မန္တလေးမြို့ ၁၆ မိုင် စစ်ဆေးရေးဂိတ်တွင် ခရီးသည်တင်ယာဉ်ဖြင့် ကျပ်သိန်းသုံးထောင်ကျော်ဖိုးရှိ ဘိန်းဖြူများ သယ်ဆောင်လာသူ အမျိုးသားတစ်ဦး ဩဂုတ်လ ၈ ရက်နေ့က ထွက်ပြေးလွတ်မြောက်သွားခဲ့ကြောင်း မန္တလေးတိုင်း ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။
မန္တလေး၊ ဩဂုတ် ၉

မူးယစ်တပ်ဖွဲ့ဝင်များသည် မူးယစ်ဆေးဝါးသတင်းအရ မူဆယ်မှမန္တလေးသို့ မောင်းနှင်လာသည့် ခရီးသည်တင်ယာဉ်တစ်စီးကို တားဆီးစစ်ဆေးစဉ် ထွက်ပြေးလွတ်မြောက်သွားခဲ့ခြင်းဖြစ်ကြောင်း အုန်းချောနယ်မြေရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ 

ထွက်ပြေးလွတ်မြောက်သွားသူမှာ လွှမ်းဝေအမည်ရှိ အမျိုးသားဖြစ်ပြီး ရဲတပ်ဖွဲ့ဝင်များ ယာဉ်ပေါ်တက်စစ်ဆေးစဉ် ထွက်ပြေးလွတ်မြောက်သွားခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။

လွမ်းဝေ၏ ပစ္စည်းများကို စစ်ဆေးရာ၌ ရေပူရေအေးစက်နှင့် ဆောင်းဘောက်ခွံတို့အတွင်း ထည့်သွင်းသယ်ဆောင်လာသည့် ၁၂ ဂရမ်ပါ ဘိန်းဖြူ ဆပ်ပြာခွက် ၃၉၆ ခွက်၊ ကာလတန်ဖိုး ၃၃၂,၆၄၀,၀၀၀ ကျပ် တွေ့ရှိခဲ့ကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။

ထွက်ပြေးလွတ်မြောက်သွားသည့် လွမ်းဝေကို အုန်းချောနယ်မြေရဲစခန်းက မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးနှိမ်နင်းရေး ဥပဒေပုဒ်မ ၁၉ (က) အရ အမှုဖွင့်ထားကြောင်း ယင်းရဲစခန်းထံမှသိရသည်။  

M-04