“ပုံမှန် ကီလိုဘယ်လောက်မောင်းပြီးရင် အင်ဂျင်ဝိုင်လဲမယ် ဆိုတာလေးတွေကို အချိန်ဇယားလေး ဆွဲထားသင့်တယ်”
ကားနှင့် အင်ဂျင်ဝိုင်
“ပုံမှန် ကီလိုဘယ်လောက်မောင်းပြီးရင် အင်ဂျင်ဝိုင်လဲမယ် ဆိုတာလေးတွေကို အချိန်ဇယားလေး ဆွဲထားသင့်တယ်”

MJL & AKT Petroleum ကုမ္ပဏီအုပ်ချုပ်မှုဒါရိုက်တာ ဦးပြည့်စုံနှင့် တွေ့ဆုံခြင်း

ကားတစ်စီး၏ အင်ဂျင်ဝိုင်ကို ပုံမှန်စစ်ဆေးမှု မပြုလုပ်ပါက ကားအင်ဂျင်ကို ထိခိုက်လာနိုင်မည့်အကြောင်း၊ မိမိကားနှင့်မကိုက်ညီသည့် အင်ဂျင်ဝိုင်အမျိုးအစားများ သုံးမိပါက ဖြစ်လာနိုင်သည့် အကျိုးဆက်များနှင့် အင်ဂျင်ဝိုင် ပုံမှန်စစ်ဆေးမှု ပြုလုပ်သင့်သည်များကို အင်ဂျင်ဝိုင်အမှတ်တံဆိပ် Mobil ကို ပြည်တွင်း၌ ဖြန့်ဖြူးရောင်းချနေသည့် MJL & AKT Petroleum ကုမ္ပဏီလီမိတက်၏ အုပ်ချုပ်မှုဒါရိုက်တာ ဦးပြည့်စုံနှင့် The Voice Daily က တွေ့ဆုံမေးမြန်းထားမှုများကို ဖော်ပြပေးအပ်ပါသည်။

Voice : ပထမဦးဆုံးအနေနဲ့ ကားတစ်စီးမှာ အင်ဂျင်ဝိုင်က ဘယ်လိုအရေးပါလဲ။
UPS : ကားတစ်စီးမှာ အင်ဂျင်ဝိုင်က ဘာအရေးပါလဲဆိုရင် အင်ဂျင်တစ်ခုမှာ အလုပ်လုပ်ဖို့အတွက် မရှိမဖြစ် အရေးပါတယ်။ အင်ဂျင်တစ်ခုလုံးမှာ ချောချောမွေ့မွေ့ လည်ပတ်နိုင်အောင် သူက အရေးကြီးဆုံးပဲ။ လောင်စာဆီအရေးကြီးသလို သူလည်းအရေးကြီးတယ်။ အင်ဂျင်ဝိုင်က အင်ဂျင်အတွက် အလုပ်လုပ်ပေးတာ။ အင်ဂျင်ကိုအေးအောင် လုပ်ပေးတယ်။ လုံအောင်လုပ်ပေးတယ်။ ပြီးရင် သန့်ရှင်းအောင် လုပ်ပေးတယ်။ ကာကွယ်ပေးတယ်။ အရေးကြီးဆုံးက အင်ဂျင်မှာပါဝင်တဲ့ လည်ပတ်နေရတဲ့ အစိတ်အပိုင်းတွေကို ချောအောင်လုပ်ပေးတယ်ပေါ့။ ချောအောင်လုပ်ပေးတယ်ဆိုတာက အင်ဂျင်ထဲမှာက သတ္တုအစိတ်အပိုင်းတွေ အများကြီးရှိတယ်။ လည်နေတဲ့ဟာတွေရှိသလို အထက်အောက်ဆင်းနေတာတွေလည်း ရှိတယ်။ အဲဒီလို လည်ပတ်နေတဲ့ သတ္တုအစိတ်အပိုင်းတွေတစ်ခုခုနဲ့ တစ်ခုခုကြားထဲမှာ အင်ဂျင်ဝိုင်က နေပေးတယ်။ အဲဒီတော့ သူတို့ကြားမှာ ပွတ်တိုက်မှုမရှိတော့ အင်ဂျင်ကလည်း သူလည်ပတ်ဖို့ အားပိုရတာပေါ့။ အင်ဂျင်တစ်ခုကို ကောင်းကောင်း လည်ဖို့အတွက်ဆို အင်ဂျင်ဝိုင်က အရေးကြီးတယ်။

Voice : ကားတစ်စီးရဲ့ မောင်းထားပြီး ကီလိုအလိုက် ဘယ်လိုအင်ဂျင်ဝိုင်အမျိုးအစား သုံးသင့်သလဲ။
UPS : လူတော်တော်များများက ကားအသစ်ဆိုရင် ဒါသုံး။ ကီလိုဘယ်လောက်သုံးပြီးရင် ဘာသုံးဆိုပြီး ပြောကြတာရှိတယ်။ ကျွန်တော်ကတော့ ဒီလိုအမျိုးအစားအလိုက် အင်ဂျင်ဝိုင်အသုံးပြုတာကို ဘာနဲ့ အဓိကဆိုင်လဲဆိုရင် ကားအင်ဂျင်ထုတ်ထားတဲ့ ကုမ္ပဏီနဲ့ပဲဆိုင်တယ်။ ဘာလို့ပိုဆိုင်တာလဲဆိုရင် ဒီကားတွေက အသစ်တိုင်း အသစ်တိုင်း အင်ဂျင်ဝိုင် အကျဲသုံးရမယ်လို့ မဟုတ်ဘူး။ ကားအသစ်စက်စက်ပဲ အင်ဂျင်ဝိုင်အပျစ်ကြီးတွေပဲ သုံးရမှာတွေရှိတယ်။ ကားအင်ဂျင်ကို ထုတ်ထားတဲ့ ဒီဇိုင်းပေါ်မှာလည်း မူတည်တယ်။ ဒါပေမဲ့ မြန်မာပြည်ကိုရောက်လာတဲ့ လူစီးကားတော်တော်များများမှာက ဂျပန်ကားတွေ တော်တော်များများက နောက်ပိုင်းမှာ အင်ဂျင်တွေလည်း သေးတယ်။ ဒီကားတွေမှာက အင်ဂျင်တစ်ခုကို အားတွေအများကြီးထွက်လာအောင် လုပ်ထားတာ မဟုတ်ဘူး။ အင်ဂျင်ဒီဇိုင်းတွေက ကြာကြာခံအောင်ရယ်၊ ဆီစားသက်သာအောင် လုပ်ထားတယ်။ ကားသုံးတဲ့သူ တော်တော်များများကလည်း ကားက မပျက်ရဘူး၊ ကြာကြာခံရမယ်။ အဲဒီလိုဖြစ်အောင် လုပ်ထားတဲ့ကား တော်တော်များများက အင်ဂျင်ဝိုင်ကအကျဲပဲ သုံးရတာများတယ်။ ဘာကြောင့်လဲဆိုတော့ အင်ဂျင်ဝိုင်က အကျဲဆိုတော့ အင်ဂျင်က သိပ်မရုန်းရဘူး။ ပြီးတော့နောက်ပိုင်း နည်းပညာတိုးတက်လာတော့ ကားအင်ဂျင်ပိုင်းထဲမှာ အစိတ်အပိုင်းတွေရဲ့ အကွာအဝေးတွေက ပိုနီးလာတယ်။ ပိုကပ်လာလေ အင်ဂျင်ကို ပိုတာရှည်ခံအောင် လုပ်လို့ရလာတယ် ဆိုတော့ တဖြည်းဖြည်းနဲ့ အင်ဂျင်ဝိုင်အကျဲတွေ သုံးတာများလာကြတယ်။ ကားအသစ်တွေဆိုရင် ဝ/၆၀ တွေ ဘာတွေအထိတောင် သုံးလာကြတဲ့ ကားတွေတောင် ရှိလာကြတယ်။ ကားသုံးတာကြာလာပြီး နောက်ပိုင်းမှာကျတော့ ဘယ်လောက်ပိုပျစ်တာ ပြောင်းသုံးရမလဲဆိုပြီး ကားအသုံးပြုသူတွေက တွေးကြတယ်။ ကားထုတ်လုပ်တဲ့ကုမ္ပဏီက အသစ်ဆိုရင် ဘယ်လောက်အကျဲ အင်ဂျင်ဝိုင်သုံးရမယ်၊ ဘယ်လောက် ကီလို အသုံးပြုပြီးသွားရင် ဘယ်လောက်အပျစ် အင်ဂျင်ဝိုင် ပြောင်းသုံးရမယ်လို့ မသတ်မှတ်ထားဘူး။ ကားကုမ္ပဏီက အင်ဂျင်ဒီဇိုင်းဆွဲကတည်းက ဝ/၂၀ ကိုက်တယ်ဆိုရင် ဒီအင်ဂျင်သည် ကောင်းနေသရွေ့ တစ်သက်လုံး ဒါပဲသုံး။ ဒါပေမဲ့ အင်ဂျင်ပိုင်းကို ပြုပြင်ထိန်းသိမ်းတာတော့ သေချာလုပ်ဖို့လိုမယ်။ ကားကို တစ်ချိန်လုံး ပုံမှန်စစ်ဆေးမှုတွေ ရှိတယ်ဆိုရင် သူသတ်မှတ်ထားတဲ့ အင်ဂျင်ဝိုင်အမျိုးအစားကိုပဲ သုံးသင့်တယ်။ တခြားနိုင်ငံမှာဆိုရင် ကီလို ၈ သိန်း၊ ၉ သိန်းအထိ အသုံးပြုတာတောင် အင်ဂျင်ဝိုင် အမျိုးအစားတစ်ခုတည်းကိုပဲ သုံးတယ်။

Voice : ဒါဆိုရင် ကားအသုံးပြုပြီးတဲ့ ကီလိုအလိုက် အင်ဂျင်ဝိုင်အမျိုးအစား ပြောင်းသုံးဖို့ မလိုဘူးလား။
UPS : ဒီမှာကျတော့ Used ကားတွေများထားတော့ Used တွေရဲ့ အခြေအနေကို ပြောရခက်တယ်။ တချို့ကားတွေမှာကျတော့ ဘယ်လိုအင်ဂျင်ဝိုင်အမျိုးအစား ထည့်ရမယ်ဆိုတဲ့ အချက်အလက်တွေ ပါလာတယ်။ ဒါပေမဲ့ ဒီကားရဲ့ အသုံးပြုထားပြီးတဲ့ အခြေအနေက ဘယ်သူမှ သေချာမသိနိုင်ဘူး။ ဒီက အသုံးပြုသူတွေ တော်တော်များများက ဆီပျောက်မှာကို အရမ်းကြောက်ကြတယ်။ အင်ဂျင်ဝိုင် အမျိုးအစားတစ်ခု ထည့်ကြည့်တယ်၊ ဆီစားမြန်ရင် ဒီဟာကြီးက မကောင်းဘူး။ မင်းတို့က မကောင်းတာတွေ သုံးပေးလိုက်တယ် ဘာတွေပြောတော့ ကားဝပ်ရှော့တွေရော ကျွန်တော်တို့ကိုယ်တိုင်က ပိုပြီးအမှားခံနိုင်မယ့် ပိုပျစ်တဲ့ အင်ဂျင်ဝိုင်တွေကိုပဲ သုံးပေးလိုက်ကြတာ များတယ်။ အဲဒီတော့ ကားနည်းနည်းဟောင်းသွားပြီး ကီလိုနည်းနည်း အသုံးပြုတာများရင် ပိုပျစ်တာသုံးဆိုပြီး များသောအားဖြင့် ဖြစ်ကုန်တယ်။ တချို့ကျတော့ အင်ဂျင်သေးရင် ဆီကျဲတာသုံး၊ အင်ဂျင်ကြီးတာဆိုရင် ဆီပျစ်တာသုံးဆိုပြီး မှတ်ထားကြတယ်။ တချို့ လမ်းကြမ်းမောင်းတဲ့ အင်ဂျင်ကြီးတဲ့ကားမှာဆိုရင် သူ့အင်ဂျင်ဝိုင်ထည့်တဲ့အဖုံးမှာကို ရေးထားတယ် ဝ/၂၀ (အင်ဂျင်ဝိုင်အကျဲ အမျိုးအစား) ပဲ သုံးရမယ်ဆိုပြီး ဖော်ပြထားတယ်။ အဓိက,က ကားကုမ္ပဏီက သတ်မှတ်ပေးလိုက်တဲ့ အင်ဂျင်ဝိုင်အမျိုးအစားကိုပဲ သုံးသင့်တယ်။ နောက်ပိုင်းမှာက ကိုယ့်ကားတစ်ခုခုချို့ယွင်းလာရင်တော့ ကျွမ်းကျင်တဲ့ကားဝပ်ရှော့မှာ စစ်ဆေးပြီးမှ ဘယ်လိုအင်ဂျင်ဝိုင်အမျိုးအစားကို သုံးသင့်တယ်ဆိုမှ ပြောင်းသုံးသင့်တယ်။

Voice : သတ်မှတ်အရည်အသွေးမပြည့်မီတဲ့ အင်ဂျင်ဝိုင်သုံးနေရင် ကားအင်ဂျင်ကို ဘယ်လိုထိခိုက်နိုင်မလဲ။
UPS : သုံးစွဲသူတွေအနေနဲ့ အနည်းဆုံး အမှတ်တံဆိပ်လေးပါတဲ့ အင်ဂျင်ဝိုင်တွေကိုပဲ သုံးစေချင်တယ်။ တံဆိပ်ပါပြီဆိုကတည်းက သူတို့ရဲ့ အမှတ်တံဆိပ်ထုတ်ကုန်ကို နာမည်မပျက်အောင်တော့ ဂရုစိုက်ကြတာပဲ။ ဒီအတိုင်း ဘာမှလည်းမပါဘူး၊ အမှတ်တံဆိပ်လည်း မပါဘူး၊ ဒီအတိုင်း ပုလင်းလေးနဲ့ ဒီအတိုင်းထည့်ကြတယ်ဆိုရင် အဲဒီပုလင်းထဲကဆီတွေက ဘာတွေပါမယ်ဆိုတာ ဘယ်သူမှမသိနိုင်ဘူးလေ။ အဲဒီတော့ အင်ဂျင်ကို ပျက်စီးစေမှာပေါ့။ တကယ်အင်ဂျင်ဝိုင်က သူ့မှာသူ လုပ်ဆောင်ရမယ့် အရည်အသွေးတွေပါတယ်။ ရိုးရိုးဆီထဲမှာမပါတဲ့ လိုအပ်ချက်တွေကို ထပ်ဖြည့်ပေးရတဲ့ ဓာတုပစ္စည်းတွေပါတယ်။ ပွတ်မိတာတို့ တိုက်စားတာတွေကို ကာကွယ်ပေးဖို့ Pressure (ဖိအား) တွေများလာရင် ခံနိုင်ရည်ရှိအောင် လုပ်ပေးတာတို့၊ အောက်ဆီဂျင်နဲ့ လွယ်လွယ်ဓာတ်မပြုအောင်တို့၊ အဲဒီလို ဂုဏ်သတ္တိတွေမပါဘူးဆိုရင်တော့ ဒီအတိုင်း ရိုးရိုးဆီကြီးပဲဆိုရင် အဲဒီဆီက လွယ်လွယ်ကူကူ အနည်ကျနိုင်တယ်။ လွယ်လွယ်ကူကူ လောင်နိုင်တယ်၊ ပွတ်မိ တိုက်စားမှု သိပ်မခံနိုင်ဘူး။ သတ္တုတွေကို မကာကွယ်နိုင်ဘူး။ အဲဒီလိုဆီတွေကို သုံးမိပြီဆိုရင် အင်ဂျင်က ခဏလေးနဲ့ကို ပျက်မှာ။ အင်ဂျင်ပျက်ရင် ပြင်ရတာက ပိုပြီးအကုန်အကျများမယ်။ အင်ဂျင်ဝိုင်ကို ကောင်းကောင်းမွန်မွန်သုံးဖို့ ပိုက်ဆံနည်းနည်းလေး ပိုသုံးခဲ့ရမှာကို ဈေးသက်သာပြီး အရည်အသွေး မပြည့်တာဟာ တွေသုံးတုန်းက သက်သာခဲ့တဲ့ပိုက်ဆံ၊ ကျန်ကျစရိတ်ထက် အများကြီးပိုကုန်မှာ။ 

Voice : ကိုယ့်ကားနဲ့ မကိုက်ညီတဲ့ အင်ဂျင်ဝိုင်ကို သုံးမိရင် ဘာဖြစ်လာနိုင်လဲ။
UPS : ဒါကတော့ ဒီဇိုင်းလုပ်ထားကတည်းက အကျဲသုံးရမယ်၊ အပျစ်သုံးရမယ်ဆိုပြီး လုပ်ထားတယ်။ အသစ်ဝင်လာတဲ့ကား တော်တော်များများက အင်ဂျင်ဝိုင်ထည့်ရမယ့်အဖုံးမှာကို ဘာအင်ဂျင်ဝိုင်သုံးရမယ်ဆိုပြီး ဖော်ပြထားတယ်။ အဲဒီတော့ သူသုံးခိုင်းတဲ့အတိုင်း အင်ဂျင်ဝိုင်ကိုပဲ သုံးသင့်တယ်။ တကယ်လို့ ဝ/၂၀၊ ၅/၂၀ (အင်ဂျင်ဝိုင်အကျဲ အမျိုးအစားများ) တို့ သုံးရမယ့် ကားကို ဝ/၃၀ ဆီ သုံးလိုက်တယ်ဆိုရင် ဆီမြန်မြန်ရောက်ရမယ့်နေရာကို ဆီရောက်တာ နှေးသွားမယ်။ ပထမဦးဆုံးက ကားနည်းနည်း လေးသွားလိမ့်မယ်။ ကားက ပိုပြီးရုန်းသွားရလိမ့်မယ်။ ပွန်းပဲ့ တိုက်စားတာတွေဖြစ်လာမယ်။ အင်ဂျင်ဝိုင်အပျစ်ကို ပိုပြီးရုန်းနေရတဲ့ အင်ဂျင်ဝိုင်ကပါ ပိုထုထူလာပြီး ပိုပျစ်လာပြီး လောင်စာဆီပိုစားလာမယ်။ အင်ဂျင်အသံ ပိုကျယ်လာမယ်။ နောက်တစ်ခုက ဒါနဲ့ ပြောင်းပြန်ပေါ့။ အပျစ်သုံးရမယ်လို့ ထုတ်ကတည်းက မှန်းထားတဲ့ကားတွေပေါ့။ အများအားဖြင့် ဥရောပကကားတွေ၊ ဇိမ်ခံကားတွေမှာပေါ့။ ၄၀၊ ၅၀ ဆီတို့ကို သုံးခိုင်းတယ်။ တချို့ကားတွေဆိုရင် အဲဒီသတ်မှတ်ချက်အောက် အင်ဂျင်ဝိုင်ကို လုံးဝမထည့်ခိုင်းထားဘူး။ အဲဒီလိုနေရာမျိုးမှာ အရမ်းကျဲတဲ့ ဆီထည့်လိုက်မယ်ဆိုရင် သူတို့က စထွက်ကတည်းက အားသုံးရတဲ့ဟာတွေဆိုတော့ ကျဲနေတော့ အင်ဂျင်လည်ပတ်ရတဲ့ အစိတ်အပိုင်းတွေကို ပိုပြီးထိခိုက်မှုဖြစ်စေမယ်။ အင်ဂျင်အသံတွေ အရမ်းကျယ်လာမယ်။ ကားကုမ္ပဏီတွေက သူတို့က တစ်ခါတည်း တွက်ချက်ပြီး ထုတ်ထားတာဆိုတော့ သူတို့ သတ်မှတ်ထားတာပဲထည့်တာ အကောင်းဆုံးပါ။

Voice : ကားအင်ဂျင်ဝိုင်နဲ့ အင်ဂျင် မပျက်စီးအောင် ဘယ်လို ပုံမှန်စစ်ဆေးပြုပြင်သင့်လဲ။
UPS : အဲဒါက အမြဲနားထောင်ပါ။ နားထောင်မှ ဘယ်လိုအချိန်မှာ ဂရုစိုက်ရမလဲဆိုတာ သိမှာ။ အင်ဂျင်သံ ဆူညံဆူညံ ဖြစ်လာပြီလား၊ အင်ဂျင်ဝိုင် မကောင်းတော့ဘူး၊ အင်ဂျင်ဝိုင်မကောင်းတော့ဘူးဆိုရင်လည်း စက်သံက တဖြည်းဖြည်း ကျယ်လာတတ်တယ်။ ပြီးသွားလို့ရှိရင် အင်ဂျက်တာတွေက သုံးရင် ချေး (ဂျီး) တွေ ကပ်လာတတ်တယ်။ အင်ဂျက်တာက ထုတ်လိုက်တဲ့ အမှုန့်တွေတောင် လောင်စာဆီက အကုန် မလောင်တော့တဲ့အတွက် လောင်စာဆီပိုစားလာမယ်၊ စက်သံ ပိုကျယ်လာမယ်။ ကိုယ်က ဒါက အမြဲစောင့်ကြည့်ဖို့အတွက်က ကားရဲ့အသံက အရင်ထက် ပိုဆူလာပြီဆိုရင် အင်ဂျင်ဝိုင်လည်းဖြစ်နိုင်တယ်၊ လောင်စာဆီလည်း ဖြစ်နိုင်တယ်။ အင်ဂျင်ကြောင့်လည်း ဖြစ်နိုင်တယ်။ လောင်စာဆီ ပိုစားလာပြီဆိုရင်လည်း အင်ဂျင်ဝိုင်က ပိုပြီးပျစ်လာလို့လည်း ဖြစ်နိုင်တယ်။ ပုံမှန် ကီလိုဘယ်လောက်မောင်းပြီးရင် အင်ဂျင်ဝိုင်လဲမယ် ဆိုတာလေးတွေကို အချိန်ဇယားလေး ဆွဲထားသင့်တယ်။ ရန်ကုန်မြို့မှာ မောင်းနေရတဲ့ ကားတွေဆိုရင် ကီလိုလေးထောင်ကနေ ခြောက်ထောင်လောက်ဆိုရင်တော့ အင်ဂျင်ဝိုင် လဲတာတွေနဲ့ အင်ဂျင်ရဲ့ အစိတ်အပိုင်းလေးတွေကို ပုံမှန်လေး စစ်ဆေးသင့်ပါတယ်။

Voice : အခုလိုဖြေကြားပေးတာ ကျေးဇူးတင်ပါတယ်။

အောင်သီဟ