Volvo ကားမှာ မြန်မာနိုင်ငံတွင် လူသိနည်းသော်လည်း ဆွီဒင်နိုင်ငံထုတ် ကမ္ဘာကျော်ကားဖြစ်သည်။ Volvo ကားဟုဆိုလိုက်လျှင် ကားအကြောင်း နားလည်သူများက မာဂုဏ်မြင့်သည့် ဥရောပကားအဖြစ် အသိအမှတ်ပြုကြသည်။ ယင်းကားမှာ ယာဉ်စီးသူများ ဘေးအန္တရာယ်ကင်းရှင်းစေရေး ဦးစားပေးထားသည့် ကားဖြစ်သဖြင့် မာကျောမှုနှင့် Safety အတွက် အဓိကထား ထုတ်လုပ်ထားခြင်းဖြစ်သည်။


Volvo ကားမှာ မြန်မာနိုင်ငံတွင် လူသိနည်းသော်လည်း ဆွီဒင်နိုင်ငံထုတ် ကမ္ဘာကျော်ကားဖြစ်သည်။ Volvo ကားဟုဆိုလိုက်လျှင် ကားအကြောင်း နားလည်သူများက မာဂုဏ်မြင့်သည့် ဥရောပကားအဖြစ် အသိအမှတ်ပြုကြသည်။ ယင်းကားမှာ ယာဉ်စီးသူများ ဘေးအန္တရာယ်ကင်းရှင်းစေရေး ဦးစားပေးထားသည့် ကားဖြစ်သဖြင့် မာကျောမှုနှင့် Safety အတွက် အဓိကထား ထုတ်လုပ်ထားခြင်းဖြစ်သည်။

Volvo ကားများကို ၁၉၂၇ ခုနှစ်ဝန်းကျင်က ဆွီဒင်နိုင်ငံတွင် စတင်ထုတ်လုပ်ခဲ့ပြီး တစ်ကမ္ဘာလုံးကို ဖြန့်နေခြင်းဖြစ်သော်လည်း ယခုမူ တရုတ်နိုင်ငံတွင် Model အချို့ကို ထုတ်လုပ်ကာ ကမ္ဘာ့ဈေးကွက်ကို တင်ပို့နိုင်နေပြီဖြစ်သည်။



တရုတ်နိုင်ငံရှိ စက်မှုဇုန်များတွင် Volvoကား အစိတ်အပိုင်းထုတ်သည့် စက်ရုံများရှိသော်လည်း စီချွမ်ပြည်နယ် ချန်ဒူးတွင်ရှိသည့် စက်ရုံကမူ တရုတ်နိုင်ငံတွင် အကြီးဆုံး Volvo ကားစက်ရုံဖြစ်ပြီး ယခုအခါ တစ်စီးလုံးကို အစအဆုံး ထုတ်လုပ်နိုင်ပြီဖြစ်သည်။

ချန်ဒူးရှိ Volvo ကားစက်ရုံဝင်းထဲ ဝင်လိုက်လျှင် ကြီးမားလှသည့် အဆောက်အအုံများကို မျက်စိတစ်ဆုံးတွေ့နိုင်သည်။ ကားအစိတ်အပိုင်းထုတ်သည့် စက်ရုံ၊ ကားဘော်ဒီပိုင်းအတွက် သီးခြားစက်ရုံ၊ ဆေးမှုတ်သည့်စက်ရုံ၊ အစိတ်အပိုင်းများ ပြန်လည်တပ်ဆင်သည့်စက်ရုံ စသဖြင့် သီးခြားအဆောက်အအုံများခွဲပြီး ထုတ်လုပ်နေခြင်းဖြစ်သည်။

Volvo ကားမှာ ဆွီဒင်၏ နာမည်ကျော် တံဆိပ်ဖြစ်သည်နှင့်အညီ အရည်အသွေးစစ်ဆေးမှုအပိုင်းကို နိုင်ငံတကာပညာရှင်များခန့်အပ်ထားပြီး စနစ်တကျ စစ်ဆေးကြောင်း စက်ရုံတာဝန်ရှိသူ၏ အဆိုအရသိရသည်။ စစ်ဆေးမှုကို အဆင့် ၇ ဆင့်ဖြင့် အဆင့်လိုက် စစ်ဆေးကာ အရည်အသွေးထိန်းချုပ်မှုများ လုပ်နေကြောင်း သူက ဆိုသည်။

ယင်းအပြင် အပူ၊ အအေးဒဏ်ခံနိုင်မှုအတွက် စမ်းသပ်ခြင်း၊ မိုးရေယိုစမ့်မှု ရှိမရှိအတွက် အလုံခန်းအတွင်း ရေပန်းများဖြင့် စမ်းသပ်ခြင်း၊ လမ်းကြမ်းတွင် မောင်းနှင်နိုင်မှုအတွက် ကျောက်စရစ်များခင်းထား သည့်လမ်းပေါ်တွင် အရှိန်နှင့်ဖြတ်မောင်းခြင်း စသဖြင့် နောက်ဆုံးအဆင့်စစ်ဆေးမှုများကို လုပ်ဆောင်နေသည်ကိုလည်း တွေ့ရသည်။

ထူးခြားသည့် စစ်ဆေးမှုကတော့ အနံ့အာရုံခံနိုင်စွမ်း ရှိသူများကို ရွေးချယ်ပြီး ကားအတွင်းခန်း အနံ့အသက်ကောင်းမွန်မှုကို စစ်ဆေးခြင်းဖြစ်သည်။ ယင်းသို့ စစ်ဆေးမည့်သူမှာ အရက်၊ ဆေးလိပ်မသောက်သူ အနံ့ခံအာရုံကောင်းသူများကို ရွေးချယ်ပြီး လေ့ကျင့်ခန့်အပ်ကြောင်းလည်း စက်ရုံမှသိရသည်။

ဧက ၁၂၀ ကျော်ရှိသည့် ယင်းကားစက်ရုံကြီးတွင် ဝန်ထမ်း ၃၈၀၀ ခန့်ကို အလုပ်ပေးထားနိုင်ပြီး စက်ရုပ်ပေါင်း ၄၀၀ ကျော်နှင့် ထုတ်လုပ်နေခြင်းဖြစ်ရာ တစ်နာရီလျှင် ကားအစီး ၅၀ နှုန်းဖြင့် တစ်နှစ်လျှင် ကားအစီးရေ တစ်သိန်းနှစ်သောင်းခန့် ထုတ်လုပ်နိုင်ကြောင်း မှတ်တမ်းများအရသိရသည်။

ယင်းကားများကို ပြည်တွင်းဈေးကွက်အပြင် ဥရောပနှင့် အမေရိကသို့တင်ပို့နေပြီး ပျမ်းမျှ ၂၅ မိနစ်လျှင် တစ်စီးနှုန်း ကမ္ဘာ့ဈေးကွက်သို့ တင်ပို့နေခြင်းလည်းဖြစ်သည်။

Volvo XC-60 မော်ဒယ်လ်မှာ ချန်ဒူး Volvo ကားစက်ရုံတွင် အစအဆုံး တပ်ဆင်ထုတ်လုပ်ထားခြင်းဖြစ်ပြီး ယခုအခါ ကမ္ဘာ့ဈေးကွက်ကို တင်ပို့နေပြီဖြစ်သည်။

မင်းကျော်ဆန်း