ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး မာမွတ်အလီသည် ရခိုင်ပြည်နယ်အရေး ဆွေးနွေးရန် မြန်မာနိုင်ငံ ရန်ကုန်မြို့သို့ ဩဂုတ်လ ၉ ရက်တွင် ရောက်ရှိပြီး ရခိုင်ပြည်နယ်သို့သွားရောက်ရန် စီစဉ်နေကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန အဆင့်မြင့်အရာရှိတစ်ဦးက ပြောကြားသည်။
ရန်ကုန်၊ ဩဂုတ် ၉

ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး မာမွတ်အလီသည် ရခိုင်ပြည်နယ်အရေး ဆွေးနွေးရန် မြန်မာနိုင်ငံ ရန်ကုန်မြို့သို့ ဩဂုတ်လ ၉ ရက်တွင် ရောက်ရှိပြီး ရခိုင်ပြည်နယ်သို့သွားရောက်ရန် စီစဉ်နေကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန အဆင့်မြင့်အရာရှိတစ်ဦးက ပြောကြားသည်။

“ဒီနေ့ရောက်နေပြီ။ မနက်ဖြန်မှာ ခရီးစဉ်အတွက် ဆွေးနွေးမယ်။ ရခိုင်ဘက်ကို သွားဖို့တော့ရှိတယ်။ ကျွန်တော်တို့လည်း ခွင့်ပြုမှာပါ။ လက်ရှိမှာ အသေးစိတ်ကို ညှိနေတယ်”ဟု ၎င်းက ဆိုသည်။

ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး မာမွတ်အလီ၏ ဩဂုတ် ၉ ရက်မှ ၁၂ ရက် အထိခရီးစဉ်အတွင်း ဘင်္ဂါလီများကို ပြန်ပို့မည့်အစီအစဉ်များအတွက် နိုင်ငံခေါင်းဆောင်များနှင့် တွေ့ဆုံဆွေးနွေးမည်ဖြစ်ပြီး ရခိုင်ပြည်နယ်သို့ သွားရောက်မည်ဖြစ်ကြောင်း Dhaka Tribune သတင်းစာတွင် ဖော်ပြထားသည်။

“နိုင်ငံခြားရေးဝန်ကြီးလာမယ်ဆိုရင် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံဆွေးနွေးပါလို့ ပြောချင်တယ်။ လက်ရှိမှာ ဘင်္ဂါလီတွေကို လက်ခံဖို့ကိစ္စနဲ့ ပတ်သက်ပြီး ဘယ်လို MoU ထိုးထားလည်း မသိပေမယ့် ၈၂ မြန်မာနိုင်ငံသား ဥပဒေနဲ့အညီ ဝင်လာမယ်ဆိုရင် ပွင့်ပွင့်လင်းလင်း လက်ခံမှာပါ”ဟု မြောက်ဦးမဲဆန္ဒနယ်မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းသာစိန်က မှတ်ချက်ပြုသည်။

လက်ရှိတွင်မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံကြား ဘင်္ဂါလီလူမျိုးများ ပြန်လည်လွှဲပြောင်းနေရာချထားမှုများနှင့် ပတ်သက်၍ ညှိနှိုင်းသဘောတူလက်မှတ် ရေးထိုးထားပြီးဖြစ်သည်။

ယင်းသို့ သဘောတူထားစဉ်အတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးအား ရခိုင်ပြည်နယ်သို့ ဝင်ရောက်လေ့လာခွင့်ပေးခြင်းသည် မြန်မာနိုင်ငံအတွက် ပွင့်လင်းမြင်သာမှုကို ဖြစ်စေကြောင်း သံတွဲမြိုနယ်မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းနိုင်က မှတ်ချက်ပြုပြောဆိုသည်။