“တတ်နိုင်သမျှတော့ ဒီလိုတိုးကောက်တဲ့ အခြေအနေ မရောက်အောင် ထိန်းသိမ်းသင့်တယ်”
စက်သုံးဆီဈေးနှင့် အဝေးပြေး ခရီးသည်တင် ယာဉ်စီးခနှုန်းထား

“အမှန်တကယ်ကို ယာဉ်လိုင်းလုပ်ငန်းရှင်တွေ အခက်အခဲဖြစ်နေလို့ပါ”
ဦးမောင်မောင်သက်ဆွေ (ဘုန်းမြတ်ပိုင် အဆင့်မြင့်ခရီးသည် ပို့ဆောင်ရေးလုပ်ငန်း၊ ဂိတ်တာဝန်ခံ)

လက်ရှိ ဆီဈေးမြင့်တက်နေတဲ့ဒဏ်က အဝေးပြေးယာဉ်လိုင်းလုပ်ငန်းရှင်တွေ အတော်ကိုဒုက္ခရောက်နေတယ်။ တစ်လကို ကားတစ်စီးနှုန်းကို ကျပ် ၁၀ သိန်းကနေ သိန်း ၂၀ အထိ အရှုံးပေါ်နေတယ်။ ကျွန်တော်တို့ ယာဉ်လိုင်းအဖွဲ့အနေနဲ့ ရန်ကုန်-ပြည်လမ်းပိုင်း ခရီးစဉ်လမ်းကြောင်းကို လက်မှတ်ခ ကျပ် ၅၀၀ တိုးကောက်ဖို့နဲ့ သင့်တင့်တဲ့ဈေးနှုန်း အပြောင်းအလဲလေး ဆောင်ရွက်ပေးဖို့ YRTA ကို တင်ပြမယ်။ လုပ်ငန်းစဉ်အရပဲ တင်ပြပေးမှာပါ။ YRTA အဝေးပြေးကို အရင်တင်ပြပြီးမှ ရုံးချုပ်ကိုတင်ပြမှာပါ။ အခုလက်ရှိတော့ ကျွန်တော့်လိုင်းက လက်မှတ်ခ တိုးမကောက်ပါဘူး။ ကျန်တဲ့လိုင်းတွေ တိုးကောက်နေတယ်ဆိုတာကလည်း အမှန်တကယ်ကို ယာဉ်လိုင်းလုပ်ငန်းရှင်တွေ အခက်အခဲဖြစ်နေလို့ပါ။ ဒီဆီဈေးနဲ့ ဘယ်လိုမှ အဝေးပြေးယာဉ်လိုင်းလုပ်ငန်းရှင်တွေ ရေရှည်ရပ်တည်ဖို့ မလွယ်တော့ဘူး။ 

“တတ်နိုင်သမျှတော့ ဒီလိုတိုးကောက်တဲ့ အခြေအနေ မရောက်အောင် ထိန်းသိမ်းသင့်တယ်”
ကိုမင်းသော်ညီ (ခရီးသည်)

ဒီလိုပဲဆက်ပြီး တက်နေမယ်ဆိုရင်တော့ တိုးကောက်တာ မဆန်းပါဘူး။ ဒါကို အစိုးရက ကြိုတင်မျှော်တွေးမိပြီး ဒီဆီဈေးကို ဘယ်လိုထိန်းမလဲဆိုတာကို စဉ်းစားရမှာပေါ့လေ။ နောက်ဆုံး ပြည်သူပဲခံရမှာ။ တတ်နိုင်သမျှတော့ ဒီလိုတိုးကောက်တဲ့ အခြေအနေ မရောက်အောင် ထိန်းသိမ်းသင့်တယ်။ အဝေးပြေးတွေမှာ ခရီးစဉ်တစ်ကြောင်းကို ငါးရာလောက် တစ်ပြေးညီ တိုးကောက်သွားမယ် ဆိုတာလောက်ကို လက်ခံပါတယ်။ ဒီထက်များပြီး တစ်ထောင်လောက်ကြီး တိုးကောက်မယ်ဆိုရင်တော့ အပတ်တိုင်း ရန်ကုန်၊ နေပြည်တော်ကူးနေတဲ့ ခရီးသည်တွေ အတွက်ကျ အဆင်မပြေပါဘူး။ ခရီးသည်တွေအတွက်ရော၊ ယာဉ်လိုင်းပိုင်ရှင်တွေအတွက်ရော နှစ်ဦးနှစ်ဖက် အဆင်ပြေမယ့် ဈေးနှုန်းတစ်ခုကို ညှိနှိုင်းပြီးမှ တိုးပြီးကောက်စေချင်ပါတယ်။

“ကုန်ဈေးနှုန်းတက်တဲ့ ဒဏ်ကိုတော့ အားလုံးကတော့ မျှခံကြရတာပဲ”
မနွေဦးငယ် (ခရီးသည်)

ဓာတ်ဆီဈေးတွေ တက်တာတော့ အမှန်ပဲပေါ့လေ။ ဓာတ်ဆီနဲ့အတူတူ ကုန်ဈေးနှုန်းတွေလည်း တက်တာပေါ့။ မတက်တာက လူထုဝင်ငွေပဲ ရှိတာဆိုတော့ တိုးတောင်းတာကို လက်ခံပေမယ့်လို့ လူထုဘက်ကိုလည်း ကြည့်စေချင်တယ်။ ငါးရာ၊ တစ်ထောင်ဆိုတာထက် အားလုံး တိတိကျကျ မျှမျှတတ တက်ဖို့ကိုပဲ မျှော်လင့်တယ်။ ဈေးနှုန်းကို ပရမ်းပတာ မလုပ်ဖို့ တစ်ပြေးညီ မျှမျှတတ တက်ဖို့ပေါ့။ သတ်မှတ်ပမာဏကို သတ်မှတ်တဲ့နေရာမှာ ဝင်ထိန်းစေချင်တယ်။ လက်ရှိခရီးစဉ် တစ်ကြောင်းကို အဲဒီလောက်ကတော့ သင့်တယ်လို့မြင်တယ်။ အခုက ဆီဈေးကြောင့် ယာဉ်စီးခ တက်သွားတာဆိုပေမယ့် ခုနကပြောသလိုပဲပေါ့။ ကုန်ဈေးနှုန်းတက်တဲ့ဒဏ်ကိုတော့ အားလုံးကတော့ မျှခံကြရတာပဲ။ အဲဒီအထဲကမှ အားနည်းတဲ့သူဘက်ကို ပိုကြည့်ပေးကြရင်တော့ ဘယ်သူမှထွေထူးပြီး ထိခိုက်ဖို့မရှိပါဘူး။ တစ်သောင်းတန်ခရီးကို သွားနေကျလူက တစ်သောင်းငါးရာ ဖြစ်သွားတဲ့အပေါ်မှာ အနည်းငယ် စိတ်မသက်မသာလောက်သာ ဖြစ်နိုင်ပါတယ်။ ကြီးကြီးမားမားတော့ မထိခိုက်နိုင်ပါဘူး။ ဒါပေမဲ့ ဒီနေရာမှာ တစ်ထောင်၊ ထောင့်ငါးရာဆိုရင်တော့ ဒါစားသုံးသူဘက်မှာ ထိခိုက်နိုင်ပါတယ်။

ခိုင်ချယ်ရီထွန်း