အရင်ဆုံးအနေနဲ့ BMW Motor Group တည်ထောင်ခဲ့တဲ့ Mr.Karl Friedrich Rapp အကြောင်းနဲ့ပဲ စလိုက်ပါတယ်။ ဘာကြောင့်လဲဆိုတော့ BMW ကို လူတိုင်းသိကြပေမယ့် ကမ္ဘာ့ကားပရိသတ်ထဲ Mr.Karl Rapp ကို မသိကြသူတွေ တော်တော်များများတယ်လို့ထင်လို့ပါ။ BMW ဘာလဲလို့မေးရင် ဂျာမနီနိုင်ငံကထုတ်တဲ့ ကမ္ဘာကျော်ကားမှန်းသိကြပါတယ်။ ပြီးတော့ လူပုဂ္ဂိုလ်အနေနဲ့ဆိုလည်း Ford ရဲ့ ပဲ့ကိုင်ရှင် Henry Ford တို့ Chrysler ရဲ့ ပဲ့ကိုင်ရှင် Iacocca တို့ကို လူတော်တော်များများသိပေမယ့် Karl ကိုတော့ သိသူနည်းကြပါတယ်။


ဒီခေတ်ကြီးထဲမှာဆိုရင် တီထွင်စရာတွေက ပေါများလှပါတယ်။ စက်ပိုင်းဆိုင်ရာတွေ၊ ကားတွေ ဖန်တီးမယ်ဆိုရင်လည်း ပစ္စည်းကိရိယာတွေကိုလည်း အလွယ်တကူရှာဖွေရရှိနိုင်ပါတယ်။ ဒါပေမဲ့ ဟိုးအရင် စက်မှုမထွန်းကားခင်ခေတ်များကတော့ အဲဒီလိုမဟုတ်ပါဘူး။ ကိုယ်လိုချင်တဲ့ အစိတ်အပိုင်းလေးတွေရဖို့ကို ကိုယ့်ဘာသာကိုယ် ခက်ခက်ခဲခဲ တီထွင်ရင်း မော်တော်ယာဉ်တွေကို တီထွင်ခဲ့ရပါတယ်။ အဲဒါကြောင့် အခုခေတ်ထိ နာမည်ကျော်လူကြိုက်များနေဆဲဖြစ်တဲ့ ကားတွေရဲ့ အရှင်သခင် (ဝါ) တီထွင်ခဲ့သူတွေရဲ့အကြောင်းကို ဒီတစ်ပတ်ရဲ့ Motoring ကဏ္ဍမှာ ဖော်ပြပေးလိုက်ပါတယ်။

Mr.Karl Friedrich Rapp (BMW တည်ထောင်သူ)

အရင်ဆုံးအနေနဲ့ BMW Motor Group တည်ထောင်ခဲ့တဲ့ Mr.Karl Friedrich Rapp အကြောင်းနဲ့ပဲ စလိုက်ပါတယ်။ ဘာကြောင့်လဲဆိုတော့ BMW ကို လူတိုင်းသိကြပေမယ့် ကမ္ဘာ့ကားပရိသတ်ထဲ Mr.Karl Rapp ကို မသိကြသူတွေ တော်တော်များများတယ်လို့ထင်လို့ပါ။ BMW ဘာလဲလို့မေးရင် ဂျာမနီနိုင်ငံကထုတ်တဲ့ ကမ္ဘာကျော်ကားမှန်းသိကြပါတယ်။ ပြီးတော့ လူပုဂ္ဂိုလ်အနေနဲ့ဆိုလည်း Ford ရဲ့ ပဲ့ကိုင်ရှင် Henry Ford တို့ Chrysler ရဲ့ ပဲ့ကိုင်ရှင် Iacocca တို့ကို လူတော်တော်များများသိပေမယ့် Karl ကိုတော့ သိသူနည်းကြပါတယ်။

Karl ကို ဂျာမနီနိုင်ငံ အီဟင်ဂျင်းမြို့မှာ ၁၈၈၂ ခုနှစ် စက်တင်ဘာ ၂၄ ရက်နေ့မှာ မွေးဖွားခဲ့ပါတယ်။ Karl ရဲ့ ငယ်ဘဝနဲ့ လူပျိုဘဝတွေကို လူသိနည်းကြပါတယ်။ ဒါပေမဲ့ သူဟာ အင်ဂျင်နီယာအတတ်ပညာကို ပရော်ဖက်ရှင်နယ်ကျကျလေ့လာသင်ယူခဲ့ပြီး အီတလီက နာမည်ကျော်ကားကုမ္ပဏီဖြစ်တဲ့ Zust ကား ကုမ္ပဏီမှာ ၁၉၀၈ ခုနှစ်ကနေ ၁၉၁၁ ခုနှစ်အထိ အလုပ်သမားအဖြစ် လုပ်ကိုင်ခဲ့ပါတယ်။ အဲဒီနောက် ၁၉၁၂ ခုနှစ်မှာ သူဟာ ဂျာမန်က လေယာဉ်ကုမ္ပဏီ တစ်ခုဖြစ်တဲ့ Flugwerk Deutschland GmbH ကုမ္ပဏီမှာ ကျွမ်းကျင်ဒီဇိုင်နာအဖြစ် အလုပ်ဝင်ခဲ့ပြီး လေယာဉ်အင်ဂျင်၊ လေယာဉ်နဲ့ပတ်သက်တဲ့ စက်ပစ္စည်းအပိုင်းအစတွေ၊ လေယာဉ်ကွင်းထဲမှာ အသုံးပြုတဲ့ စက်ပစ္စည်းတွေကို တီထွင်ထုတ်လုပ်ခဲ့ပါတယ်။ အဲဒီလိုလုပ်နေရင်း Rapp Motorenwerke GmbH တိုတဲ့ကုမ္ပဏီကို မြူးနစ်မြို့မှာ တည်ထောင်ခဲ့ပါတယ်။ အဲဒီကုမ္ပဏီကနေ ၁၉၁၆ ခုနှစ်မှာ BMW AG ဆိုတဲ့ ကမ္ဘာကျော်ကားကုမ္ပဏီကြီးဖြစ်လာခဲ့တာဖြစ်ပါတယ်။ အဲဒီလိုနဲ့ BMW ကုမ္ပဏီနဲ့ သူဟာနာမည်ကျော်ကားတွေကို တီထွင်ထုတ်လုပ်ရင်း ၁၉၆၂ ခုနှစ် မေလ ၂၆ ရက်နေ့ Karl ရဲ့ အသက် ၇၉ နှစ်အရောက်မှာ ဆွစ်ဇာလန်နိုင်ငံ လိုကာနိုမြို့မှာ သေဆုံးခဲ့ပါတယ်။

Mr. Kiichiro Toyoda (Toyota တည်ထောင်သူ)

သူ့ကို ဒုတိယနေရာက ဖော်ပြရတာလည်း BMW က Karl လိုပါပဲ။ သူထုတ်ခဲ့တဲ့ Brand ကို လူတိုင်းသိပေမယ့် သူ့ကိုလည်း မြန်မာ့ကားပရိသတ်က သိတဲ့သူနည်းလို့ ဖော်ပြလိုက်ရခြင်းဖြစ်ပါတယ်။ သူ့ကို ဂျပန်နိုင်ငံ ရှီဇူအိုကာမြို့မှာ ၁၈၉၄ ခုနှစ်၊ ဇွန်လ ၁၁ ရက်နေ့မှာ မွေးဖွားခဲ့ပါတယ်။ သူဟာ လယ်သမားမျိုးရိုးကနေ ဆင်းသက်လာခဲ့တာဆိုပေမယ့် သူ့အဖေဖြစ်တဲ့ Mr.Sakichi Toyoda ကော်ပိုရေးရှင်းလို့ မပြောင်းခင်ဖြစ်တဲ့ Toyota စက်ပစ္စည်းကုမ္ပဏီကို တည်ထောင်ခဲ့တာပါ။ အဲဒီမိသားစု လုပ်ငန်းကို Kiichiro က သူ့အစ်ကိုရဲ့ တိုက်တွန်းမှုအရ မိသားစုလုပ်ငန်းကို ဆက်ခံခဲ့ပြီးတော့ Toyoda Loom Works စက်ပစ္စည်းလေးတွေ ထုတ်လုပ်တဲ့ကုမ္ပဏီကနေ မော်တော်ယာဉ်တွေ ထုတ်လုပ်တဲ့ကုမ္ပဏီအဖြစ် ကမ္ဘာကျော်တိုယိုတာ ကော်ပိုရေးရှင်းကြီးအဖြစ် ၁၉၃၇ ခုနှစ်မှာ တိုယိုတာမြို့မှာ စတင်ထူထောင်ခဲ့ပါတယ်။

တကယ်တာ့ Kiichiro ရဲ့ အဘိုးတွေကတော့ လယ်သမားတွေဖြစ်ပါတယ်။ အဖေက လမ်းဖွင့်ခဲ့ပြီးတော့ ပြောရရင်သူကလည်း အဖေခြေရာနင်းခဲ့တာလို့ ဆိုရမှာပါ။ သူဟာ ကမ္ဘာကျော်ကားတွေကို ထုတ်လုပ်ရောင်းချရင်း အသက်ငယ်တယ်လို့ဆိုရမယ့် ၁၉၅၂ ခုနှစ် မတ်လ ၂၇ ရက်နေ့ အသက် ၅၇ နှစ်မှာ ဂျပန်နိုင်ငံ တိုယိုတာမြို့မှာပဲ သေဆုံးခဲ့ပါတယ်။

Mr.Henry Ford (Ford တည်ထောင်သူ)

သူ့ကိုတော့ တော်တော်များများသိကြလို့ သိပ်ညွှန်းစရာတော့ မလိုပါဘူး။ အမေရိကန်တွေက သူတို့နိုင်ငံရဲ့ စက်မှုခေါင်းဆောင်ကြီးအဖြစ် တင်စားကြပါတယ်။ ဖို့ဒ်ကို ၁၈၆၃ ခုနှစ် ဇူလိုင် ၃၀ ရက်မှာ အမေရိကန်ပြည်ထောင်စု မီချီဂန်ပြည်နယ် ဂရင်းဖီးမြို့မှာ အင်္ဂလန်သား ဖခင် ဝီလီယံနဲ့ မီချီဂန်သူ မိခင် မေရီတို့က မွေးဖွားခဲ့ပါတယ်။ ငယ်နာမည်က ဟင်နရီ ပါ။ လယ်သမား မျိုးရိုးက မွေးဖွားခဲ့ပြီး ဖခင်က အိုင်းရစ် အမျိုးအနွယ် ဖြစ်ပါတယ်။ မိခင်က ဒတ်ခ်ျအမျိုးအနွယ် ဖြစ်ပါတယ်။ တကယ်တော့ မိသားစုလုပ်ငန်းကိုပဲ အမွေဆက်ခံခဲ့မယ်ဆိုရင် Ford ကားတွေ ဖြစ်လာစရာ အကြောင်းမရှိပါဘူး။ ဘာလို့ဆို သူ့အဖေကလည်း သူ့ကို မိသားစုလုပ်ငန်းဖြစ်တဲ့ လယ်ယာလုပ်ငန်းကိုပဲ လုပ်စေချင်ခဲ့တာပါ။ ဒါပေမဲ့ ဖို့ဒ်က အဲဒီအလုပ်တွေကို မလုပ်ချင်တဲ့အတွက် ခဏပဲလုပ်ပြီး သူဝါသနာပါတဲ့ စက်ပစ္စည်းတွေနဲ့ပဲ အချိန်ကုန်ခဲ့ပါတယ်။

သူ့အဖေသေဆုံးပြီး ၁၇ နှစ်သားအရွယ်မှာပဲ ဒက်ထရွိုက်မြို့က စက်ပစ္စည်းတွေထုတ်လုပ်တဲ့ အလုပ်ရုံမှာ စလုပ်ခဲ့ပါတယ်။ အဲဒီလိုနဲ့ လယ်သမားသားလေးဟာ စက်မှုအကြောင်းတွေကို လေ့လာရင်း ၁၈၈၂ ခုနှစ်မှာ Ford ကုမ္ပဏီရဲ့ လက်မှတ်ရ အင်ဂျင်နီယာတစ်ယောက်ဖြစ်လာခဲ့ပါတယ်။ အဲဒီနောက် နာမည်ကျော်ကားတွေဖြစ်တဲ့ Model T တို့လိုမျိုး ကမ္ဘာ့အရောင်းရဆုံးကားတွေကို တီထွင်ထုတ်လုပ်ရင်း ၁၉၄၇ ခုနှစ် ဧပြီ ၇ ရက် သူ့အသက် ၈၃ နှစ်မှာ မီချီဂန် ပြည်နယ် Dearborn မြို့က သူတို့ရဲ့ Fair Lane စံအိမ်တော်ကြီးမှာ ကွယ်လွယ်ခဲ့ပါတယ်။

Mr.Jujiro Matsuda (Mazda တည်ထောင်သူ)

မြန်မာနိုင်ငံကလူတွေ Mazda ဆိုရင် အကုန်လုံးလိုလိုသိပါတယ်။ ဒီမှာ Mazda ရဲ့ နာမည်အကြီးဆုံးကားကတော့ Mazda Jeep ပါ။ ဒါပေမဲ့ တည်ထောင်သူကိုတော့ ဒီကလူတွေ သိသူရှားပါတယ်။ Mazda Motor Corporation ကို တည်ထောင်သူက Mr.Jujiro Matsuda ဖြစ်ပါတယ်။ သူဟာ ဂျပန်နိုင်ငံ ဟီရိုရှီးမားမြို့မှာ ၁၈၇၅ ခုနှစ် ဩဂုတ်လ ၈ ရက်နေ့မှာ မွေးဖွားခဲ့တာဖြစ်ပါတယ်။ သူဟာ ဂျပန်နိုင်ငံရဲ့ စက်မှုလုပ်ငန်းရှင်တစ်ဦးဖြစ်သလို စီးပွားရေးလုပ်ငန်းရှင်တစ်ဦးလည်း ဖြစ်ပါတယ်။ သူ့ရဲ့ မျိုးရိုးအရဆိုရင် စက်မှုလုပ်ငန်းရှင်တစ်ဦး ဖြစ်လာစရာမရှိတဲ့သူပါပဲ။ Matsuda ဟာ တံငါသည်မျိုးရိုးက ဆင်းသက်လာတာဖြစ်ပြီးတော့ သူ့အဖေကလည်း တံငါသည်ပဲဖြစ်ပါတယ်။ 

Matsuda ဟာ ကားတွေကို မထုတ်လုပ်ခင် Matsuda Pump Partnership ဆိုတဲ့ကုမ္ပဏီ နာမည်နဲ့ လက်နက်တွေကို တပ်ဆင်ထုတ်လုပ်ခဲ့ပါတယ်။ သူဟာဂျပန်တပ်မတော်အတွက် ၉၉ ရိုင်ဖယ် အမျိုးအစား သေနတ်ကို ထုတ်လုပ်ပေးခဲ့ပါတယ်။ အဲဒီလိုနဲ့ သူဟာ ၁၉၂၁ ခုနှစ်မှာ အိုဆာကာမြို့ကနေ သူ့ရဲ့ မွေးရပ်မြေဟီရိုရှီးမားကို ပြန်လည်ပြောင်းရွှေ့ပြီး ဖော့ဆို့တွေထုတ်တဲ့ Toyo Cork Kogyo ကုမ္ပဏီကို တည်ထောင်လုပ်ကိုင်ပြန်ပါတယ်။ အဲဒီနောက် ၁၉၃၁ ခုနှစ်မှာ Mazdago ဆိုတဲ့နာမည်နဲ့ သုံးဘီးတပ်မော်တော်ဆိုင်ကယ်ကို စတင်ထုတ်လုပ်ခဲ့ပါတယ်။ ဒီဆိုင်ကယ်ကို သူ့ရဲ့ Toyo Kogyo ကုမ္ပဏီကနေထုတ်လုပ်ခဲ့တာဖြစ်ပြီးတော့ နောက်ပိုင်းမှာ အဲဒီ ကုမ္ပဏီကပဲ မော်တော်ယာဉ်တွေကို ဆက်လက် ထုတ်လုပ်ခဲ့ပါတယ်။

Toyo Cork Kogyo ကုမ္ပဏီရဲ့ ရုံးချုပ်ဟာ ဒုတိယကမ္ဘာစစ်အတွင်း ၁၉၄၅ ခုနှစ်မှာ အမေရိကန်က ဟီရိုရှီးမားမြို့ကို ဗုံးကြဲချိန်မှာ ပါဝင်သွားခဲ့တဲ့အတွက် ဖြူချူမြို့နယ်ကို ပြောင်းရွှေ့ဖွင့်လှစ်ခဲ့ပါတယ်။ အဲဒီလိုနဲ့ Toyo Kogyo ကုမ္ပဏီဟာ အောင်မြင်မှုတွေရရှိလာပြီး ၁၉၇၉ ခုနှစ်မရောက်မီလေးမှာ မော်တော်ယာဉ်တွေထုတ်ဖို့ အမေရိကန်ရဲ့ ကမ္ဘာကျော်ကုမ္ပဏီဖြစ်တဲ့ Ford Motor ကုမ္ပဏီက ၂၅ ရာခိုင်နှုန်းရှယ်ယာပါဝင်ခဲ့ပါတယ်။ အဲဒီလိုနဲ့ Matsuda ဟာ ၁၉၈၄ ခုနှစ်အရောက်မှာ သူ့ရဲ့မိသားစုလုပ်ငန်းဖြစ်တဲ့ Toyo Kogyo ကုမ္ပဏီကနေ Mazda Motor Corporation အဖြစ် ပြောင်းလဲတည်ထောင်ချိန်မှာ Ford က သူ့ရဲ့ရှယ်ယာ ၂၅ ရာခိုင်နှုန်းကို ပြန်လည်နုတ်ယူသွားခဲ့ပါတယ်။ အဲဒီလိုနဲ့ သူဟာ မြန်မာနိုင်ငံမှာရော ကမ္ဘာမှာ ထင်ရှားခဲ့တဲ့ Mazda Jeep၊ Familia ဆိုတဲ့ နာမည်ကျော်တွေကို ထုတ်လုပ်ရောင်းချရင်း ၁၉၅၂ ခုနှစ် မတ်လ ၂၇ ရက်နေ့ သူ့အသက် ၇၆ နှစ်အရွယ်မှာ သူ့ရဲ့ မွေးရပ်မြို့ဖြစ်တဲ့ ဟီရိုရှီးမားမှာပဲ သေဆုံးခဲ့ပါတယ်။

Mr. Louis-Joseph Chevrolet eJY William Crapo Durant (Chevrolet တည်ထောင်သူများ)

ဒီအမေရိကန်ကားကုမ္ပဏီကိုတော့ သူငယ်ချင်းနှစ်ဦးက တည်ထောင်ခဲ့ကြပါတယ်။ ဒီသူငယ်ချင်းနှစ်ယောက်မှာ Mr.Chevrolet နဲ့ William မှာ ဆိုရင် Chevrolet ရဲ့ အကြောင်းက ပိုစိတ်ဝင်စားစရာကောင်းသလို အောက်ခြေကနေ တက်လာတယ်လို့ဆိုရမှာပါ။ Chevrolet ကို ၁၈၇၈ ခုနှစ် ဒီဇင်ဘာလ ၂၅ ရက်နေ့မှာ ဆွစ်ဇာလန်နိုင်ငံ၊ La Chaux-de-Fonds မြို့မှာ ပြင်သစ်လူမျိုးအဖေနဲ့ ဆွစ်လူမျိုးအမေတို့ကို မွေးဖွားခဲ့တာပါ။ သူဟာ ငယ်စဉ်ကတည်းက စက်ပစ္စည်းကိရိယာတွေ တပ်ဆင်တာနဲ့ စက်ဘီးစီးပြိုင်ပွဲတွေကို စိတ်ဝင်စားခဲ့ ပြီးတော့ သူကိုယ်တိုင်ကလည်း ပြိုင်ကားမောင်းသမားတစ်ဦး ဖြစ်လာခဲ့ပါတယ်။ Chevrolet ဟာ ၁၈၉၅ ကနေ ၁၈၉၉ အထိကို ရော့ဘလင်းစက်ပစ္စည်းရုံမှာ အလုပ်လုပ်ခဲ့ပါတယ်။ အဲဒီနောက် သူဟာ ၁၉၀၀ ပြည့်နှစ်မတိုင်မီ ပြင်သစ်မှာ စက်ပစ္စည်းနဲ့ဆိုင်တဲ့ အလုပ်ခဏလုပ်ခဲ့သလို ကနေဒါမှာလည်း ခဏလုပ်ခဲ့ပါသေးတယ်။ အဲဒီနောက် အမေရိကန်ပြည်ထောင်စု နယူးယောက်က ဆွစ်ကုမ္ပဏီတစ်ခုမှာ အင်ဂျင်နီယာတစ်ယောက်အဖြစ်နဲ့ ပြောင်းရွှေ့လုပ်ကိုင်ခဲ့ပါတယ်။ ၁၉၀၅ ခုနှစ်ထဲမှာ အိမ်ထောင်ကျခဲ့ပြီးတော့ အဲဒီနှစ်ထဲမှာပဲ အီတလီနာမည်ကျော်ကားကုမ္ပဏီ FIAT ရဲ့ ပြိုင်ကားမောင်းသမား ဖြစ်လာခဲ့ပါတယ်။ အဲဒီနောက် ၁၉၀၇ ခုနှစ်မှာ ဖီလာဒဲဖီးယားမြို့က The Autorcar ကုမ္ပဏီမှာ ဝင်ရောက်လုပ်ကိုင်ခဲ့ပြန်ပါတယ်။ လေးဘီးယက်ကားပြိုင်ပွဲတွေ ကျင်းပနိုင်ရေးတော်လှန်ရေးရဲ့ လျှို့ဝှက်စီမံကိန်းမှာ သူပါဝင်ခဲ့ပါသေးတယ်။ ဆက်လက်ပြီး သူဟာ General Motor ရဲ့ကား Brand ဖြစ်တဲ့ Buick နဲ့ ပြိုင်ပွဲဝင် ကားမောင်းသမားအဖြစ် ဆက်လုပ်ခဲ့ပြီးတော့ Buick ရဲ့ ပိုင်ရှင်၊ GM ရဲ့ တည်ထောင်သူ William နဲ့ သူငယ်ချင်းဖြစ်လာခဲ့ပါတယ်။ အဲဒီနောက် Chevrolet ဟာ ၁၉၁၁ ခုနှစ် နိုဝင်ဘာ လ ၃ ရက်နေ့မှာ Chevrolet Motor Car ကုမ္ပဏီကို William နဲ့ ပူးတွဲတည်ထောင်ခဲ့ပါတယ်။ အဲဒီလိုနဲ့သူဟာ Chevrolet ကုမ္ပဏီနဲ့အတူ နာမည်ကျော်ကားတွေကို ထုတ်လုပ်ရင်း ၁၉၄၁ ဇွန်လ ၆ ရက်နေ့ သူ့အသက် ၆၂ နှစ်မှာ အမေရိကန်ပြည်ထောင်စု မီချီဂန်ပြည်နယ် ဒက်စထရွိုက်မြို့မှာ သေဆုံးခဲ့ပါတယ်။ 

William ကတော့ စီးပွားရေးသမားတစ်ဦးဖြစ်ပြီးတော့ အမေရိကန်နိုင်ငံရဲ့ မော်တော်ယာဉ်စွန့်ဦးတီထွင်သူ တစ်ဦးဖြစ်ပါတယ်။ သူဟာ အမျိုးမျိုးသော ကားကုမ္ပဏီတွေကို တီထွင်ထုတ်လုပ်ခဲ့ပြီးတော့ ကမ္ဘာတစ်ဝန်းနာမည်ကျော် Brand ဖြစ်တဲ့ Chevrolet ကားတွေကို Mr. Louis-Joseph Chevrolet နဲ့ ပူးတွဲတည်ထောင်ခဲ့သလို General Motor ကုမ္ပဏီကြီးကို Mr.Frederic L.Smith ပူးတွဲတည်ထောင်ခဲ့သူဖြစ်ပါတယ်။ သူ့ကို အမေရိကန်ပြည်ထောင်စု မက်ဆာချူးဆက်ပြည်နယ် ဘော့စတွန်မြို့မှာ ၁၈၆၁ ခုနှစ် ဒီဇင်ဘာလ ၈ ရက်နေ့မှာ မွေးဖွားခဲ့ပြီးတော့ ၁၉၄၇ ခုနှစ် မတ်လ ၁၈ ရက်နေ့ သူ့အသက် ၈၅ နှစ်အရွယ်မှာ နယူးယောက်မြို့မှာ သေဆုံးခဲ့ပါတယ်။

ဒီစာရင်းထဲကသူတွေက မြန်မာ့နိုင်ငံနဲ့ ရင်းနှီးတဲ့သူဆိုလို့ Henry Ford တစ်ယောက်ပါမယ်လို့ထင်ပါတယ်။ သူကတော့ ကားထုတ်လုပ်သူသမိုင်းမှာ မထည့်မဖြစ်ထည့်ရမယ့်သူမျိုးဖြစ်လို့ ထည့်သွင်းဖော်ပြလိုက်တာ ဖြစ်ပါတယ်။ ထူးခြားတာက ဒီစာရင်းမှာထည့်ဖို့ ဗြိတိန်နဲ့ ဂျာမနီထုတ် နာမည်ကြီးကားကုမ္ပဏီကြီးတွေဖြစ်တဲ့ Mini တို့၊ Volkswagen တို့ကို ဘယ်သူတွေတီထွင်ထုတ်လုပ်ခဲ့လဲဆိုတာကို လေ့လာတဲ့နေရာမှာ အဲဒီကားတွေကို လူတစ်ဦးတစ်ယောက်တည်း (လူနည်းစု) က စတင်တည်ထောင်ထုတ်လုပ်ခဲ့ကြတာမဟုတ်ဘဲနဲ့ အဖွဲ့အစည်းတွေက တည်ထောင်ခဲ့ကြတာကို တွေ့ရပါတယ်။ အထက်က ဖော်ပြခဲ့တာတွေကတော့ နာမည်ကျော်ကားကုမ္ပဏီတွေကို တည်ထောင်ထုတ်လုပ်ခဲ့သူတွေရဲ့အကြောင်းကို အကျဉ်းချုပ်ပြီး ဖော်ပြပေးခဲ့တာဖြစ်ပါတယ်။

ဟိန်းမြတ်စိုး

Ref - Wikipedia