တရုတ်နိုင်ငံ ဘေဂျင်းတွင် နေထိုင်သည့် ယန်မင်းဝမ် သည် အသက် ၇၆ နှစ်ရှိပြီ ဖြစ်သည်။ အဘွားဝမ်သည် ဟာဘေးနယ်ရွာ တစ်ရွာကိုသွားပြီး ကလေးတွေကို ယနေ့တိုင်းစာသွားသင်နေသည်။ ကျောင်းပိတ်ထားသည့် စနေ၊ တနင်္ဂနွေ နေ့များတွင် သူသည် ၁၂ နာရီအထိ ကလေးတွေကို စာသွားသင်ပေးနေခြင်းဖြစ်သည်။


တရုတ်နိုင်ငံ ဘေဂျင်းတွင် နေထိုင်သည့် ယန်မင်းဝမ် သည် အသက် ၇၆ နှစ်ရှိပြီ ဖြစ်သည်။ အဘွားဝမ်သည် ဟာဘေးနယ်ရွာ တစ်ရွာကိုသွားပြီး ကလေးတွေကို ယနေ့တိုင်းစာသွားသင်နေသည်။ ကျောင်းပိတ်ထားသည့် စနေ၊ တနင်္ဂနွေ နေ့များတွင် သူသည် ၁၂ နာရီအထိ ကလေးတွေကို စာသွားသင်ပေးနေခြင်းဖြစ်သည်။

ဝမ်သည် ရှီကွမ်ဟောင်ရွာလေး၌ စာသွားသင်နေသည်။ ထိုရွာလေးက ဘေဂျင်းမှ အနောက် တောင်ဘက် ကီလိုမီတာ ၁၀၀ ခန့်ဝေးသည်။ မတ်လ တွင် နွေရာသီကျောင်းများပိတ်ထားသည်ဆိုစေ သူက မပြတ်အောင် ရွာကိုရောက်လာပြီး စာတွေသင်ပေးသည်။

“ကျွန်မက အငြိမ်းစား ယူထားတယ်ဆိုပေမယ့် တစ်ခုခု လုပ်ချင်နေတယ်။ ကလေးတွေကို ကျူရှင် သင်တာမျိုးပေါ့။ သူတို့မိဘတွေက အိမ်မှာ စာပြန်မသင်ပေးနိုင်တဲ့ ကျေးလက်က ကလေးတွေကို စာသင်ပေးချင်မိတယ်”ဟုသူက ဆိုသည်။ 

ရှီကွမ်ဟောင်ရွာသည် ဆရာမကြီးဝမ်၏ ဘိုးဘွားများနေထိုင်သည့်ရွာဖြစ်ပြီး သူတို့ကွယ်လွန်သွားချိန်၌ ဘိုးဘွားပိုင်မြေနေရာလည်း ဆုံးရှုံးခဲ့ရသည်။ အဘွားဝမ်က ရွာကို အလည်လာတိုင်း ရွာတွင် နေထိုင်ကြသည့် ရွှေ့ပြောင်းနေထိုင်သော အလုပ်သမား များကို တွေ့ရသည်။ သူတို့သည် မြို့ ပြတွင် အလုပ်သွား လုပ်ပြီး သားသမီးများကို အဘိုး၊ အဘွားတွေနှင့် ထားခဲ့ကြရသည်။

“ကလေးတွေက အိမ်တွေမှာ စာသင်ပေးဖို့ ဆရာလိုနေတယ်။ သူတို့ အဘိုးအဘွားတွေကလည်း စာတတ်ကြတာမဟုတ်ဘူး။ ဒါကြောင့် သူတို့မြေးတွေရဲ့ ပညာရေးကို ဘယ်လိုမှ အကူအညီမပေး နိုင်ဘူး” ဟု သူကဆိုသည်။

ဝမ်သည် တက္ကသိုလ်တက်စဉ်ကတည်းက သူ့ သမီးကို ပြန်ပြီး စာသင်ပေးခဲ့ရသူဖြစ်သည်။ ထို့ကြောင့် သူ့အတွက် စာသင်ခြင်းမှာ မဆန်းဟုဆိုရမည်။ ရှီကွမ်ဟောင်ရွာတွင်သူက အခန်းတစ်ခန်း ငှားလိုက်သည်။ စားပွဲအဟောင်းလေးကို အခန်းထဲတွင် ထားလိုက်ပြီး စာသင်ခန်းအဖြစ် ဖန်တီးလိုက်သည်။ မတ်လ ၂၃ ရက်နေ့က စတင်ပြီး စာသင်ကြားခြင်းကို ပြုလုပ် သည်။ 

သောကြာနေ့ မနက်ဆိုလျှင် ၉ နာရီထိုးသည် နှင့် ဝမ်သည် ဘေဂျင်းကထွက်လာသည်။ ရှီကွမ် ဟောင်သို့ ညနေ ၃ နာရီခွဲလောက်မှရောက်သည်။ ၆ နာရီကျော်ကြာသည့် ခရီးကို ဘတ်စ်ကား လေးဆင့်လောက် ပြောင်းစီးရသည်။

“ဘေဂျင်းက ထွက်တဲ့ ပထမ ဘတ်စ်ကားနှစ်စီးက သက်ကြီးရွယ်အိုတွေ ပိုက်ဆံမပေးရဘူး။ နောက် နှစ်ဆင့်ကတော့ ၁၁ ယွမ် (၁ ဒသမ ၆ ဒေါ်လာ) လောက်ပေးစီးရတယ်” ဟု သူကဆိုသည်။

သောကြာနေ့ညကစပြီး ကလေးတွေကို စာသင်သည်။ သူ့ငှားထားသည့် စာသင်ခန်းကျဉ်းလေးထဲတွင် တပည့် ၂၅ ယောက်ခန့်ရှိသည်။ သူတို့အားလုံး ပေးလိုက်သည့် အိမ်စာများကို အဘွားဝမ်၏ အကူအညီဖြင့် လုပ်နေကြသည်။ 

“ကျွန်မက အထွေအထူးသင်ခန်းစာသစ်တွေ သူတို့ကို မပေးဘူး။ သူတို့ ကျောင်းမှာ နားမလည်တာတွေ၊ အိမ်စာမလုပ်နိုင်တာတွေကိုပဲ အကူအညီ ပေးနိုင်အောင် ကြိုးစားပါတယ်” ဟုရှင်းပြနေသည်။ 

သူ့စာသင်ခန်းထဲက ကလေးတွေက အတန်း အမျိုးမျိုးဖြစ်သည်။ မူလတန်း၊ အလယ်တန်း အဆင့် တွေဖြစ်သည်။ 

“သူတို့မေးတဲ့ အင်္ဂလိပ်စာနဲ့ သင်္ချာတွေကိုတော့ ကျွန်မ သိပ်ပြီး မရှင်းပြတတ်ဘူး။ ဓာတုဗေဒနဲ့ ရူပဗေဒတွေကိုလည်း ကျွန်မကမေ့နေပြီ။ ဒါပေမဲ့ သူတို့ဆက်ပြီး လေ့လာနိုင်အောင်တော့ အတတ်နိုင်ဆုံး ကျွန်မနားလည်သလို ရှင်းပြနိုင်အောင်ကြိုးစားတယ်”

ဝမ်အဓိကထားပြီး ကလေးများကို သင်ကြားပေးနေသည်မှာ စိတ်ဓာတ်ကောင်းအောင်ဖြစ်သည်။ ကလေးတွေက ကျောင်းဝင်ခွင့်တွေအတွက် စိုးရိမ်သောကတွေ ဖြစ်နေကြရှာသည်။ သူတို့ မိဘတွေကလည်း နားမလည်။ မဖြေရှင်းပေးနိုင်သဖြင့် ဝမ်ဆီကိုသာ လာအပ်ပြီး အကူအညီတောင်းကြရရှာသည်။ ဝမ်က ကလေးတွေကို မူလတန်း အထက်ဆင့် ဝင်ခွင့်စာမေးပွဲဖြေပုံဖြေနည်းတွေ သင်ပေးသည်။ ထို့ပြင် ကိုယ်ကျင့်တရားနှင့် ပြည်သူ့နီတိဆိုင်ရာ သဘောတရားတွေလည်းသင်ပေးသည်။ 

ဆရာမဝမ်သည် ၁၉၆၀ လောက်ကတည်းက ဘေဂျင်းသိပ္ပံနှင့်နည်းပညာတက္ကသိုလ်တွင် ပညာ သင်ကြားခဲ့သူဖြစ်သည်။ ၁၉၆၅ နှစ်တွင် ကျောင်း ပြီးသည်။ သူကဘွဲ့ရပြီးနောက် အလျူမီနီယံများ ထုတ်သည့် ကုမ္ပဏီတွင် ပစ္စည်းများဆင်သူဖြစ်လာ သည်။ ယခုတော့လုပ်ငန်းက အငြိမ်းစားယူပြီး စာသင် ခြင်းကို စိတ်ဝင်စားကာ လာလုပ်ပေးနေခြင်းဖြစ်သည်။ 

ဝမ်သည် ၁၉၉၇ ခုနှစ်တွင် အငြိမ်းစား ယူပြီး နောက် အသက်မွေးဝမ်းကျောင်းပညာသင်ကောလိပ် တွင် အချိန်ပိုင်းဆရာမအဖြစ် ဝင်လုပ်သည်။ သူက အငြိမ်းစားယူပြီး အလုပ်မလုပ်ဘဲ ထိုင်နေရမည်ကို ပျင်းစရာကောင်းသည့် အလုပ်တစ်ခုအဖြစ်ယူဆပြီး စာလာသင်နေခြင်းဖြစ်သည်။

သူ့ခင်ပွန်းက ယမန်နှစ်က အဆုတ်ရောင်ရောဂါဖြင့် သေဆုံးသွားခဲ့သည်။ ခင်ပွန်းကွယ်လွန်သွားပြီးနောက် ၂၀၁၅ ခုနှစ်ကတည်းက ရုပ်သံအစီ အစဉ်တစ်ခုတွင် တွေ့ခဲ့သည့် ရွှေ့ပြောင်းအလုပ်သမားများ၏ သားသမီးများ ဘဝကိုစာနာပြီး ဤရွာ၌ စာလာသင်ပေးနေခြင်းဖြစ်သည်။ 

ခင်ပွန်းဖြစ်သူ ကွယ်လွန်သည့်အခါ သမီးဖြစ်သူက စိတ်ပြေလက်ပျောက် ခရီးထွက်ရန် အားပေးသည်။ သို့သော် ဝမ်သည် မိမိဇာတိရွာကိုသွားပြီး သူ့စိတ်ကူးထဲတွင် အကောင်အထည်ဖော်ချင်သော အလုပ်ကို လုပ်ရန်ဆုံးဖြတ်လိုက်သည်။ 

မတ်လတွင် ကျောင်းသား ၁၀ ဦးနှင့် စလိုက်ရာ ယခု ၃၀ လောက်ဖြစ်လာပြီ။ အခန်းကလည်း ၁၀ မီတာ ပတ်လည်လောက်သာရှိသဖြင့် အလွန်ကျဉ်းသည်။ သူက ၄၀ လောက်သာ လက်ခံရန် ပြင်ဆင်ထားသည်ဟု ဆိုသည်။ အဘွားဝမ်က သူ့တွင် စုဆောင်းထားသည့် ယွမ်ငွေ တစ်သိန်းခန့်ရှိသည်ဟုဆိုသည်။ သူက ထိုငွေများဖြင် သူဆောက်ပေးချင်သည့် ကျောင်းလေးကို ပုံကြမ်းဆွဲပြသည်။ အခြားအငြိမ်းစားများလည်း သူ့လို လာပြီး စာသင်ကြားပေးနိုင်ရန် မျှော်လင့်ထားသည်။

သူတို့အငြိမ်းစားတွေက ငြိမ်ငြိမ်လေး ထိုင်စားရမည်ကိုမလိုလား။ ဘဝဆိုသည်မှာ လှုပ်ရှားနေမှဖြစ်မည်ကို ကောင်းစွာနားလည်ပြီး အကျိုးရှိစွာ အသုံးချကာ လူသားအကျိုးပြုလုပ်ငန်းများကို လုပ်ဆောင်ပြနေကြသည်။

E-01

(Ref: China Daily)