ရခိုင်ပြည်နယ် ကျောက်တော်မြို့နှင့် မြောက်ဦးမြို့မှ အမျိုးသား၊ အမျိုးသမီး ၂၀ ကျော်ကို တရုတ်နိုင်ငံတွင် အလုပ်လုပ်ရန် တရားမဝင် ပို့ဆောင်ခဲ့သူ အသက် ၅၀ အရွယ် အမျိုးသားတစ်ဦးကို ဩဂုတ်လ ၈ ရက်က အမှုဖွင့်ကာ ဖမ်းဆီးလိုက်ကြောင်း ကျောက်တော်မြို့ အပေါက်ဝ နယ်မြေရဲစခန်းထံမှ သိရသည်။
စစ်တွေ၊ ဩဂုတ် ၉

ကျောက်တော်မြို့ ရှမ်းရွာ ရပ်ကွက်နေ ဦးထွန်းလှ (၅၀ နှစ်) က ကျောက်တော် မြို့နယ်ရှိ ပြိန်းချောင်း၊ ကွမ်းအုံချောင်း၊ လမုတပင်၊ သရက်အုပ်ကျေးရွာများနှင့် မြောက်ဦးမြို့နယ်ရှိ ကျွန်းဖျားကျေးရွာတို့မှ ဒေသခံ ၂၃ ဦးကို တစ်ဦးလျှင် ကျပ်ငါးသိန်းနှုန်း ဝန်ဆောင်ခယူပြီး ယခုနှစ် ဖေဖော်ဝါရီလက တရုတ်နိုင်ငံသို့ ပို့ဆောင်ခဲ့ကြောင်း အပေါက်ဝရဲစခန်းမှ စခန်းမှူး ရဲအုပ်ဌေးဇော်က ရှင်းပြသည်။

“သူတို့ (၂၃ ဦး) တရုတ်ကို ရောက်သွားပြီးတော့ ၂ လပဲ အလုပ်လုပ်ရပြီး သူတို့နေတဲ့နေရာကို ရဲတွေလာဖမ်းတော့ ထောင် ၃ လကျခဲ့ကြတယ်”ဟု ၎င်းက ဆိုသည်။

တရုတ်နိုင်ငံသို့ အလုပ် သွားရောက်လုပ်ကိုင်သူများက ထောင်ကျပြီး မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိစဉ် ၎င်းတို့နစ်နာခဲ့မှုများအပေါ် ကျေနပ်မှုမရှိသဖြင့် ဦးထွန်းလှကို အမှုဖွင့်ကာ တိုင်ကြားကြခြင်းဖြစ်ကြောင်း၊ ပို့ဆောင်ပေးသူမှာ တရားဝင် ပြည်ပသို့ အလုပ်အကိုင်ရှာဖွေရေး လိုင်စင်မရှိသဖြင့် ပြည်ပအလုပ်အကိုင်ရှာဖွေရေး ဥပဒေ ပုဒ်မ ၂၆ ဖြင့် အမှုဖွင့်ကာ စစ်ဆေးနေကြောင်း ၎င်းက ရှင်းပြသည်။

R-22