(၁)

‘အာစရိယ’ ဟူသည် ပါဠိစကားဖြစ်သည်။ မြန်မာလိုပြန်သော် ‘ဆရာ’ ဟုအဓိပ္ပာယ်ရပါသည်။ ဆရာသည် အနန္တဂုဏ်ငါးပါးထဲမှာ တစ်ပါးအပါအ၀င်ဖြစ်သည်။ အနန္တဂုဏ်ဟူသည်မှာ အဆုံးမရှိ၊ အပိုင်းအခြားမရှိသော ဂုဏ်ကျေးဇူးကို ဆိုလိုခြင်းဖြစ်သည်။ အနန္တဂုဏ်ငါးပါးမှာ (၁) ဗုဒ္ဓဂုဏ၊ (၂) ဓမ္မဂုဏ၊ (၃) သံဃဂုဏ၊ (၄) မာတာပိတုဂုဏ၊ (၅) အာစရိယဂုဏ တို့ဖြစ်ကြပါသည်။ ထို့ကြောင့် ဆပ်၍မကုန်နိုင်သော ကျေးဇူးရှင်ငါးဦးထဲမှာ ‘အာစရိယ’ သည်တစ်ဦးအဖြစ် ပါဝင်နေလေသည်။

၃၈ ဖြာ မင်္ဂလာတရားတော်ထဲမှာ ‘ပူဇာစ ပူဇနေယျနံ - ပူဇော်ထိုက်သူကို ပူဇော်ခြင်း’ ဟူ၍ မင်္ဂလာတစ်ပါး ပါဝင်ပါသည်။ ပူဇော်ထိုက်သူတွေထဲမှာ ဘုရား၊ တရား၊ သံဃာ၊ မိဘအပြင် ဆရာလည်း ပါဝင်သည်ဟုဆိုနိုင်ပါသည်။ ‘မိမိအား ပညာသင်ပေးသော ဆရာသည် (လူဝတ်ကြောင်ဖြစ်စေ၊ ရဟန်းဖြစ်စေ) မိမိတို့တတ်သိ နားလည်အောင် သင်ပြပေးသောကြောင့် ပူဇော်ထိုက်၏။’ ဟု မဟာဂန္ဓာရုံဆရာတော်က ‘အခြေပြုမင်္ဂလသုတ်’ ထဲမှာ ရေးသားတော်မူခဲ့ပါသည်။ ထို့ကြောင့် မိမိတို့ကို ပညာသင်ကြားပေးခဲ့သော ဆရာသခင် ကျေးဇူးရှင်တို့ကို ပူဇော်ခြင်းသည် မင်္ဂလာတရားတော် နှင့်အညီ ပြုမူကျင့်ကြံရာလည်း ရောက်ပါသည်။

(၂)

မြန်မာ့လူ့အဖွဲ့အစည်း အတွင်းမှာ ‘ဆရာ’ ဟူသော အသံကိုကြားလိုက်လျှင် ကြည်ညိုခြင်း၊ ရိုသေလေးစားခြင်း၊ ကျေးဇူးတရားကြီးမားခြင်း စသည့် ဂုဏ်အရည်အချင်းတို့ကိုပါ ပူးတွဲမြင်ယောင်မိတတ်ကြပါသည်။ ဗုဒ္ဓဘာသာကို အခြေခံထားသည့် မြန်မာ့ယဉ်ကျေးမှု နယ်ပယ်မှာ ‘ဆရာ’ ၏အခန်းကဏ္ဍသည် ကြီးမားကျယ်ပြန့် မြင့်မြတ်သည့် ဂုဏ်ပုဒ်တို့ ထုံမွမ်းထားသော ရပ်ဝန်းတစ်ခုလည်း ဖြစ်ပါသည်။ နိဗ္ဗာန်ရောက်ကြောင်း တရားတော်တို့ကို ဟောဖော်ညွှန်ပြ ဆိုဆုံးမခဲ့သည့် ‘ဗုဒ္ဓမြတ်စွာ’ ကို လူနတ်ဗြဟ္ဗာ သတ္တ၀ါအပေါင်းတို့၏ ‘ဆရာသခင်’ ဟု တင်စားသုံးနှုန်းလေ့ ရှိပါသည်။ ထို့ကြောင့် မြန်မာ့ယဉ်ကျေးမှု အစဉ်အလာမှာတော့ ‘ဆရာ’ ဟူသောစကားလုံးသည် ဗုဒ္ဓမြတ်စွာထံမှ စတင်ပေါ်ပေါက်လာသည်ဟုပင် ဆိုနိုင်ကောင်းပါသည်။

မြန်မာလူမျိုးတို့သည် ‘ဆရာ’ ဟူသော စကားလုံးကို ရိုရိုသေသေ၊ လေးလေးစားစား၊ မြတ်မြတ်နိုးနိုး ခေါ်ဝေါ်ကာ ဆရာ့ကျေးဇူးကိုလည်း မမေ့မလျော့ ဦးထိပ်ပန်ဆင်ကာ တတ်နိုင်သမျှ ကျေးဇူးဆပ်ခြင်းဖြင့် ဆရာကိုပူဇော်လေ့ရှိသည့် လူမျိုးဖြစ်ပါသည်။ ဗုဒ္ဓ၏ကျမ်းစာ အဆုံးအမများကလည်း ဆရာ့ကျေးဇူးကို အထူးကျေအောင်ဆပ်တတ်ဖို့ ဟောဖော်ညွှန်ပြခဲ့ကြပါသည်။ ဗုဒ္ဓ၏လက်ယာတော်ရံ အရှင်သာရိပုတ္တရာသည် သူ့ကိုတရားထူးပြခဲ့သော ဆရာဖြစ်သူ အရှင်အဿဇိရှိရာဘက်သို့ ဦးခေါင်းပြုလျက် ကျိန်းစက်တော်မူပုံသည် မြန်မာလူမျိုးတို့အတွက် ဆရာ့အပေါ် ထားရှိရမည့် စံပြနမူနာကောင်းတစ်ခု ဖြစ်ခဲ့ပါသည်။

သိင်္ဂါလောဝါဒသုတ်လာ ‘အတတ်လည်းသင်၊ ပဲ့ပြင်ဆုံးမ၊ သိပ္ပမချန်၊ ဘေးရန်ဆီးကာ၊ သင့်ရာအပ်ပို့ ဆရာတို့ ကျင့်ဖို့ဝတ်ငါးဖြာ’ လင်္ကာသည် ဆရာ့ဝတ္တရားငါးပါးကို ရည်ညွှန်းရာကျသလို ‘ဆရာ’ ၏ ဂုဏ်အရည်အချင်းများကို ဖော်ညွှန်းရာလည်းကျပါသည်။ ထို့အတူ တပည့်တို့၏ ၀တ္တရားငါးပါးကိုလည်း အဆိုပါ သိင်္ဂါလောဝါဒသုတ်မှာပင် ‘ညီညာထကြွ၊ ဆုံးမနာယူ၊ လာမူကြိုဆီး၊ ထံနီးလုပ်ကျွေး၊ သင်တွေးအံရွတ် တပည့်ဝတ်၊ မချွတ်ငါးခုသာ’ ဟုညွှန်ပြထားပါသေးသည်။ ဆရာ့ဝတ်ကျေပွန်သော အာစရိယတို့ကို တပည့်ဝတ္တရားငါးပါး နှင့်အညီ ပြုမူကျင့်ကြံကာ ပူဇော်ဦးခိုက်ရမည်မှာလည်း တပည့်ကောင်း ဖြစ်လိုသူတို့၏ တာဝန်ဟုဆိုရပါမည်။

‘ပူဇော်ခြင်း’ ဟူသည်မှာ ကောင်းစွာပြုခြင်း၊ အလေးအမြတ်ပြုခြင်း၊ မြတ်နိုးခြင်း၊ ရှိခိုးခြင်းဟု အဓိပ္ပာယ်ရပါသည်။ ပူဇော်ခြင်းဆိုရာတွင် (၁) ပစ္စည်းဝတ္ထုဖြင့် ပူဇော်ခြင်း (အာမိသပူဇာ) နှင့် (၂) အကျင့်ဖြင့်ပူဇော်ခြင်း (ပဋိပတ္တိပူဇာ) ဟူ၍ နှစ်မျိုးရှိပါသည်။ တကယ်တော့ ဆရာသခင်ကျေးဇူးရှင်တို့ကို တပည့်အပေါင်းက ရှိခိုးပူဇော်ခြင်းသည် ကျက်သရေမင်္ဂလာရှိသော အပြုအမူပင်ဖြစ်ပါသည်။ ပစ္စည်းဝတ္ထုဖြင့် ပူဇော်ခြင်းအပြင် ဆရာ၏ပြောဆို ဆုံးမလမ်းညွှန်မှုကို လိုက်နာကျင့်ကြံခြင်း တည်းဟူသော အကျင့်ဖြင့်ပူဇော်ခြင်းများ အမှန်တကယ် တိုးပွားများပြားလာမည်ဆိုလျှင် (၁) အာယု-အသက်ရှည်ခြင်း၊ (၂) ၀ဏ္ဏ-ကျန်းမာဝဖြိုး အလှတိုးခြင်း၊ (၃) သုခ-ကိုယ်ရောစိတ်ပါ ချမ်းသာခြင်း၊ (၄) ဗလ-ခွန်အား ဗလကြီးခြင်း၊ (၅) ပဋိဘာန-ပညာဥာဏ်ထက်သန်ခြင်း တည်းဟူသော အကျိုးငါးပါးတိုးပွားသည့် မင်္ဂလာခေတ်ကောင်းကို ရောက်ရှိနိုင်ပါသည်ဟု ကျမ်းစာများထဲမှာ ဆိုထားပါသည်။

(၃)

ယခုအချိန်သည် မြန်မာပြည်တစ်ဝန်းလုံး ‘အာစရိယပူဇော်ပွဲ’ များခြိမ့်ခြိမ့်သဲသဲ ကျင်းပနေသည့် အချိန်ဟုဆိုရပေမည်။ လူစည်ကားသည့် လမ်းလေးခွစုံရာ နေရာတိုင်းလိုလိုမှာ ‘အာစရိယပူဇော်ပွဲ’ ဆိုင်းဘုတ်များ အစီအရီကပ်ထားကြသည်ကို တွေ့မြင်နိုင်ပါသည်။ တက္ကသိုလ်၊ အထက်တန်း၊ အလယ်တန်း၊ မူလတန်း စသည်ဖြင့် မြို့နယ်ပေါင်းစုံ၊ နေရာပေါင်းစုံမှာ အာစရိယပူဇော်ပွဲများ အပြိုင်အဆိုင် ကျင်းပနေကြသည့် သဘောပါပဲ။ အာစရိယပူဇော်ပွဲများတွင် မိမိတို့ကိုစာသင်ပေးခဲ့သည့် ဆရာ၊ ဆရာမဟောင်းများ၊ စာအတူတူ သင်ခဲ့ကြသည့် သူငယ်ချင်းဟောင်းများ ပြန်လည်တွေ့ဆုံခွင့် ရသောကြောင့် ပျော်စရာ၊ လွမ်းစရာ၊ ကြည်နူးစရာကောင်းသောပွဲဟု ခေါ်ဆိုသတ်မှတ်ပါက မှားမည်မထင်ပေ။

ကျွန်တော်သည် အာစရိယပူဇော်ပွဲ ဆိုင်းဘုတ်လေးတွေတွေ့တိုင်း မိမိငယ်စဉ်က စာသင်ခဲ့ဖူးသော မူလတန်းကျောင်းကလေးကို ပြန်မြင်ယောင်လာမိသည်။ ကျွန်တော်စာသင်ခဲ့သော ကျောင်းမှာ မြောက်ဥက္ကလာပမြို့နယ်ထဲက အ.မ.က (၂၀) မူလတန်းကျောင်းကလေး ဖြစ်ပါသည်။ လွန်ခဲ့သည့် ၃၈ နှစ်ခန့်က အဆိုပါကျောင်းကလေးမှာ ကျွန်တော်သူငယ်တန်း စတက်ခဲ့ပါသည်။ ကျောက်တံလေးကိုင်ကာ ကျောက်သင်ပုန်းပေါ်မှာ ၀လုံးကလေး ၀ိုင်းအောင် ရေးခဲ့ရပါသည်။ ‘က ကညစ် ပေမှာခြစ်၊ ခခရေကုံး မလေးပြုံး’ ဟုအော်ခဲ့ရပါသည်။ ၁၊ ၂၊ ၃၊ ၄ ကို လက် ၁၀ ချောင်းထောင်ပြီး ရေတွက်ခဲ့ရပါသည်။ ၃၈ ဖြာမင်္ဂလာကဗျာတွေကို ပျော်ပျော်ရွှင်ရွှင် အော်ဟစ်သီဆိုခဲ့ရပါသည်။ မုန့်စားဆင်းချိန်မှာ သူငယ်ချင်းများနှင့်အတူ ကစားခုန်စား ပျော်ပါးခဲ့ကြပါသည်။ သူငယ်ချင်းတွေ တစ်ယောက်ပြီး တစ်ယောက် တိုးပွားများပြားလာခဲ့ပါသည်။ ကျွန်တော်တို့သည် ရန်ဖြစ်လိုက် ပြန်ချစ်လိုက်နှင့် စာအတူတူ သင်ခဲ့ကြပါသည်။ မုန့်ဈေးတန်း အတူတူသွားခဲ့ကြ၊ အိမ်သို့အတူတူပြန်ခဲ့ကြပါသည်။ သြော်ငယ်ကပေါင်းခဲ့ကြသည့် သူငယ်ချင်းများ။ ထို့အတူ မမေ့နိုင်သော ဆရာ၊ ဆရာမများ။ သင်ပေးရုံတင်မက သီချင်းဆိုရင်းပါ ဖျော်ဖြေပေးခဲ့သော ဆရာမ ဒေါ်ရီရီမြင့်၊ အသားဖြူဖြူ  ပိန်ပိန်နွဲ့နွဲ့နှင့် အစဉ်ပြုံးချိုနေသော အားလပ်ချိန်များမှာ ပုံပြင်ပြောပြတတ်သော ဆရာဦးစိုးနိုင်၊ ကျွန်တော်ဘယ်တော့မှ မေ့နိုင်မည်မဟုတ်သော ဆရာ၊ ဆရာမများ၊ ဘ၀မှာပြန်တွေးမိတိုင်း ကြည်နူးပီတိဖြစ်ရသည့် မူလတန်းကျောင်းသားဘ၀ပါပဲ။

ကျွန်တော်နေခဲ့သည့် မူလတန်းကျောင်းကလေးကို ၁၉၇၅ ခုနှစ်မှာ စတင်ဖွင့်လှစ်ခဲ့ပါသည်။ စဖွင့်ချိန်က တစ်ဆောင်တည်းသာရှိသည့် သစ်သားကျောင်းကလေးဖြစ်သည်။ ဘေးပတ်ပတ်လည်မှာ စိမ်းစိမ်းစိုစို လယ်ကွင်းများနှင့် ခြံစည်းရိုးမရှိ ဘာမရှိနှင့် လယ်တောထဲမှ အညတရကျောင်းကလေးသာဖြစ်သည်။ အခုဆိုလျှင် ကျောင်းကလေး၏ သက်တမ်းက ၄၂ နှစ်တိုင်ခဲ့ပြီ။ မကြာခင်မှာ နှစ် ၅၀ ရွှေရတုသို့ ရောက်ရှိလာပေတော့မည်။ ၀မ်းနည်းစရာကောင်းသည်မှာ ကျောင်းကလေးသည် လူမသိသူမသိ ဂုဏ်ပြုမည့်သူ မရှိသည့်ဘ၀နှင့် နှစ်ပေါင်း ၄၀ ခရီးကို ဖြတ်သန်းလာခဲ့ရခြင်းပင်။ ဟိုမှာလည်းတွေ့ ဒီမှာလည်းတွေ့နှင့် ပလူပျံနေသော အာစရိယပူဇော်ပွဲ ဆိုင်းဘုတ်တွေကြားထဲမှာ ကျွန်တော့်ကျောင်းကလေး မပါသေးချေ။ ဟောခုတော့ ကျောင်းကလေး၏ ဂုဏ်ရောင်ဝင်းပြောင်တော့မည်။ သူမွေးထုတ်လိုက်သည့် သားသမီးတစ်စု၏ ကောင်းမှုကြောင့် ကမ္ဘာ့အလယ်မှာ သူဝင့်ထည်တော့မည်။

အခုဆိုလျှင် ကျွန်တော်မြင်ချင်သည့် ‘အ.မ.က (၂၀)၊ အာစရိယပူဇော်ပွဲ’ ဟူသည့် ဆိုင်းဘုတ်ကလေး အများနည်းတူ တလူလူဝင့်ကြွားနေချေပြီ။ လာမည့် ၁၅-၁-၂၀၁၇ တနင်္ဂနွှေနေ့မှာ ကျောင်းကလေး၏ ဂုဏ်ထူးဆောင် ဥယျာဉ်မှူးကြီးများကို ကျေးဇူးသိတတ်သည့် ပန်းကလေးများက လက်ဆယ်ဖြာ ထိပ်မှာမိုး၍ ရှိခိုးကန်တော့ ပန်းဆင်ကြတော့မည် မဟုတ်ပါလား။ သြော် အဟောဝတ ကောင်းပေစွ။