ပန်းချီရေးဟန်ကို ဦးလာဘန်း၊ ဦးသိန်းမောင်၊ ဦးတင်တို့က အတုယူခဲ့ကြသည်။ စစ်ကြိုနှင့် စစ်အပြီးခေတ်များတွင် ကုမ္ပဏီအဖွဲ့အစည်းများနှင့် အသင်းအဖွဲ့များက ပြက္ခဒိန်ထုတ်လုပ်ရာ ဆရာစုက ရေးဆွဲပေးခဲ့ရသည်။

ဆရာစုသည် ဂီတဘက်တွင်လည်း ၀ါသနာထုံသူဖြစ်ပြီး စန္ဒရားနှင့် ဂီတာတီး ကျွမ်းကျင်သူဖြစ်သည်။ တေးဂီတနယ်တွင် မင်းသားကြီးခင်မောင်ရင် (ဗိုလ်အောင်ဒင်-မင်းသား) နှင့်ဆုံမိကြကာအတူ လှုပ်ရှားခဲ့သည်။ မိမိဝါသနာပါသော ပန်းချီနှင့်ဂီတကို မျှတစွာ လေ့လာလိုက်စား သီဆိုတီးမှုတ် ရေးဆွဲဖန်တီးခဲ့သည်။ ညအချိန်များတွင် ဂီတာကိုလွယ်၍ အပေါင်းအသင်း၊ မိတ်ဆွေများ၏အိမ်တွင် ကိုယ်တိုင်တီးဆိုရင်း ပျော်ပိုက်နေခဲ့သည်။ စစ်မဖြစ်မီကပင် ရတနာပုံမောင်စုဟူသော အမည်ဖြင့် ဓာတ်ပြားသီချင်းများ သီဆို၍ ကျော်ကြားခဲ့သည်။ ဓာတ်ပြားသွင်း သီဆိုထားသော ဆရာစု၏ သီချင်းများမှာ ကိုယ်တိုင်ရေး၊ ကိုယ်တိုင်တီး၊ ကိုယ်တိုင်ဆိုသော သီချင်းများဖြစ်သည်။ တစ်ရွာသားသီချင်းမှာ လူကြိုက်များပြီး ရေဒီယိုမှ အမြဲထုတ်လွှင့်ပေးခဲ့သည်။ ကိုလံဘီယာ ဓာတ်ပြားကုမ္ပဏီတွင် ဓာတ်ပြား ၁၃ ချပ်မျှ သွင်းခဲ့သည်။ အသံသွင်းခဲ့သော ဓာတ်ပြားများမှာ (၁) ဇာတိချက်ကြွေ၊ (၂) တစ်ရွာသား (၁၉၃၅)၊ (၃) ခါနွေဦး (၁၉၃၈)၊ (၄) ဂွက်နိုက်ဒါလင် (၁၉၃၈)၊ (၅) နှစ်သွယ်စကြာ (၁၉၃၆)၊ (၆) လူပျိုစင် (၁၉၃၇)၊ (၇) မြတ်နိုးသူ၊ (၈) လောကဤဘုံ (၁၉၃၈)၊ (၉) မောင်တို့ရွာ (၁၉၄၁)၊ (၁၀) ညိုညိုလေး စသည်တို့ဖြစ်သည်။ ဇာတိချက်ကြွေ၊ ညိုညိုလေး၊ မြတ်နိုးသူတို့မှာ မန္တလေးအလွမ်းပြေဟု လူသိများ ကျော်ကြားခဲ့သည်။ ဆရာစုမှာ မိမိဇာတိမြေကို မမေ့နိုင်သဖြင့် ဓာတ်ပြားသွင်းခြင်း၊ ပန်းချီဆွဲခြင်းမှစ၍ မောင်စုအမည်ရှေ့တွင် ‘ရတနာပုံ’ တပ်၍ခေါ်တွင်စေခဲ့သည်။

စစ်ကြီးပြီးနောက် ဆရာစုသည် ပန်းချီကားများကို ပိုမိုရေးဆွဲလာခဲ့ပြီး အနောက်နိုင်ငံများသို့လည်း ပိုမိုပျံ့နှံ့ခဲ့သည်။ အသက်အရွယ် ထောက်လာချိန်တွင် အသံများမကောင်းတော့သဖြင့် ပန်းချီရေးဆွဲခြင်းကို ပိုမိုအာရုံစိုက်ခဲ့လေသည်။ ဆရာစုသည် ရန်ကုန်မြို့ ၁၅၇ လမ်းတွင် အခြေချနေထိုင်ခဲ့ပြီး ပန်းချီကားများ ရေးဆွဲဖန်တီးခဲ့သည်။ အသက် ၆၄ နှစ်အရွယ် ၁၉၆၅ ခုနှစ် အောက်တိုဘာလ ၁၇ ရက်တွင် မင်္ဂလာဒုံ စစ်ဆေးရုံကြီးတွင် ကွယ်လွန်ခဲ့သည်။ ဆရာစုကွယ်လွန်ပြီးနောက် ရန်ကုန်တက္ကသိုလ် စိန်ရတုပွဲ၊ စိန်ရတုသဘင် ခန်းမဆောင်ပြခန်းတွင် ဆရာစု၏ တိုင်းရင်းသား ပန်းချီကားများကို ခင်းကျင်းပြသခဲ့သည်။  ဆရာစု ကွယ်လွန်ခဲ့ပြီးနောက် ဆရာစု၏ ကိုယ်ရေးမှတ်တမ်းများမှာ အနည်းငယ်ပင် ကျန်ခဲ့သည်။ ဆရာကြီးညိုဝင်းရှင်က ‘ဆရာကြီးဦးစု၏ ဘ၀နှင့်မျိုးရိုးဇာတိ၊ မွေးဖွားရာဒေသ စသည့်အချက်အလက်များကို အတန်အသင့် ပြည့်စုံအောင် ဖော်ပြလိုသော်လည်း ဖော်ပြနိုင်ခြင်းမရှိပါ’ ဟူ၍ ၁၉၉၈ ခုနှစ်တွင် ထုတ်ဝေသော သူ၏မြန်မာပန်းချီ၊ ပန်းပု၊ ဗိသုကာပညာရှင်များ စာအုပ်တွင် မှတ်တမ်းတင်ခဲ့သည်။

သို့သော် ၁၉၉၉ နှစ်တွင် ခေတ်ဟောင်းတေးရေး ပညာရှင်ကြီးများ၏ တေးသီချင်းများနှင့် အတ္ထုပ္ပတ္တိ မှတ်တမ်းစိစစ်ရေးအဖွဲ့၏ ကြိုးပမ်းမှုနှင့် ဆရာစု၏သားဖြစ်သူ ဦးသောင်းစု (သုတေသန)၊ တူဖြစ်သူ ဦးသိန်းရွှေတို့၏ ပူးပေါင်းကူညီ ဆောင်ရွက်မှုတို့ကြောင့် ဆရာစု၏ အတ္ထုပ္ပတ္တိမှတ်တမ်းတို ထွက်ပေါ်လာခဲ့သည်။ Burmese Printings စာအုပ်ကိုပြုစုသည့် Andrew Ranard သည်ဆရာကြီး ညိုဝင်းရှင်၏ မှတ်တမ်းအား လေ့လာပြီးနောက် ရတနာပုံမောင်စုနှင့် ပတ်သက်သည့် အချက်အလက်များကို ဆက်လက်စုဆောင်းခဲ့သည်။ ၂၀၀၃ ခုနှစ်တွင် ဆရာကြီးဦးမင်းနိုင်အား တွေ့ဆုံမေးမြန်းခဲ့သည်။ ၂၀၀၈ ခုနှစ် နောက်ပိုင်းတွင် Andrew Ranard သည်ရတနာပုံ မောင်စု၏ မြေးဖြစ်သူ စတီဖင်သိန်းဇော်ထွန်းနှင့် ဆုံတွေ့ခဲ့ပြီး ရတနာပုံမောင်စုနှင့် ပတ်သက်သည့် အချက်အလက်များကို ထပ်မံရရှိခဲ့ကြောင်းကို သူ၏ Burmese Printings စာအုပ်တွင်ဖော်ပြခဲ့သည်။ သို့သော် ဆရာကြီး ရတနာပုံမောင်စု၏ အကြောင်းကို များစွာသုတေသနပြုရန် လိုအပ်နေပေသေးသည်။ ယခုအခါ  ရတနာပုံမောင်စု၏ ပန်းချီလက်ရာများကို လန်ဒန်မြို့ ဗစ်တိုးရီးယားနှင့် အဲလ်ဗတ်ပြတိုက်တွင် လည်းကောင်း၊ ရန်ကုန်အမျိုးသားပြတိုက်တွင် လည်းကောင်း ထိန်းသိမ်းထားရှိလျက်ရှိသည်။ ပန်းချီစုဆောင်းသူများထံတွင်လည်း များစွာရှိကြောင်း သိရသည်။

၂၀၁၅ ခုနှစ်တွင် ဗစ်တိုးရီးယားနှင့် အဲလ်ဗတ်ပြတိုက်သို့ ရောက်ခဲ့သော ပန်းချီဦးလှတင်ထွန်းက ‘၁၉၈၅ ခုနှစ်တုန်းကရောက်တယ်။ အဲဒီတုန်းက မောင်စုကားတွေကို ထုတ်မပြဘူး။ ဂျွန်အိုခဲကပြောပေးလို့ ကြည့်ခဲ့ရတယ်။ ဒီတစ်ခေါက်လည်း ရောက်ပေမယ့်လို့ အခန်းတွေက ဟိုပိတ်၊ ဒီပိတ်ပြင်နေတာတို့ရှိတော့ မကြည့်ခဲ့ရဘူး’ ဟုဆိုလေသည်။ ယခုအခါ ဆရာကြီး ရတနာပုံမောင်စု၏ သမီးကြီး ဒေါ်ရင်ရင်စုနှင့် သားငယ်ဖြစ်သူ ဦးသောင်းစု (သုတေသန) တို့သည် သြစတြေးလျနိုင်ငံတွင် နေထိုင်လျက်ရှိပြီး သမီးလတ်ဖြစ်သူ ဒေါ်ဖြူ ဖြူစုနှင့် မြေးများသည် ရန်ကုန်မြို့တွင် နေထိုင်လျက်ရှိကြောင်း သိရသည်။                 

ရည်ညွန်း-

- ရတနာပုံမောင်စု၏ မြေးဖြစ်သူအား ဆက်သွယ်မေးမြန်းချက်။                     

- စွယ်စုံအနုပညာရှင် ရတနာပုံမောင်စု

(ပါမောက္ခဒေါက်တာအောင်ဇော်)

- Burmese Printings (Andrew Ranard)