“အရမ်းကြီး Over Heat တက်နေပြီဆိုရင်တော့ လုံးဝမမောင်းတော့ဘဲ ရပ်ထားသင့်တယ်”
ကားမီလောင်ခြင်း

“အရမ်းကြီး Over Heat တက်နေပြီဆိုရင်တော့ လုံးဝမမောင်းတော့ဘဲ ရပ်ထားသင့်တယ်”



ကားမီးလောင်မှု ဖြစ်ပေါ်လာနိုင်သည့်အခြေအနေများ၊ ကားတစ်စီးကို မည်သည့်အချိန်အထိ အသုံးပြုပြီးပါက စစ်ဆေးသင့်သနည်း၊ ကားမီးလောင်မှုမဖြစ်ရန် လုပ်ဆောင်သင့်သည်များကို Desire Autoworks Car Service မှ ထရိန်နင်မန်နေဂျာ ဦးစောကျော်ကျော်အေးနှင့် The Voice Daily တို့ တွေ့ဆုံမေးမြန်းထားသည်များကို ဖော်ပြအပ်ပါသည်။ 

Voice : ကားမီးလောင်မှုတွေက ဘယ်လိုအခြေအနေတွေကြောင့် ဖြစ်တာလဲ။ 
USKKA : ကားမီးလောင်တာနဲ့ပတ်သက်ပြီး ပြောရမယ်ဆိုရင် ဖြစ်နိုင်တဲ့အကြောင်းအရာတွေက အများကြီးတော့ရှိတယ်။ ဝါယာကြိုးတွေကြောင့်လည်း ဖြစ်နိုင်တယ်။ ဝါယာကြိုးတွေ ဆွေးနေတာတို့၊ ပေါက်နေတာတို့ကြောင့်လည်း ဖြစ်နိုင်တယ်။ ဒါက တစ်ချက်ပေါ့။ နောက်တစ်ခုက အင်ဂျင်အပူရှိန် အရမ်းမြင့်တက်တာကြောင့်လည်း ဖြစ်နိုင်တယ်။ အင်ဂျင် Heat တက်တော့ အတွင်းခန်းမှာရှိနေတဲ့ တခြားအစိတ်အပိုင်းတွေကိုပါ အပူလွန်ကဲလာပြီး ဖြစ်နိုင်တယ်။ နောက်တစ်ခုက အိတ်ဇောပေါ့။ အိတ်ဇောအရမ်းကြီး ပိတ်နေတဲ့အခြေအနေမျိုးမှာလည်း ဖြစ်နိုင်တယ်။ အင်ဂျင်ခန်းတွေမှာ လည်ပတ်နေရတဲ့ အစိတ်အပိုင်း စက်ပစ္စည်းတွေပေါ်ကို လောင်ကျွမ်းနိုင်တဲ့ အင်ဂျင်ဝိုင်တို့၊ အော်တိုဆီတွေအပါအဝင် ဆီတစ်ခုခု ယိုစိမ့်ရင်လည်းဖြစ်နိုင်တယ်။

Voice : ကားမီးလောင်မှုမဖြစ်အောင် ဘယ်လို စစ်ဆေးမှုတွေ လုပ်ဆောင်သင့်လဲ။ 
USKKA : ကားမောင်းတဲ့သူအနေနဲ့ အမြဲတမ်းစစ်ဆေးသင့်နေတာက ရေသေချာရှိသေးရဲ့လား။ ပြီးတော့ ကားအသုံးမပြုခင်မှာ ဝါယာကြိုးတွေ ဆွေးတာတို့၊ တစ်ခုခုဖြစ်နေတာ ရှိ၊ မရှိတွေ စစ်ဆေးသင့်တယ်။ ဝါယာတွေအပြင်ထွက်နေတာတွေ ကိုယ်လဲထားတာ ကြာနေပြီဆိုရင် ပြုပြင်သင့်တယ်။ နောက်တစ်ခါ Heat တက်ရင် ပြဿနာဖြစ်တာတို့၊ အင်ဂျင်ကူးလန့်တွေဘာတွေကို ပုံမှန်လေးတော့ စစ်ဆေးပေးသင့်ပါတယ်။ သူက သိပ်တော့လျော့မနေတတ်ပါဘူး။ တစ်ခါတလေကျတော့ ပေါက်နေတာတို့ဘာတို့ ဖြစ်နေတော့ ကုန်နေတတ်တယ်။ သူက နည်းနည်းစိမ့်ပြီး ပေါက်နေတဲ့အခါကျတော့ လူက သေချာမသိနိုင်ဘူး။ သေသေချာချာကြည့်မှပဲ သိရမှာ။ နောက်တစ်ခုက အိတ်ဇောပိတ်နေတဲ့ဟာမျိုးတွေ Back Pressure ဖြစ်ပြီး အင်ဂျင်ခန်းကဟာတွေကို အပူလွန်စေတယ်။ နောက်ပြီးတော့ ဆီပိုက်တွေပေါ့။ ဆီပိုက်တွေမှာ မလုံဘူးဆိုရင် ဆီတွေစိမ့်မယ်ဆိုလို့ရှိရင် အိတ်ဇောပေါ်ကိုကျပြီး အပူလွန်ကဲပြီး မီးလောင်တာတွေအထိ ဖြစ်စေတဲ့အတွက် ဒါတွေကို သေချာလေးပုံမှန်စစ်ဆေးသင့်တယ်။

Voice : နောက်တစ်ခုက အငှားယာဉ်တွေမှာပေါ့၊ ဓာတ်ဆီရော ဂက်စ်ရော နှစ်ခုစလုံး တွဲသုံးကြတယ်။ ဒါကရော ပြဿနာရှိနိုင်လား။ 
USKKA : ဒီလိုမျိုး နှစ်မျိုးစလုံးသုံးတဲ့အတွက်ကြောင့်တော့ ကားမီးလောင်တဲ့ကိစ္စက သိပ်မဖြစ်နိုင်ပါဘူး။ ဘာကြောင့်လဲဆိုတော့ သူကဂက်စ်နဲ့သုံးမယ် ဆိုရင် ခလုတ်နှိပ်လိုက်မယ်၊ အဲဒီမှာ ဂက်စ်က သူဘာသာသူသွားတယ်၊ ဆီကမသွားတော့ဘူး။ သူက ဆီလမ်းကြောင်းနဲ့ ဂက်စ်လမ်းကြောင်းနဲ့က သတ်သတ်စီခွဲထားတာ။ သူက ဆီနဲ့ပဲသုံးမယ်ဆိုရင် ဆီလမ်းကြောင်းက သူ့ဘာသာသူသွားနေတာ။ အဲဒီလိုမျိုး နှစ်ခုစလုံး သုံးနေတဲ့အတွက်ကြောင့် ကားမီးလောင်တဲ့ကိစ္စမျိုးက မဖြစ်နိုင်ဘူး။ ဒါပေမဲ့လည်း ခုနကပြောခဲ့သလိုမျိုး ဂက်စ်ပိုက်တွေက မလုံတာတို့၊ ဂက်စ်ပိုက်လေးလည်း စိမ့်နေတာတို့၊ ဆီပိုက်တွေက မလုံတာကြောင့်တော့ ပြဿနာဖြစ်နိုင်တယ်။ 

Voice : ကားဝါယာကြိုးတွေ မကောင်းတော့ရင် မီးလောင်တဲ့အထိဖြစ်နိုင်တော့ ကြိုးတွေက ဘယ်လို ပုံမှန်လေးစစ်ဆေးသင့်လဲ။
USKKA : ဝါယာကြိုးတွေအတွက်ကတော့ အချိန်က တစ်နှစ်နေရင်တော့ ပုံမှန်လေးစစ်ဆေးပြီး လဲလှယ်သင့်တယ်။ ဝါယာကြိုးတွေက ဆွေးတာတို့ဘာတို့ကတော့ ဖြစ်ခဲပါတယ်။ တအားသက်တမ်းရင့်တဲ့ကားတွေကျမှပဲ ဖြစ်မယ်။ ဝါယာတွေ ပြုပြင်ထားတဲ့ဟာမျိုးတွေဆိုရင်လည်း သက်တမ်းကြာမှ ဖြစ်နိုင်တယ်။ အထဲမှာရှိနေတဲ့ ဟာတွေကိုတော့ တစ်နှစ်တစ်ခါလောက်တော့ စစ်ဆေးသင့်တယ်။ မကောင်းတော့ဘူး လဲလှယ်ဖို့ လိုနေပြီဆိုတာနဲ့လဲပေါ့။ မလိုအပ်သေးဘူးဆိုရင် ဆက်သုံးနေသေးလို့ရပါတယ်။

Voice : ကားတစ်စီးက Heat တက်တယ်ဆိုတာ ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်တာလဲ။
USKKA : သူက ပုံမှန်အားဖြင့်တော့ Heat တက်လာပြီဆိုရင် ဒါက လုံးဝမမောင်းသင့်တော့ဘူး။ ပုံမှန် အလုပ်လုပ်နိုင်နေတဲ့ အင်ဂျင်ကောင်းတစ်ခုကတော့ Heat တက်ခဲပါတယ်။ ကိုယ်က မောင်းနေရမယ့် အခြေအနေမျိုးဆိုရင်ပေါ့၊ ဥပမာ - ဟိုင်းဝေးကပြန်လာတဲ့ အခါမျိုးတွေဆိုရင် Heat တက်နေပြီဆိုရင်တော့ မောင်းလိုက်နားလိုက်လုပ်ပြီးတော့ မောင်းလာလို့တော့ရတယ်။ ဒါပေမဲ့ အရမ်းကြီး Over Heat တက်နေပြီဆိုရင်တော့ လုံးဝမမောင်းတော့ဘဲ ရပ်ထားသင့်တယ်။ ဒီကိစ္စက ကိုယ့်ကားရဲ့ အင်ဂျင်ပေါ်မှာ အများကြီးမူတည်တယ်။ ကိုယ့်ကားအခြေအနေက ကိုယ်ပဲအသိဆုံးဆိုတော့ လမ်းတွေမှာ အဲဒီလိုမျိုး မဖြစ်စေချင်ဘူးဆိုရင် ပုံမှန်လေး စစ်ဆေးသင့်တယ်။ မကောင်းတဲ့အစိတ်အပိုင်းတွေ ပြုပြင်ထားတယ်ဆိုရင် ဒီလိုပြဿနာတွေက သိပ်မဖြစ်နိုင်ပါဘူး။ 

Voice : ဒီကားမီးလောင်တဲ့ကိစ္စနဲ့ပတ်သက်ပြီး ဖြည့်စွက်ပြောချင်တာများရှိသေးလား။
USKKA : မီးလောင်တဲ့ကိစ္စမှာက ဖြစ်နိုင်တဲ့အကြောင်းအရာတွေ ကိစ္စတွေကတော့ အများကြီးရှိတာပေါ့။ အတိအကျတော့ ပြောဖို့ခက်ခဲတယ်။ ပြီးတော့ ကားတစ်စီးနဲ့တစ်စီးကလည်း တည်ဆောက်ပုံချင်းလည်း မတူဘူး။ တချို့ကျတော့လည်း အိတ်ဇောနားမှာ ဆီအငွေ့ပျံမှုက တအားကပ်သွားတဲ့အခါမှာ အိတ်ဇောကအပူကြောင့် အရည်ပျော်ပြီးကျလာနိုင်တယ်။ နောက် ဆီပိုက်တွေလုံ မလုံကိစ္စပေါ့။ ဘာမှ မဖြစ်သေးဘူးဆိုပြီး ဒီအတိုင်းစီးနေမှာထက်စာရင် မဖြစ်သေးပေမယ့်လည်း ပုံမှန်လေး စစ်ဆေးပြုပြင်တာလေးတွေ လုပ်ပေးမယ်ဆိုရင်တော့ ဒီလိုကိစ္စမျိုးတွေက တော်ရုံမဖြစ်နိုင်ပါဘူး။

Voice : အခုလို ဖြေကြားပေးတာ ကျေးဇူးတင်ပါတယ်။

အောင်သီဟ