“Water Bus နဲ့ YBS လမ်းကြောင်း ချိတ်ဆက်ပြေးဆွဲဖို့ကို စီမံဆောင်ရွက်နေပါတယ်”


“Water Bus နဲ့ YBS လမ်းကြောင်း ချိတ်ဆက်ပြေးဆွဲဖို့ကို စီမံဆောင်ရွက်နေပါတယ်”

ဒေါက်တာမောင်အောင် 

(ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ (YRTA) အတွင်းရေးမှူး) 

ရန်ကုန်မြစ်ကြောင်းအတွင်းမှာ ရေလမ်းကြောင်းကို အားပြုစီးနင်းနေတဲ့ ခရီးသွားပြည်သူတွေ အဆင်ပြေအောင် Water Bus နဲ့ YBS လမ်းကြောင်း ချိတ်ဆက်ပြေးဆွဲဖို့ကို စီမံဆောင်ရွက် နေပါတယ်။ ဒါက ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းကိုယ်တိုင်ညွှန်ကြားတဲ့ စီမံကိန်းအဖြစ်နဲ့ ဆောင်ရွက်နေတာပါ။ အခုအချိန်အထိ Water Bus နဲ့ YBS ကို ချိတ်ဆက်နိုင်ခြင်း မရှိသေးဘူး ဆိုပေမယ့် လုပ်ငန်းဆောင်ရွက်ရတာတွေ အဆင့်ဆင့်ဆောင်ရွက်နေပါတယ်။ ခရီးစဉ်လမ်းကြောင်းတွေလည်း ရေးဆွဲနေတာဖြစ်တဲ့အတွက် မကြာခင် အကောင်အထည်ဖော်တော့မှာပါ။



“Water Bus က လမ်းပန်းဆက်သွယ်ရေးတစ်ခုအနေနဲ့ ရှိနေတယ်လို့တော့ မမြင်မိပါဘူး”

မခင်မျိုးချစ် (ခရီးသည်)

Water Bus သွားစီးတုန်းကလည်း အချိန်တွေက နောက်ကျတာနဲ့ မစီးဖြစ်ဘူး။ တခြားဂိတ်တော့ မသိပေမယ့် ဗိုလ်တထောင်ဂိတ်က ဝန်ထမ်းတွေကျ ဆက်ဆံရေးအဆင်မပြေဘူး။ Water Bus က ပို့ဆောင်ဆက်သွယ်ရေးတစ်ခုအနေနဲ့ ရှိနေတယ်လို့တော့ မမြင်မိဘူး။ အပန်းဖြေစီးတာမှာပဲ အသုံးဝင်နေတယ်ထင်တယ်။ Water Bus သွားစီးတိုင်း အဆင်မပြေတာများတော့ မစီးဖြစ်တာများတယ်။ ဂိတ်နဲ့ဝေးတာရော၊ အချိန်မမှန်တာတွေကြောင့်ရောပါပဲ။ YBS ပြေးပေးမယ်ဆိုတာလည်း ကောင်းတော့ကောင်းပါတယ်။ ဒါပေမဲ့ အခုချိန် မှာ Water Bus က လမ်းပန်းဆက်သွယ်ရေးတစ်ခုအနေနဲ့ ရှိနေတယ်လို့တော့ မမြင်မိသေးပါဘူး။

“ရေကြောင်းခရီးကို စီးတယ်ဆိုတာ ကားတွေပိတ်နေတာတွေကို မခံစားချင်လို့လေ”

ဒေါ်စန္ဒာမင်းဦး (ခရီးသည်)

ကျွန်မက Water Bus ကို နေ့တိုင်းစီးဖြစ်ပါတယ်။ တချို့ အစိုးရဝန်ထမ်းတွေလည်း သင်္ဘောပေါ်မှာ လိုက်ပါစီးကြတာ တွေ့ပါတယ်။ အခက်အခဲက ဘာရှိလဲဆိုရင် ဗိုလ်တထောင်ဆိပ်ကမ်းဘက်က YBS ၂၀ ယာဉ်လိုင်းရှိတယ်။ အင်းစိန်ဘက်မှာက မရှိသေးဘူး။ ဆိပ်ကမ်းကနေ ကားလမ်းမကိုရောက်ဖို့ အတော်ဝေးဝေးသွားနေရတယ်။ YBS ကားကရှိနေရင်တော့ သွားရလာရပိုအဆင်ပြေလာနိုင်တယ်။ အခုလို Water Bus နဲ့ YBS ကို ချိတ်ဆက်ပြေးဆွဲပေးမယ်ဆိုရင် Water Bus က အပျော်စီးအနေနဲ့ပဲ မဖြစ်လောက်တော့ပါဘူး။ အခုက အပျော်စီးဖြစ်နေ တယ်ဆိုတာက YBS နဲ့ လမ်းကြောင်းချိတ်ဆက်ထားတာ မရှိသေးလို့ ထင်ပါတယ်။ ဒါကလည်း ပညာရှင်တွေ၊ ကုမ္ပဏီက တာဝန်ရှိသူတွေ တွက်ချက်ရမှာပေါ့။ ကိုယ်က လက်ရှိအခြေအနေကိုပဲ ပြောတာပါ။ နောက်တစ်ခု ပြောချင်တာက Water Bus ကို အချိန်မြန်မြန်လေး ပြေးဆွဲပေးချင်တယ်။ ရေကြောင်းခရီးကို စီးတယ်ဆိုတာ ကားတွေပိတ်နေတာတွေကို မခံစားချင်လို့လေ။ ဆိပ်ကမ်းနဲ့ နီးစပ်မှု မရှိတဲ့သူတွေတော့ Water Bus ကို မစီးကြဘူးပေါ့။ အဓိက ဆိပ်ကမ်းအနီးစပ်မှာနေတဲ့ ပြည်သူတွေအဆင်ပြေအောင် YBS နဲ့ ချိတ်ဆက်ပေးတာတွေ၊ သင်္ဘောစီးရေများများကို ပြေးဆွဲချိန်မြန်အောင် ဆောင်ရွက်ပေးစေချင်တယ်။