အောင်မြင်ကျော်ကြားသူများရဲ့ ဘ၀နိဂုံးတွေအကြောင်း ရေးထားတဲ့ စာအုပ်နှစ်အုပ်ကို ရှေ့ဆင့်နောက်ဆင့်ဆိုသလို ဖတ်ဖြစ်ခဲ့တယ်။ အောင်မြင်သူတွေ သူတို့ဘ၀ကို ဘယ်လိုလျှောက်လှမ်းခဲ့တယ်၊ အခက်အခဲတွေ ဘယ်လိုကျော်လွှားခဲ့တယ်၊ အောင်မြင်မှုကို ဘယ်လိုတည်ဆောက်ရယူခဲ့တယ်၊ သူတို့ရဲ့ စိတ်ဓာတ်က ဘယ်လို၊ သူတို့ရဲ့ အမူအကျင့်တွေက ဘယ်လိုကောင်းတယ် စသဖြင့် ရေးသားထားတဲ့ ဘ၀အောင်မြင်ရေး တက်ကျမ်းစာအုပ်တွေ ကြားထဲမှာ ဒီစာအုပ်နှစ်အုပ်က အတော်ထူးခြားတယ်ပဲ ဆိုရမယ်။

တစ်အုပ်က မြန်မာဘုရင်တွေ လက်ထက်ကနေ လွတ်လပ်ရေးရပြီးခေတ်အထိ သမိုင်းမှာ နာမည်ကျော်ကြားခဲ့သူများရဲ့ ဘ၀အဆုံးသတ်ကို ရေးထားတယ်။ ကိုယ့်ကိုယ်ကိုယ် သတ်သေကြသူတွေတော့ မဟုတ်ဘူး၊ ဆင်းဆင်းရဲရဲနဲ့ ဘ၀ကို နိဂုံးချုပ်ခဲ့ရသူ၊ မထင်မရှား ဇာတ်သိမ်းခဲ့ရသူတွေရဲ့ အကြောင်းပေါ့။ နောက်တစ်အုပ်ကတော့ ကိုယ့်ကိုယ်ကိုယ် သတ်သေသွားတဲ့၊ နိုင်ငံတကာက ထင်ရှားလှတဲ့ အနုပညာရှင်တွေရဲ့ ဘ၀ဖြတ်သန်းမှု အကြောင်းကို စုစည်းပြီး ရေးထားတာ။ ဒါကိုဖတ်ပြီးတဲ့အခါ သူတို့ဘာကြောင့် ကိုယ့်ကိုယ်ကိုယ် သတ်သေရသလဲဆိုတာကို အနည်းအပါး ခန့်မှန်းမိလိမ့်မယ်။

ဒီစာအုပ်နှစ်အုပ်ကို ဖတ်ပြီးသွားတော့ ခေါင်းထဲ အတွေးနှစ်ခုပေါ်လာတယ်။ တစ်ခုက အောင်မြင်မှုရဲ့ သဘောသဘာဝ။

တကယ်တော့ အောင်မြင်တယ်ဆိုတာ မိုးပေါ်ကို ပစ်တင်လိုက်တဲ့ ခဲတစ်လုံးလိုပဲ။ အရှိန်ရှိသလောက်တော့ တက်သွားလိမ့်မယ်။ အရှိန်ကုန်သွားတာနဲ့ ပြန်ကျလာမှာပဲ။ တစ်သက်လုံး မိုးပေါ်ရောက်နေမှာ မဟုတ်ဘူး။ အတက်ပြီးရင် အကျရှိမယ်။ မြင့်ပြီးရင်လည်း နိမ့်တဲ့အချိန်ဆိုတာ ရောက်လာလိမ့်မယ်။

ကမ္ဘာပေါ်က ဘယ်အစိုးရမဆို တစ်သက်လုံး အုပ်ချုပ်လို့မရဘူး၊ အချိန်တန်တော့ ပြန်ဆင်းပေးရမှာပဲ။ ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားအဖြစ်လည်း လွန်ရောကျွံရောနေနိုင်လှ ၁၀ နှစ်ပဲ။ မင်းသားမင်းသမီး နာမည်ကြီးလည်း ဒီလိုပဲ။ အဆိုတော်တွေလည်း ဒီလိုပဲ။ အရှိန်များများပါသူက ပိုမြင့်မြင့်ရောက်မှာ ဖြစ်ပြီးတော့ အမြင့်မှာနေရတာ နည်းနည်းပိုကြာမှာပဲ ကွာတယ်။ သေချာတာက တစ်ချိန်တော့ အားလုံးပြန်ကျရမှာပဲ။

ဒီတော့ကိုယ့်ဘ၀မှာ အောင်မြင်မှုရတိုင်း ဒါဟာ အမြဲတည်တံ့နေတော့မယ့် အရာလို မတွေးနဲ့၊ ဂုဏ်မမောက်နဲ့၊ ဘ၀င်မမြင့်နဲ့၊ အောက်ခြေမလွတ်နဲ့၊ သူတစ်ပါးကိုမနှိမ်နဲ့။ အဲဒီလိုအမြင့်ရောက်နေတုန်း ဒါကိုအသုံးချပြီး အများအတွက် ဘာလုပ်ပေးသွားရမလဲ၊ ကိုယ့်ဘ၀ကို အဓိပ္ပာယ်ရှိအောင် ဘယ်လိုဖြတ်သန်းသွားရမလဲ ဆိုတာသာစဉ်းစား။ အဲဒါကသာ ဒီနေရာကိုရောက်ဖို့ အားသွန်ခွန်စိုက် ကြိုးစားခဲ့ခြင်းရဲ့ အနှစ်သာရအစစ် ဖြစ်လိမ့်မယ်။

နောက်ထပ်တစ်ခုကတော့ ကိုယ့်ဘ၀ကို ပုံဖော်တဲ့နေရာမှာ Big Picture မြင်တတ်ဖို့ လိုတယ်ဆိုတာပါပဲ။ သဘောက ကိုယ့်ဘ၀တိုးတက်ရေးအတွက် ရည်မှန်းချက်ချမယ်ဆိုပါတော့။ ကျွန်တော်တို့ ဘယ်လိုလုပ်တတ်ကြလဲဆိုရင် ငါအသက် ၄၀ မှာ နှလုံးအထူးကုဆရာဝန်ကြီး ဖြစ်ရမယ်။ ဒါမှမဟုတ်လည်း ငါအသက် ၄၀ မှာ ငွေသိန်းတစ်သောင်းပိုင်တဲ့သူ ဖြစ်ရမယ်။ ဒီလိုရည်မှန်းတတ်ကြတယ်။ အဲဒီအခါ ဘ၀က ဘာဖြစ်လာလဲဆိုတော့ ဟန်ချက်မညီဘူး။ Balance မဖြစ်ဘူး။ တကယ်တော့ ဘ၀ဆိုတာ အလုပ်နဲ့ငွေပဲရှိတာမှ မဟုတ်တာ။ ချစ်ခြင်းမေတ္တာ၊ အများအကျိုးပြုနိုင်မှု၊ ဘ၀တန်ဖိုး၊ ခံစားမှုရသ၊ ဒါတွေလည်း ရှိသေးတယ်။

ဒါကြောင့် ပညာတစ်ခုတည်း၊ ဥစ္စာပစ္စည်း ပိုင်ဆိုင်မှုတစ်ခုတည်း မျှော်မှန်းတာထက် ပိုပြီးပြည့်စုံရင်၊ Comprehensive ဖြစ်ရင်ပိုကောင်းမယ်။ ဘယ်လိုမိသားစုလေး ပိုင်ဆိုင်ရမယ်၊ ကိုယ်ဝါသနာပါတာ ဘာရှိလဲ၊ ခရီးထွက်ရတာလား၊ စာဖတ်ရတာလား၊ ပန်းချီကားစုရတာလား စသဖြင့် ၀ါသနာပါတာလေးတွေ လုပ်သွားမယ်၊ အများအကျိုးပြု ပရဟိတအလုပ်တွေ ဘယ်လိုလုပ်မယ်၊ ဒါမျိုးဘ၀တစ်ခုလုံးစာ မြင်ယောင်ကြည့်ပြီး ရည်မှန်းချက်တွေ၊ အစီအစဉ်တွေ ချတတ်ဖို့လိုမယ်။ လက်တွေ့လည်း အကောင်အထည် ဖော်တတ်ဖို့လိုမယ်။

မဟုတ်ရင် အောင်မြင်ကျော်ကြားတဲ့ အနုပညာရှင်တစ်ယောက်တော့ ဖြစ်ပါရဲ့၊ လူတွေက အားပေးကြပေမယ့်၊ ကိုယ့်ဘ၀မျိုး လိုချင်လိုက်တာ၊ အားကျလိုက်တာဆိုပြီး ပြောနေကြပေမယ့် ကိုယ့်မှာတော့ စိတ်ဖိစီးမှုတွေနဲ့ မပျော်မရွှင် ဖြစ်နေရလိမ့်မယ်။ ငယ်တုန်းရွယ်တုန်းတော့ အောင်မြင်ခဲ့ပေမယ့် ကြီးလာတဲ့အခါ ဆင်းဆင်းရဲရဲ နိဂုံးချုပ်ရလိမ့်မယ်။ ဒါကြောင့် လက်ရှိကိုယ့်ပရော်ဖက်ရှင်မှာ အောင်မြင်နေတိုင်း၊ ငွေကြေးပြည့်စုံနေတိုင်း ပြီးပြည့်စုံပြီလို့ ပြောလို့မရဘူး။

ဒါဆို ဘ၀တစ်ခုလုံးစာ အောင်မြင်ဖို့၊ ပျော်ရွှင်ရဖို့ ဘာလုပ်ကြရမလဲ။ ခုစာအုပ်တွေထဲမှာပါတဲ့ ကျော်ကြားသူတွေ၊ အနုပညာရှင်တွေ အကြောင်းဖတ်ပြီး အဓိကလေးချက်ကို ဆွဲထုတ်မိတယ်။

၁။ ငွေရေးကြေးရေး

ဘ၀တစ်သက်တာ ပျော်ရွှင်ချင်တဲ့သူ၊ အောင်မြင်ချင်တဲ့သူဟာ ငွေကြေးကို ကောင်းကောင်း စီမံခန့်ခွဲနိုင်ဖို့ လိုတယ်။ အောင်မြင်တုန်းမှာ ချမ်းသာတဲ့ဒဏ်ကို မခံနိုင်ဘူး၊ နာမည်ကျော်ကြားတဲ့ဒဏ်ကို မခံနိုင်ဘူး။ လောင်းကစားတွေလုပ်တယ်၊ သုံးတယ်၊ ဖြုန်းတယ်၊ မူးယစ်ဆေးတွေလုပ်တယ်။ မိန်းမရှုပ်တယ်။ တစ်သက်လုံး ဒီဝင်ငွေတွေကို ရနေတော့မယ့် ပုံစံနဲ့ပေါ့။ အဲဒီလိုတွေလုပ်တော့ တစ်ဖက်မှာ အလုပ်ကိုလည်း ထိခိုက်လာတယ်။ အများစုက သူနဲ့အလုပ်မလုပ်ချင်တော့ဘူး။ ဒီအခါမှာ ၀င်ငွေက အရင်လိုမကောင်းတော့ဘူး။ သုံးထားဖြုန်းထားတော့ စုမိဆောင်းမိကလည်း မရှိဘူး။ နောက်ဆုံးမှာ ဆင်းဆင်းရဲရဲနဲ့ ဘ၀ကို ဖြတ်သန်းရတယ်။ မခံနိုင်တဲ့အဆုံး ကိုယ့်ကိုယ်ကိုယ် သတ်သေတာမျိုးအထိ ဖြစ်လာနိုင်တယ်။

ဒါကြောင့် ဘေဘီလုံမှာ အချမ်းသာဆုံး ပုဂ္ဂိုလ်ဆိုတဲ့ စာအုပ်ထဲကလိုပြောရရင် ကိုယ်ရလာတဲ့ငွေတွေကို ကိုယ့်အတွက် အလုပ်လုပ်ပေးမယ့် ကျွန်တွေလို သဘောထားနိုင်ဖို့လိုတယ်။ ဆိုလိုတာက ကိုယ်ကျွမ်းကျင်ရာ တစ်ခုခုမှာ ရင်းနှီးမြှုပ်နှံတာမျိုးပေါ့။ ဘောလုံးသမားတွေ သူတို့နာမည်ကိုသုံးပြီး အသုံးအဆောင်တွေထုတ်တာ၊ မင်းသားတွေ ရုပ်ရှင်ကုမ္ပဏီ ထောင်ထားတာ၊ တစ်ဖက်မှာ ကိုယ့်အလုပ်ကိုယ် ကြိုးစားရင်း ရလာတဲ့ ငွေတွေကို တစ်ဖက်မှာ ထပ်ထပ်ပွားနေအောင် လုပ်ထားကြတာပေါ့။ စုထားတာကတော့ ဒီကျွန်တွေကို မခိုင်းဘဲ ဒီအတိုင်း ထိုင်နေခိုင်းတာနဲ့ တူပါသတဲ့။ ဒါက တော်ပါသေးတယ်။ ကိုယ်လိုရင် လုပ်ခိုင်းလို့ရသေးတာကို။ အဆိုးဆုံးကတော့ သုံးပစ်လိုက်တာပါပဲ။ ဒါဟာ ဒီကျွန်တွေကို အပြီးအပိုင် သတ်ပစ်လိုက်တာနဲ့တူတယ်။ ဒါကြောင့် လက်ရှိမှာ ကိုယ်ဟာ ဘယ်လောက် အောင်မြင်နေပါစေ၊ သုံးလို့မကုန်လောက်အောင်ကို ငွေတွေဝင်နေပါစေ၊ ဒီလိုမျိုးသာ ငွေကြေးကို မစီမံနိုင်ဘူးဆိုရင် ကိုယ့်ဘ၀အဆုံးသတ်က လှဖို့မလွယ်ပါဘူး။

၂။ ပညာရေး

တချို့အလုပ်တွေက အချိန်၊ အသက်အရွယ်၊ ကျန်းမာသန်စွမ်းမှု စသဖြင့် အကန့်အသတ်တွေရှိတယ်၊ ဘောလုံးသမား တစ်သက်လုံး ကန်နေလို့မရဘူး၊ အဆိုတော်၊ မင်းသား မင်းသမီး တစ်သက်လုံး ဒီအသံ၊ ဒီမျက်နှာအတိုင်း ရှိနေမှာမဟုတ်ဘူး။

ပညာရွှေအိုး လူမခိုးဆိုသလို ကိုယ်နဲ့အမြဲ အတူရှိနေမှာကတော့ တခြားမဟုတ်ဘူး။ ပညာပဲ။ စိတ်ဝင်စားစရာ ကောင်းတာလေးတစ်ခု ဖတ်ဖူးတယ်။ အင်္ဂလန်က ဘောလုံးသမားတွေနဲ့ ဂျာမနီက ဘောလုံးသမားတွေကို ယှဉ်ပြောထားတာ။ ဘာလဲဆိုတော့ အင်္ဂလန်က ဘောလုံးသမားတွေဟာ ကစားသမားဘ၀က အနားယူပြီးရင် ထွန်းထွန်းပေါက်ပေါက် ဖြစ်လာသူ နည်းတယ်တဲ့။ အများစုက ဘောလုံးဝေဖန်သူ၊ အစီအစဉ် တင်ဆက်သူလောက်ပဲ ဖြစ်လာကြတယ်။ ဂျာမနီ ဘောလုံးသမားတွေကတော့ ဒီလိုမဟုတ်ဘူး၊ စီမံခန့်ခွဲမှု ရာထူးမျိုးတွေပါ ယူနိုင်ကြတယ်တဲ့။ ဘာလို့ အဲ့လိုကွာသွားတာလဲဆိုတော့ ဂျာမနီဘောလုံးသမားတွေက ဘောလုံးကန်နေစဉ်မှာကိုပဲ ပညာရေးကို လျစ်လျူရှုမထားဘဲနဲ့ ဒီဂရီတစ်ခုခုရအောင် ယူထားတတ်ကြလို့ ဖြစ်ပါတယ်။ ဒီတော့ ဘောလုံးသမားဘ၀က အနားယူတဲ့အခါမှာလည်း ပညာအားနဲ့ အောင်မြင်တဲ့ဘ၀တစ်ခုကို ရနေကြတာပါ။

ဒါကြောင့် ကိုယ်ကနဂိုကတည်းက ပညာကိုအခြေခံပြီး အသက်မွေးဝမ်းကျောင်း ပြုနေသူဆို ကိစ္စမရှိပေမယ့် အဲဒီလိုသာ မဟုတ်ခဲ့ဘူးဆိုရင်တော့ ပညာရေးကိုလည်း အာရုံစိုက်ထားဖို့ လိုပါလိမ့်မယ်။ ဘွဲ့လက်မှတ်ရဖို့ထက် ဒီခေတ်မှာ အောင်အောင်မြင်မြင် အလုပ်လုပ်နိုင်ဖို့က ပညာတတ်မှကို ရတော့မယ့် သဘောဖြစ်နေလို့ပါ။

၃။ ကိုယ့်ကိုယ်ကိုယ် ထိန်းသိမ်းနိုင်စွမ်း

ခုခေတ်မှာ သိပ်ကိုဇောင်းပေးလာကြတဲ့ Emotional Intelligence (EQ) မှာပါဝင်တဲ့ အစိတ်အပိုင်းတစ်ခုပါ။ မအောင်မြင်ခင်မှာ ကိုယ့်ကိုယ်ကိုယ် ထိန်းသိမ်းရတယ်။ အဆိုတော်လုပ်မယ့်သူက စားချင်ရာလျှောက်စားလို့ မရဘူး။ အိပ်ရေးပျက်ခံလို့မရဘူး။ ကျောင်းသားက စာမကျက်လို့မရဘူး။ ချမ်းသာချင်တဲ့သူက ၀င်ငွေနည်းနေသေးတဲ့အချိန်မှာ သုံးချင်စွဲချင်တာတွေကို လျှော့ရတယ်။ ဆင်ခြင်ရတယ်။ အလုပ်မှာ အောင်မြင်ချင်တဲ့သူက ကိုယ့်စိတ်ခံစားချက်တွေကို ထိန်းရတယ်။

ဒီလိုပဲ အောင်မြင်လာတဲ့အခါမှာလည်း ကိုယ့်ကိုယ်ကိုယ် ထိန်းသိမ်းနိုင်ဖို့လိုတယ်။ ကိုယ်ပိုင်ဆိုင်လာတဲ့ ချမ်းသာမှု၊ နာမည်ကျော်ကြားမှု၊ ငွေကြေးတွေက ကိုယ့်ကိုပြန်ပိုင်မသွားအောင်၊ ဖျက်ဆီးမသွားနိုင်အောင် ကြိုးစားရလိမ့်မယ်။ မဟုတ်ရင် ရေရှည်အောင်မြင်ဖို့ခက်တယ်။

၎။ အစွဲအလမ်းတွေလျှော့ဖို့

ကားပါကင်ပြဿနာ ကြုံတွေ့နေရတဲ့ ရန်ကုန်မှာ တစ်ခါတလေဆို လိုရာခရီးကို ရောက်နေပေမယ့် အဲဒီပါလာတဲ့ကားကို ရပ်စရာနေရာမရှိလို့ တ၀ဲလည်လည်ရှာနေရတဲ့ အဖြစ်မျိုး ကြုံရတတ်တယ်။ ကိုယ်ပိုင်ကားနဲ့ မလာဘဲ တက္ကစီစီးလာတာက ရပ်စရာနေရာ ရှားပါးနေတဲ့ ခုလိုအချိန်မှာ ပိုအဆင်ပြေတတ်ပါတယ်။

ဘ၀ဆိုတာလည်း ဒီလိုပါပဲ။ ကိုယ်ပိုင်ကားလို့ခေါ်တဲ့ အနှောင်အဖွဲ့ တစ်ခုပါလာခဲ့ရင် လိုရာခရီးကိုရောက်ဖို့ အဆုံးသတ်မှာ နှောင့်နှေးနေတတ်သလို သံယောဇဉ်တွေ အစွဲအလမ်းတွေ များနေခဲ့ရင်လည်း လူ့ဘ၀ရဲ့ အဆုံးသတ်မှာ ဒုက္ခရောက်တတ်ပါတယ်။ ဒါကြောင့် အဲဒီအစွဲအလမ်းတွေကို လျှော့နိုင်သလောက်လျှော့ပြီး ကိုယ့်ဘ၀ကိုကိုယ် လှလှပပ အဆုံးသတ်နိုင်ဖို့ အားထုတ်ကြစေချင်ပါတယ်။