ပါကစ္စတန်သည်  နျူကလီးယားထိပ်ဖူး တစ်ခုကို သယ်ဆောင်သွားနိုင်သော ၎င်း၏ ပထမဆုံး ရေငုပ်သင်္ဘောပစ် ခရုဇ်ဒုံးကျည်ကို ဇန်န၀ါရီ ၉ ရက်က ပစ်လွှတ်စမ်းသပ်ခဲ့သည်။ ထိုစမ်းသပ်မှုကြောင့် ပါကစ္စတန်သည် ယုံကြည်စိတ်ချနိုင်လောက်သော ဒုတိယမြောက် ပစ်ခတ်မှု စွမ်းရည်ကို ရရှိသွားပြီ ဖြစ်သည်ဟု ပါကစ္စတန်စစ်တပ်က ထုတ်ပြန်ခဲ့သည်။

ထိုဒုံးကျည်ကို ရွှေ့ပြောင်းနိုင်သည့် ရေအောက်ပလက်ဖောင်း တစ်ခုမှ ပစ်ခတ်ခဲ့ခြင်း ဖြစ်ပြီး ပစ်မှတ်ကို တိတိကျကျ ထိမှန်ခဲ့ကြောင်း စစ်တပ်ထုတ်ပြန်ချက်ထဲတွင် ဖော်ပြခဲ့သည်။ အဆိုပါ ဒုံးကျည်သည် ကီလိုမီတာ ၄၅၀ (မိုင် ၂၈၀) အကွာအဝေးအထိ ပစ်လွှတ်နိုင်ပြီး  နျူကလီးယား ထိပ်ဖူးတစ်ခုကို သယ်ဆောင်သွားနိုင်ကြောင်း စစ်တပ်မှ ပြောခွင့်ရ ပုဂ္ဂိုလ်တစ်ဦးက အတည်ပြုခဲ့သည်။

“Babur - 3 ဟာ မြေပြင်ပစ် ခရုဇ်ဒုံးကျည် (GLCM) Babur-2 ရဲ့ ပင်လယ်ပစ် ဒုံးကျည်မူကွဲ ဖြစ်ပါတယ်” ဟု ထုတ်ပြန်ချက်ထဲတွင် ဖော်ပြခဲ့သည်။ Babur-2 ကို ယမန်နှစ် ဒီဇင်ဘာ အစောပိုင်းက အောင်မြင်စွာ စမ်းသပ်ခဲ့ပြီး ဖြစ်သည်။ “အခု ရရှိတဲ့ အောင်မြင်မှုဟာ ယုံကြည်စိတ်ချရတဲ့ အနိမ့်ဆုံး အရန်အတားတစ်ခု ရရှိရေး မူဝါဒကို အားဖြည့်ပေးတဲ့ ခြေလှမ်းတစ်ခု ဖြစ်တယ်လို့ ပါကစ္စတန်က ရှုမြင်ပါတယ်” ဟု ထုတ်ပြန်ချက်ထဲတွင် ဖော်ပြခဲ့သည်။

ဗြိတိန်လက်အောက်မှ လွတ်မြောက်ခဲ့သည့် ၁၉၄၇ ခုနှစ်နောက်ပိုင်း စစ်ပွဲ သုံးကြိမ် ဖြစ်ပွားပြီးဖြစ်သည့် ပါကစ္စတန်နှင့် အိမ်နီးချင်း ပြိုင်ဘက် အိန္ဒိယနိုင်ငံတို့သည်  နျူကလီးယားလက်နက် ပိုင်ဆိုင်ကြောင်း ၁၉၉၈ ခုနှစ်က ထုတ်ပြန်ခဲ့ကြသည်။ ထိုနောက်ပိုင်းမှစ၍ ဒုံးကျည်စမ်းသပ် ပစ်ခတ်မှုများကို ပုံမှန်ပြုလုပ်လေ့ ရှိကြသည်။ ထိုနှစ်နိုင်ငံလုံးသည်  နျူကလီးယား ထိပ်ဖူးကို သယ်ဆောင်နိုင်သော မြေပြင်မှ မြေပြင်ပစ် ပဲ့ထိန်းဒုံးကျည်များကို ယခင်ကတည်းက ပစ်လွှတ်နိုင်ခဲ့ပြီးဖြစ်သည်။

ယခု စမ်းသပ်ခဲ့သည့် Babur-3 (SLCM) သည် မြေပြင်တိုက်ခိုက်ရေးတွင် အသုံးပြုပါက ဒုံးကျည် အမျိုးမျိုးကို ပစ်လွှတ်နိုင်စွမ်း ရှိသည်ဟု ပါကစ္စတန် စစ်တပ်က ဆိုသည်။ ထိုဒုံးကျည်က ပါကစ္စတန်ကို ယုံကြည်ရနိုင်လောက်သည့် ဒုတိယမြောက် ပစ်ခတ်နိုင်မှု စွမ်းရည်ကို ပေးနိုင်လိမ့်မည်ဟု သိရသည်။

အိန္ဒိယနှင့် ပါကစ္စတန် နိုင်ငံတို့ကြားမှ တင်းမာမှုသည် ယခင်နှစ် စက်တင်ဘာလ အတွင်းက အိန္ဒိယဘက်ခြမ်း ကက်ရှ်မီးယား ဒေသထဲရှိ စစ်စခန်းတစ်ခု တိုက်ခိုက်ခံရမှု ဖြစ်ပွားပြီးနောက် မြင့်တက်လာခဲ့သည်။ အိန္ဒိယ အစိုးရကမူ ထိုတိုက်ခိုက်မှုသည် ပါကစ္စတန် အခြေစိုက် အစ္စလာမ္မစ်အုပ်စု ဂျရစ်အီမိုဟာမက်၏ လက်ချက် ဖြစ်သည်ဟု အပြစ်တင်ခဲ့သည်။

Ref: AFP