“တချို့နေရာတွေဆို မီးသတ်နဲ့ခေါ်ပြီး ရေစုပ်ထုတ်လိုက်ရတဲ့အထိ ဖြစ်တယ်”


“တချို့နေရာတွေဆို မီးသတ်နဲ့ခေါ်ပြီး ရေစုပ်ထုတ်လိုက်ရတဲ့အထိ ဖြစ်တယ်”

ဦးခင်မောင်လတ် (စမ်းချောင်းမြို့နယ်၊ ဗားကရာလမ်း၌နေထိုင်သူ)

ပြီးခဲ့တဲ့သောကြာနေ့က စမ်းချောင်းထဲမှာ ရေကြီးသွားတယ်။ တချို့နေရာတွေ ဆို မီးသတ်နဲ့ခေါ်ပြီး ရေစုပ်ထုတ်လိုက်ရတဲ့အထိဖြစ်တယ်။ မိုးရွာတဲ့နေ့က ကျွန်တော် ဗဟိုလမ်းပေါ်က လက်ဖက်ရည်ဆိုင်မှာ ထိုင်နေတာ ဘာရေမှမရှိဘူး။ မိုးရွာတာက နာရီဝက်လောက်ရှိလာတော့ ဆိုင်ထဲကို ရေတွေဝင်လာတယ်။ ခုံတစ်ဝက်လောက် အထိရှိလာတဲ့အတွက် ဆိုင်ကထွက်လာရတယ်။ အဓိကကတော့ ကားလမ်းတွေ မြင့်လာလို့ဆိုတာထက် ရေစီးရေလာ မကောင်းတာပါ။ ဗဟိုလမ်းမီးပွိုင့်နားက ဓာတ်ဆီဆိုင်ဆိုရေတွေမြုပ်တယ်။ ဘာလို့လဲဆိုတော့ ဗဟိုလမ်းဘက်ကရေက စီးစရာနေရာမရှိတော့တဲ့အတွက် ဆီဆိုင်မှာ ရေတွေက သွားစုနေတယ်။ စီးစရာကလည်း ကားလမ်းက မြင့်သွားတဲ့အတွက် ရေကမကျော်နိုင်ဘူး။ အဲဒီတော့ နိမ့်ပြီးရေဝပ်သွားတာမျိုးပါ။ အဓိကကတော့ ရေစီးရေလာကောင်းဖို့ကို အင်ဂျင်နီယာတွေနဲ့ သေချာညှိနှိုင်းပြီးမှ မြောင်းဖောက်တာမျိုးတွေကို စနစ်တကျတွက်ချက်ပြီး လုပ်သင့်တယ်။ ရေမြောင်းတွေကိုလည်း အမြဲတမ်း ရေစီးရေလာကောင်းအောင်လုပ်ပေးမယ်ဆို ရေက ဒီလောက်ဝင်စရာ မရှိပါဘူး။ အဲဒီနေ့က မိုးကလည်း တစ်နာရီလောက်ကို မရပ်မနားရွာလိုက်တဲ့အတွက် နိမ့်တဲ့နေရာတွေမှာ ရေဝပ်သွားတာပါ။

“အမှိုက်တွေက မြောင်းထဲပြန်မကျပေမယ့် နုန်းတွေတင်တယ်”

ဒေါ်မျိုးမျိုးဝင်း (ဗဟိုလမ်းအတွင်း နေထိုင်သူ)

ဗဟိုလမ်းက အရင်ကတည်းက ရေတွေဝင်ပါတယ်။ ကားလမ်းတွေ မြင့်တာကြောင့် ရေတွေဝင်တာတော့ မဟုတ်ပါဘူး။ အစ်မတို့ဆိုင်ဆို မိုးတွင်းဘက်ဆို နှစ်တိုင်းရေဝင်တယ်။ အဲဒီအတွက် ရေမဝင်အောင် ရေကာတာမျိုး ကြိုလုပ်ရတယ်။ ဆိုင်ရဲ့အရှေ့မှာ ရေမဝင်အောင်ကာထားတာမျိုးတွေ ဘာတွေပေါ့။ မိုးများရင်တော့ ရေတွေဝင်လေ့ရှိတဲ့အတွက် ဆိုင်ထဲမှာရှိတဲ့ ရေဝင်ရင်ပျက်စီးနိုင်တဲ့ပစ္စည်းတွေ အပေါ်တင်ထားတယ်။ ကွန်ပျူတာတွေ စက်ပစ္စည်းတွေပေါ့။ အဓိက ရေတွေဝင်တယ်ဆိုတာကလည်း အမှိုက်တွေကို စည်းကမ်းတကျ စွန့်ပစ်ဖို့ရယ်၊ စည်ပင်က အမှိုက်တွေကို စနစ်တကျ လာသိမ်းဖို့လိုတယ်။ အရင်ကဆို မြောင်းထဲက အမှိုက်တွေကိုတော့လာဆယ်တယ်။ ဒါပေမဲ့ ဆယ်ပြီး တန်းမသိမ်းဘူး။ သုံး၊ လေးရက်ကြာမှ လာသိမ်းတဲ့အခါ အမှိုက်တွေက မြောင်းထဲ ပြန်မကျပေမယ့် နုန်းတွေတင်တယ်။ တင်တဲ့အတွက် မြောင်းတွေပိတ်တယ်။ အဲလို ပိတ်သွားတဲ့အတွက် ရေကစီးစရာမရှိတော့ဘဲ အိမ်တွေထဲအထိ ရေဝင်လာတာမျိုးတွေ ရှိတာပေါ့။ 



“လမ်းခင်းလိုက်တဲ့အတွက် ရေတွေဝင်လာတာမျိုးတော့ မဟုတ်ပါဘူး”

ဦးဖိုးသော်တာ (စမ်းချောင်းမြို့နယ်၊ ဖျာပုံလမ်းအတွင်း နေထိုင်သူ)

လမ်းတွေမြင့်သွားတဲ့အတွက် တချို့နေရာတွေမှာ ရေတွေဝင်သွားတာတွေရှိပါတယ်။ မိုးများတဲ့အခါ ရေနစ်တဲ့နေရာတွေဘာတွေရှိတယ်။ ရေဝင်သွားတဲ့ နေရာတွေက အိမ်တွေအပေါ်လည်း စာနာလို့ရပါတယ်။ ဗဟိုလမ်းတစ်လျှောက်က မိုးများရင်အရင်ကတည်းက နိမ့်တဲ့နေရာတွေမှာ ရေဝင်လေ့ရှိတယ်။ ဒါကတော့ နိမ့်တဲ့နေရာတွေကတော့ ဝင်မှာပေါ့နော်။ စမ်းချောင်းတစ်မြို့နယ်လုံး အတိုင်းအတာနဲ့ ဆိုရင်တော့ တချို့နေရာတွေ ရေဝင်တယ်။ ဒါကလည်း အရင်နှစ်တွေက နိမ့်တဲ့နေရာတွေဆို ရေဝင်လေ့ရှိပါတယ်။ ကျွန်တော်တို့နေတဲ့ ဖျာပုံလမ်းဆို ရေမဝင်ဘူး။ နောက်တစ်ခုက ရေဝင်တယ်ဆိုတာကလည်း ရေမြောင်းစနစ်လည်း ကောင်းဖို့လိုတယ်။ ရေမြောင်းတွေ ပိတ်တဲ့အတွက် ရေက စီးဝင်စရာမရှိတဲ့အခါ ရေဝပ်သွာတာမျိုးတွေ ရှိတယ်။ ဗဟိုလမ်းပေါ်မှာဆိုရင်တောင် လမ်းရဲ့ညာဘက် ကွန်ကရစ်ထက်နိမ့်တဲ့ နေရာမရှိဘူး။ ဒါပေမဲ့ ဆီဆုံလမ်းဘက်ကတော့ အရင်ကတည်းက ရေဝင်လေ့ရှိတယ်။ အခုလမ်းက မြင့်သွားတဲ့အတွက် ရေကအရင်ကထက် ပိုဝင်သွားတာတော့ ရှိတာပေါ့နော်။ လမ်းခင်းလိုက်တဲ့အတွက် ရေတွေဝင်လာတာမျိုးတော့ မဟုတ်ပါဘူး။ ရေဝင်မဝင်ဖို့ဆို အဓိက,က ရေမြောင်းစနစ်တွေ သေချာလုပ်ဖို့လိုပါတယ်။

ခိုင်ချယ်ရီထွန်း