“ဂီယာဘောက်စ်တင်မကဘူး၊ သူ့ကြောင့် ပုံမှန်အလုပ်လုပ်နေရတဲ့ အင်ဂျင်တွေ၊ ဘရိတ်ပိုင်းတွေနဲ့ဆိုင်တဲ့ အစိတ်အပိုင်းတွေမှာလိုက်ပြီး ထိခိုက်မှုတွေ ဖြစ်လာနိုင်တယ်”
ဂီယာဝိုင် (အော်တိုဆီ) လဲလှယ်ခြင်း

“ဂီယာဘောက်စ်တင်မကဘူး၊ သူ့ကြောင့် ပုံမှန်အလုပ်လုပ်နေရတဲ့ အင်ဂျင်တွေ၊ ဘရိတ်ပိုင်းတွေနဲ့ဆိုင်တဲ့ အစိတ်အပိုင်းတွေမှာလိုက်ပြီး ထိခိုက်မှုတွေ ဖြစ်လာနိုင်တယ်”



ကားတစ်စီး၏ ဂီယာအုံကို အလုပ်ကောင်းကောင်းလုပ်နိုင်ရန် ကူညီပေးသည့် ဂီယာဝိုင်၏ အရေးကြီးမှုများ၊ လက်ရှိအသုံးအများဆုံးဖြစ်သည့် Auto ကားများမှာ Manual ကားများထက် မည်သည့်အတွက် ဂီယာဝိုင်ကို ပုံမှန်စစ်ဆေးမှု၊ လဲလှယ်မှုလုပ်ရန် လိုအပ်ခြင်းများနှင့် ဂီယာဝိုင်ပုံမှန်စစ်ဆေးမှုမရှိပါက ဖြစ်လာနိုင်သည့် အကျိုးဆက်များကို HTS Myanmar (Japan Car Service) မှ Service Technical Trainer ဖြစ်သူ Mr. Kohei Mizoguchi ကို The Voice Daily က တွေ့ဆုံမေးမြန်းထားသည်များကို ဖော်ပြအပ်ပါသည်။

Voice : ကားတစ်စီးမှာ ဂီယာဝိုင်က ဘယ်လောက်အရေးပါမှုရှိလဲ။ 
Mizoguchi : ဂီယာတွေ အလုပ်လုပ်တဲ့အခါမှာ ပွန်းစားမှုခံနိုင်ရည်ရှိအောင်ရယ်၊ ဂီယာတွေပိုပြီး ချောချောမွေ့မွေ့ အလုပ်လုပ်နိုင်ဖို့အတွက် ဂီယာဝိုင်က အများကြီးပံ့ပိုးပေးတယ်။ ဂီယာဝိုင်က ကားကိုဘရိတ်နင်းထားပြီး ကားထွက်ဖို့ လွှတ်လိုက်တဲ့ အချိန်မှာ သူ့သွားရမယ့်အရှိန်နဲ့ မထွက်တော့ဘဲ တုံ့ပြီးတော့နှေးနေမယ်၊ အင်ဂျင်ကတော့ သူ့အလုပ်ကို သူကောင်းကောင်းလုပ်နေပေမယ့် ဂီယာဝိုင် မကောင်းတော့တဲ့အခါမှာ ကားကအရုန်းအဆွဲတွေ မကောင်းတော့ဘဲ လေးနေမယ်။ ကိုယ်သွားချင်တဲ့ Speed က တက်မလာတော့ဘူး။

Voice : အချိန်အကြာကြီးနေမှ ဂီယာဝိုင်လဲတာက မှန်ကန်ရဲ့လား။
Mizoguchi : ဒီမှာကတော့ နှစ်မျိုးရှိမှာတော့ Auto ကားတွေနဲ့ Manual ကားပေါ့။ သူတို့နှစ်ခုရဲ့ ဂီယာအစိတ်အပိုင်းကို တည်ဆောက်ထားပုံချင်း မတူညီဘူး။ Manual ကားကျတော့ ဂီယာဘောက်စ် တည်ဆောက်ထားတာ ရိုးရိုးရှင်းရှင်းပဲ။ Auto ကားမှာတော့ ဆီပိုက်လိုင်းတွေရောပါတော့ သူ့တည်ဆောက်ထားပုံက ပိုရှုပ်တယ်။ Auto ကားရဲ့ဂီယာက ဆီလိုင်းသေးသေးလေးတွေကအစ ရှုပ်ထွေးနေတဲ့အတွက် Auto ကားတွေကို Manual ကားတွေထက် ဂီယာဝိုင်ကပိုပြီး အချိန်စောစောလဲလှယ်ဖို့ လိုအပ်တယ်။ Manual ကားတွေက ကီလိုငါးသောင်းကနေ တစ်သိန်းနီးပါးလောက်မှ လဲလှယ်ဖို့လိုအပ်ပေမယ့် Auto ကားတွေဆိုရင် ကီလိုနှစ်သောင်းကျော်မောင်းပြီးရင် စစ်ဆေးမှုတွေ၊ လဲလှယ်မှုတွေ လုပ်ပေးသင့်နေပြီ။ ဂီယာဝိုင်က အချိန်ကြာကြာနေမှ လဲလှယ်ဖို့ လိုအပ်ပေမယ့် အရမ်းကြီးကြာသွားပြန်ရင်တော့ မကောင်းဘူး။ အချိန်ကြာလာရင် ဂီယာရဲ့ စွမ်းဆောင်ရည် ကျသွားမယ်။ ချောမွေ့မှုတွေ အားနည်းသွားတဲ့အတွက် ဂီယာအစိတ်အပိုင်းတွေ ပွန်းစားမှုတွေရှိလာမယ်။ 

Voice : ဂီယာဝိုင်လဲရမယ့်အချိန်မှာမလဲဘဲ ဆက်မောင်းနေရင် ဘယ်လိုတွေ အကျိုးဆက်တွေဖြစ်လာမလဲ။
Mizoguchi : ကီလိုနှစ်သောင်းကျော်ပြီး လေး၊ ငါးသောင်းအထိ ဂီယာဝိုင်ကို မလဲသေးဘူးဆိုရင် ဂီယာဝိုင်က အချိန်ကြာကြာအသုံးပြုထားတဲ့အတွက် ဂီယာဝိုင်ရဲ့ ဆီပိုက်လိုင်းထဲမှာ ချေး (ဂျီး) တွေ များလာမယ်၊ ညစ်ပတ်မှုတွေ ဖြစ်လာမယ်။ နောက်ပိုင်းမှာ အဲဒီချေးတွေက ဆီပိုက်လိုင်းထဲကိုကွာကျလာပြီး ဆီတွေစီးရမယ့် လမ်းကြောင်းပိတ်ကုန်မယ်။ ဂီယာအပြောင်းအလဲတွေမှာ ကောင်းကောင်းမွန်မွန်မဖြစ်တော့ဘူး။ (ဥပမာ) D ကနေ P အပြောင်းအလဲတွေမှာ ချောချောမွေ့မွေ့မဖြစ်ဘဲ လေးလေးကြီးတွေ ဖြစ်နေမယ်။ ကားထိန်းသိမ်းမောင်းနှင်ရတာတွေမှာ အခက်အခဲတွေဖြစ်လာမယ်။ ဂီယာရဲ့ Pressure အားက Stable ဖြစ်မနေတော့ဘဲ ဂီယာချိန်းရင် ဒုန်းခနဲစောင့်သွားတာတို့ ဖြစ်လာပြီး ဂီယာအုံထဲက အစိတ်အပိုင်းတွေ ပွန်းစားမှုတွေဖြစ်လာမယ်။ နောက်ပိုင်းမှာ အဆိုးဆုံးအနေနဲ့ ကားကလုံးဝမောင်းလို့မရတော့တဲ့ အခြေအနေတွေအထိ ဖြစ်လာမယ်။

Voice : ကိုယ့်ကားနဲ့ကိုက်ညီမယ့် ဂီယာဝိုင်အမျိုး အစားကို ဘယ်လိုစစ်ဆေးပြီး လဲလှယ်သင့်လဲ။
Mizoguchi : အဓိကက ဘယ်လိုဂီယာဝိုင်ထည့်မလဲဆိုတာက ကိုယ့်ကားရဲ့ဂီယာဘောက်စ် တည်ဆောက်ထားပုံမှာပဲ မူတည်တယ်။ ကားတွေမှာလည်း ဘယ်ဂီယာဝိုင်အမျိုးအစားကိုပဲထည့်ရမယ်ဆိုတဲ့ သတ်မှတ်ချက်ရှိတယ်။ အခုနောက်ပိုင်း Auto ကားတွေအတွက်ဆိုရင် ATF နဲ့ CVT ဆိုတဲ့ အမျိုးအစားနှစ်မျိုးရှိတယ်။ ဒီနှစ်မျိုးက စွမ်းရည်ချင်း မတူဘူး။ အဲဒီတော့ ကိုယ့်ကားရဲ့ ဂီယာဘောက်စ်တည် ဆောက်ပုံနဲ့လိုက်ပြီး ATF သုံးရမလား၊ CVT သုံးရမလားဆိုပြီး ရှိတယ်။ မကိုက်ညီတဲ့ဂီယာဝိုင်သုံးမိရင်တော့ ချက်ချင်းကြီးတော့ ဂီယာဘောက်စ် ပျက်စီးသွားတာမျိုးတော့ မရှိဘူးပေါ့။ ဒါပေမဲ့ သူ့နဲ့မကိုက်ညီတဲ့ ဂီယာဝိုင်ထည့်ထားတဲ့အတွက် အချိန်တစ်ခုကြာရင် ဒီဂီယာဘောက်စ်က ပျက်စီးလွယ်လာမယ်။ 

Voice : နောက်ထပ်ဖြည့်စွက်ပြောချင်တာများ ရှိသေးလား။ 
Mizoguchi : Auto ကားတွေရဲ့ ဂီယာဝိုင်က အရမ်းကြီးဂရုစိုက်ဖို့လိုအပ်တယ်။ သူက အမှားမခံဘူး၊ ထည့်မယ့်ဂီယာဝိုင်က သန့်စင်နေဖို့လိုတယ်။ အမှိုက်စသေးသေးမျှင်မျှင်လေးတောင် ပါလို့မရဘူး။ ဂီယာဝိုင်ထဲမှာ အမှိုက်လေးသေးသေးလေးတစ်စလောက် ပါပြီဆိုတာနဲ့ ဂီယာဘောက်စ်ကို စဒုက္ခပေးပြီ။ ပျက်စီးဖို့ ပိုလွယ်လာမယ်။ နောက်ထပ်အကြံပေးချင်တာက ဂီယာလဲမယ်ဆိုရင် ကားအကြောင်း၊ ဂီယာအကြောင်းသေချာသိတဲ့ ပရောဖက်ရှင်နယ်ဖြစ်သူတွေကို လဲခိုင်းသင့်တယ်။ ပြီးတော့လဲမယ်ဆိုရင် ကိုယ့်ကားက ဘာဂီယာဝိုင် အမျိုးအစားထည့်ရမယ်ဆိုတာလည်း သေချာစစ်ဆေးသင့်တယ်။ ဂီယာဝိုင်ကို ပုံမှန်စစ်ဆေးမှုတွေ၊ လဲလှယ်မှုတွေမလုပ်ရင် ဂီယာဘောက်စ်တင်မကဘူး၊ သူ့ကြောင့် ပုံမှန်အလုပ်လုပ်နေရတဲ့အင်ဂျင်တွေ၊ ဘရိတ်ပိုင်းတွေနဲ့ဆိုင်တဲ့ အစိတ်အပိုင်းတွေမှာလိုက်ပြီး ထိခိုက်မှုတွေဖြစ်လာနိုင်တယ်။

Voice : အခုလိုဖြေကြားပေးတာ ကျေးဇူးပါတယ်။

အောင်သီဟ