၁၉၈၈ အရေးတော်ပုံကို စတင် ဖြစ်ပွားစေခဲ့သည့် ကိုဖုန်းမော်နှင့် ကိုစိုးနိုင် ကျဆုံးခြင်း နှစ် ၃၀ ပြည့် အခမ်းအနားကို ရန်ကုန်နည်းပညာတက္ကသိုလ်၌ မတ်လ ၁၃ ရက်နေ့က ကျင်းပခဲ့သည်။

ရန်ကုန်၊ မတ် ၁၃

၁၉၈၈ အရေးတော်ပုံကို စတင် ဖြစ်ပွားစေခဲ့သည့် ကိုဖုန်းမော်နှင့် ကိုစိုးနိုင် ကျဆုံးခြင်း နှစ် ၃၀ ပြည့် အခမ်းအနားကို ရန်ကုန်နည်းပညာတက္ကသိုလ်၌ မတ်လ ၁၃ ရက်နေ့က ကျင်းပခဲ့သည်။

အဆိုပါအခမ်းအနားသို့ ပြည်ထောင်စု အစိုးရနှင့် ရန်ကုန်တိုင်းအစိုးရကို ဖိတ်ကြားခဲ့ရာ တက်ရောက်ခြင်း မရှိသော်လည်း ဧရာဝတီတိုင်းအစိုးရအဖွဲ့မှ လျှပ်စစ်နှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးဝင်းဌေး တစ်ဦးသာ တက်ရောက်ခဲ့ကြောင်း ကျင်းပရေး ကော်မတီထံမှ သိရသည်။

ယခင်နှစ်များက နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သဝဏ်လွှာ ပေးပို့လေ့ရှိသော်လည်း ယခုနှစ်တွင် ပေးပို့ခြင်း မရှိသောကြာင့် ယခင်နှစ်က ပေးပို့ခဲ့သော သဝဏ်လွှာကို ယခုနှစ်တွင် ထပ်မံ ဖတ်ကြားခဲ့ရသည်။

“အစိုးရခေါင်းဆောင်ပိုင်းတွေ၊ လွှတ်တော် အကြီးအကဲတွေ မတက်ပေမယ့် ကျွန်တော်တို့ အခမ်းအနားလုပ်ရတဲ့ အနှစ်သာရကတော့ မပျောက်သွားပါဘူး။ လူကြီးပိုင်းတွေ မတက်နိုင်တာကလည်း ကျွန်တော်တို့ဖိတ်တာ ရက်အရမ်းနီးမှ ဖိတ်လို့လည်း ဖြစ်နိုင်ပါတယ်”ဟု ရန်ကုန် နည်းပညာတက္ကသိုလ် ကျောင်းသားသမဂ္ဂမှ အခမ်းအနား ကျင်းပရေးကော်မတီ ဥက္ကဋ္ဌ ကိုအောင်ကျော်ဆင့်ကဆိုသည်။

အခမ်းအနား ပထမပိုင်းတွင် တက္ကသိုလ် အသီးသီးမှ ကျောင်းသားသမဂ္ဂများ၊ နိုင်ငံရေး အဖွဲ့အစည်းများက ပန်းခွေချ အလေးပြုခြင်းနှင့် သံဃာအပါး ၃၀ ကို ဆွမ်းကပ်ခြင်းများ ပြုလုပ်ခဲ့ကြပြီး အခမ်းအနား ဒုတိယပိုင်းတွင် ကိုဖုန်းမော်၊ ကိုစိုးနိုင် ကျဆုံးခြင်းဖြစ်စဉ်နှင့်ပတ်သက်၍ ကိုယ်တိုင် ကြုံတွေ့ခဲ့ရသူများ၏ အတွေ့အကြုံကို မျှဝေခြင်း၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်မှ ယခင်နှစ်က ပေးပို့သောသဝဏ်လွှာကို ဖတ်ကြားခြင်းနှင့် ရန်ကုန်နည်းပညာ တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာမြင့်သိန်းက အမှတ်တရစကား ပြောကြားခဲ့သည်။

ထိုအခမ်းအနားကို ၂၀၁၀ ခုနှစ် နောက်ပိုင်းမှသာ တရားဝင် ကျင်းပခွင့်ရခြင်းဖြစ်ပြီး ၎င်းတို့နှစ်ဦး ကျဆုံးခဲ့သောနေရာဖြစ်သည့် ကြို့ကုန်း အင်းစိန်မြို့နယ်ရှိ ယခင် RIT ယခုရန်ကုန်နည်းပညာ တက္ကသိုလ်တွင် ပြီးခဲ့သည့် ၂၀၁၇ ခုနှစ်မှသာ စတင် ကျင်းပခွင့်ရခဲ့ခြင်းလည်းဖြစ်သည်။

အင်းစိန်မြို့နယ်ရှိ လက်ဖက်ရည်ဆိုင် တစ်ဆိုင်၌ အရပ်သားများနှင့် RIT ကျောင်းသားများ အချင်းများရာမှ လုံခြုံ ရေးတပ်ဖွဲ့က အင်အား အလွန်အကျွံသုံးပြီး ဖြိုခွဲရာ ၁၉၈၈ ခုနှစ် မတ်လ ၁၃ ရက်တွင် RIT ကျောင်းသား ကိုဖုန်းမော် သေနတ်ဒဏ်ရာကြောင့် သေဆုံးခဲ့ပြီး ထိုနေ့ ဖြစ်စဉ်ကြောင့်ပင် ရက်အနည်းငယ်အကြာတွင် ကိုစိုးနိုင် ထပ်မံ ကျဆုံးခဲ့ရသည်။ 

ဝေလင်း