မြစ်သားမြို့နယ် တေစိုးကျေးရွာမှ ဒေသခံတောင်သူ ၅ ဦးကို မြို့နယ်နှင့် ခရိုင်တရားရုံးများက ပြစ်မှုမမြောက်သဖြင့် အမှုမှ အပြီးပြတ်လွှတ်ခဲ့သော်လည်း မန္တလေးတိုင်းဒေသကြီး တရားလွှတ်တော်က ပြစ်ဒဏ်ချမှတ်ခဲ့ရာ တောင်သူ ၅ ဦးက ဒဏ်ငွေမဆောင်ပဲ ထောင်ဒဏ် ၂၈ ရက်ကို ရွေးချယ်ပြီး ပြစ်ဒဏ်ခံခဲ့ကြောင်း ယင်းတောင်သူများထံမှ သိရသည်။


မန္တလေး၊ သြဂုတ် ၁၀

မြစ်သားမြို့နယ် တေစိုးကျေးရွာမှ ဒေသခံတောင်သူ ၅ ဦးကို မြို့နယ်နှင့် ခရိုင်တရားရုံးများက ပြစ်မှုမမြောက်သဖြင့် အမှုမှ အပြီးပြတ်လွှတ်ခဲ့သော်လည်း မန္တလေးတိုင်းဒေသကြီး တရားလွှတ်တော်က ပြစ်ဒဏ်ချမှတ်ခဲ့ရာ တောင်သူ ၅ ဦးက ဒဏ်ငွေမဆောင်ပဲ ထောင်ဒဏ် ၂၈ ရက်ကို ရွေးချယ်ပြီး ပြစ်ဒဏ်ခံခဲ့ကြောင်း ယင်းတောင်သူများထံမှ သိရသည်။

မြစ်သားရုံးက အပြစ်မရှိဘူးလို့ ချထားတာကို တိုင်းတရားလွှတ်တော်က အခုလို ပြစ်ဒဏ်ချတာဟာ တရားမျှတမှုမရှိဘူးလို့ ဆိုချင်ပါတယ်။ အခုလို ငွေဒဏ်မဆောင်ပဲ ထောင်ဒဏ်ရွေးရတာဟာ သမ္မတကြီးဦးဝင်းမြင့်နဲ့ အမေစုသိစေချင်လို့ပါဟု ပြစ်ဒဏ်ခံရသူဒေါ်ခင်ညိုက ပြောကြားသည်။

မန္တလေးတိုင်းတရားလွှတ်တော်က ဇူလိုင်လ ၁၇ ရက်နေ့က ယင်းတောင်သူများအပေါ်တွင် ပုဒ်မ-၄၄၇/၄၂၇ အရ ဒဏ်ငွေ (၂၀ဝိ/-) ပေးဆောင်ရန်နှင့် ဒဏ်ငွေမဆောင်ပါက ထောင်ဒဏ် (၁၄) ရက်စီ ကျခံစေရန်ပြင်ဆင် အမိန့်ချခဲ့ကြောင်း၊ ယင်းအမိန့်ကို သြဂုတ် ၁၀ ရက်နေ့တွင် မြစ်သားမြို့နယ်တရားရုံးက အတည်ပြုအမိန့်ချခဲ့ရာ တောင်သူများက ငွေဒဏ်ကို မရွေးချယ်ပဲ ထောင်ဒဏ် ၂၈ ရက်ကို ရွေးချယ်ခဲ့ခြင်းဖြစ်သည်။

မြစ်သားမြို့နယ်၊ တေစိုးကျေးရွာမှ ထွန်တုန်းတိုက်ပွဲပြုလုပ်သူ ဒေသခံတောင်သူ ဒေါ်ခင်ညိုအပါအဝင် ၅ ဦးကို ၂၀၁၆ ဧပြီလ ၈ ရက်နေ့တွင် မြစ်သားမြို့နယ်တရားရုံးသို့ တရားစွဲတင်ပို့ခဲ့ပြီး ၂၀၁၇ နှစ် သြဂုတ်လ ၄ ရက်နေ့က ယင်းတရားရုံးက ပြစ်မှုမမြောက်သဖြင့် အမှုမှ အပြီးပြတ်လွှတ်သည့် အမိန့်ချမှတ်ခဲ့ကြောင်း ယင်းတရားရုံးထံမှသိရသည်။

ယင်းတောင်သူ ၅ ဦးသည် ၂၀၁၅ ခုနှစ် အောက်တိုဘာလ ၁၈ ရက်နေ့က လွန်ကျော်စိုက်ကွင်း၊ ကွင်းအမှတ် ၆၀၉/၆၁၀/၆၁၁ တို့တွင် ထွန်တုန်းတိုက်ပွဲပြုလုပ်သဖြင့် လွန်ကျော်ဝါသုတေနမျိုးသန့် ခြံမန်နေဂျာ ဦးဝင်းမြင့်က တရားလိုပြုလုပ်ကာ ပုဒ်မ ၄၄၇၊ ပုဒ်မ ၄၂၇ တို့အရ တရားစွဲဆိုခဲ့သော အမှုဖြစ်ကြောင်း ယင်းမြစ်သားတရားရုံးးထံမှ သိရသည်။

ယင်းဒေသခံ တောင်သူများပိုင်ဆိုင်သော လယ်ယာမြေများကို ၁၉၆၃ ခုနှစ်တွင် တစ်ကြိမ်၊ ၁၉၇၉/၁၉၈၀ ခုနှစ်တွင်တစ်ကြိမ်၊ ၁၉၈၃/၁၉၈၄ ခုနှစ်ကတစ်ကြိမ် လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက ဝါသုတေနပြုလုပ်ရန် သိမ်းဆည်းခဲ့ခြင်းဖြစ်သည်။

M-01