ယခုနှစ် သင်္ကြန်ကာလတွင် စီးပွားဖြစ်မဏ္ဍပ်များကို ပြည်လမ်းတစ်ခုတည်းသာ ခွင့်ပြုမည်ဆိုသည့်သတင်းကြောင့် မဏ္ဍပ်ဆောက်လုပ်ရန် ခြံပိုင်ရှင်များထံမှ မြေငှားရမ်းခမှာ ယခုနှစ်တွင် ကျပ်သိန်း ခြောက်ရာမှ ကျပ်သိန်းတစ်ထောင်အထိ ဈေးနှုန်းများ မြင့်တက်လျက်ရှိကြောင်း နှစ်စဉ် ရေကစားမဏ္ဍပ် ဆောက်လုပ်သူများထံမှ သိရသည်။
ရန်ကုန်၊ မတ် ၁၃

ယခုနှစ် သင်္ကြန်ကာလတွင် စီးပွားဖြစ်မဏ္ဍပ်များကို ပြည်လမ်းတစ်ခုတည်းသာ ခွင့်ပြုမည်ဆိုသည့်သတင်းကြောင့် မဏ္ဍပ်ဆောက်လုပ်ရန် ခြံပိုင်ရှင်များထံမှ မြေငှားရမ်းခမှာ ယခုနှစ်တွင် ကျပ်သိန်း ခြောက်ရာမှ ကျပ်သိန်းတစ်ထောင်အထိ ဈေးနှုန်းများ မြင့်တက်လျက်ရှိကြောင်း နှစ်စဉ် ရေကစားမဏ္ဍပ် ဆောက်လုပ်သူများထံမှ သိရသည်။

အဆိုပါ ပြည်လမ်းတွင် မဏ္ဍပ်ဆောက်လုပ်ရန် မြေငှားရမ်းခမှာ ကျပ်သိန်းတစ်ထောင်အထိ ဈေးနှုန်းများ မြင့်တက်လာသည့်အတွက် အခြားသော လမ်းများတွင်ပါ စီးပွားဖြစ်မဏ္ဍပ်များ ခွင့်ပြုပေးရန် လိုအပ်ကြောင်း ရေကစားမဏ္ဍပ် ဆောက်လုပ်မည့်သူများက ပြောကြားသည်။

“ပြည်လမ်းက ကန်ဘောင်ဘက် ပေးမယ်ဆိုပြီး အခုကျ ကန်ဘောင်ဘက် မပေးဘူး။ ခြံဘက်ပဲ ပေးတော့တယ်။ ခြံငှားခကိုပဲ သိန်း ၆၀၀ နဲ့ ၁၀၀ဝ ကြားလောက် ခေါ်နေတော့ မဏ္ဍပ်ဆောက်လုပ်မယ့်သူတွေအတွက် အခက်အခဲတွေ ဖြစ်နေတယ်။ ခြံသမားတွေက သိန်း ၆၀၀ တောင် မငှားချင်ကြဘူး။ ဈေးဘယ်သူ ပိုပေးမလဲ စောင့်နေကြတယ်”ဟု နှစ်စဉ် ရေကစားမဏ္ဍပ် ဆောက်လုပ်နေသူ လုပ်ငန်းရှင်တစ်ဦးက ဆိုသည်။

၂၀၁၇ သင်္ကြန်ကာလအတွင်းက ပြည်လမ်းရှိ ခြံပိုင်ရှင်များထံမှ မြေကွက်ကျယ် ငှားရမ်းခမှာ ကျပ်သိန်း ၄၀၀ မှ သိန်း ၅၀၀ အမြင့်ဆုံး ရှိခဲ့သော်လည်း ယခုနှစ်တွင် စီးပွားဖြစ်မဏ္ဍပ် ဆောက်လုပ်လိုသူများမှ မြေကွက်ကျယ်များကို သွားရောက် ငှားရမ်းရာတွင် ကျပ်သိန်း ၆၀၀ အထက်ပေးမည်ဟု ဆိုသော်လည်း ငှားရမ်းမည့်သူမရှိဘဲ သင်္ကြန်ကာလ နီးကပ်သည့်ကာလအတွင်း ဈေးနှုန်းများ တိုးမြှင့်တောင်းမည့် အခြေအနေတွင်ရှိကြောင်း ရေကစားမဏ္ဍပ်ဆောက်ရန် မြေနေရာ လိုက်လံ ငှားရမ်းနေသည့် လုပ်ငန်းရှင်များထံမှ စုံစမ်းသိရှိရသည်။

ယခင်အစိုးရလက်ထက်က ကန်တော်ကြီးပတ်လမ်း၊ အင်းလျားလမ်း၊ ပြည်လမ်း၊ ကမ္ဘာအေးဘုရားလမ်းနှင့် ဝေဇယန္တာလမ်းမကြီးတို့တွင် စီးပွားဖြစ်မဏ္ဍပ်များကို ခွင့်ပြုခဲ့သော်လည်း ယခုအစိုးရလက်ထက်တွင် မိသားစုမဏ္ဍပ်များကိုသာ ခွင့်ပြုပေးခဲ့ပြီး ကန်တော်ကြီး ပတ်လမ်းနှင့် ကမ္ဘာအေးဘုရားလမ်းတို့တွင် စီးပွားဖြစ်မဏ္ဍပ်များ ဆောက်ခွင့်မပေးကြောင်းနှင့် ယခုနှစ်တွင် ပြည်လမ်းတွင် စီးပွားဖြစ်မဏ္ဍပ်များကို ခွင့်ပြုရန် စီစဉ်နေကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီထံမှ သိရသည်။

J-10