အခြေခံပညာကျောင်းများဖွံ့ဖြိုးရေး ကမ္ဘာ့ဘဏ်မှ အတိုးမဲ့ချေးပေးသောငွေဖြင့် ကျောင်းဖွံ့ဖြိုးရေးရန်ပုံငွေအဖြစ် ၂၀၁၄ ခုနှစ်မှစ၍ ထောက်ပံ့ပေးနေခြင်း ဖြစ်သည်။ ယင်းသို့ထောက်ပံ့သောငွေကြေးများကို အခြေခံပညာကျောင်းများမှ မှန်ကန်စွာသုံးစွဲနိုင်မှုနှင့် တွေ့ကြုံနေရသည့်အခက်အခဲများအကြောင်း ဆရာရင်ဖွင့်သံကဏ္ဍမှတစ်ဆင့် The Voice က စုစည်းဖော်ပြလိုက်ပါသည်။
အခြေခံပညာကျောင်းများဖွံ့ဖြိုးရေး ကမ္ဘာ့ဘဏ်မှ အတိုးမဲ့ချေးပေးသောငွေဖြင့် ကျောင်းဖွံ့ဖြိုးရေးရန်ပုံငွေအဖြစ် ၂၀၁၄ ခုနှစ်မှစ၍ ထောက်ပံ့ပေးနေခြင်း ဖြစ်သည်။ ယင်းသို့ထောက်ပံ့သောငွေကြေးများကို အခြေခံပညာကျောင်းများမှ မှန်ကန်စွာသုံးစွဲနိုင်မှုနှင့် တွေ့ကြုံနေရသည့်အခက်အခဲများအကြောင်း ဆရာရင်ဖွင့်သံကဏ္ဍမှတစ်ဆင့် The Voice က စုစည်းဖော်ပြလိုက်ပါသည်။



“သင်ရိုးသစ်မှာ ဒီပစ္စည်းတွေလိုအပ်တယ်”

ဦးညီညီနောင် (အထက်တန်းပြ၊ အထက (ခွဲ) ရှင်မိန်၊ ညောင်ဦးမြို့နယ်)

၂၀၁၈-၂၀၁၉ ပညာသင်နှစ်အတွက် ကျောင်းဖွံ့ဖြိုးရေးတိုးတက်မှုရန်ပုံငွေကို ဇွန်လကတည်းက ပထမအကြိမ်အဖြစ် ငါးသိန်းရရှိပါပြီ။ ကျွန်တော်တို့ကျောင်းမှာတော့ ရတဲ့ရန်ပုံငွေနဲ့ ကျောင်းသားတွေအတွက် အပေါ့စွန့်ဖို့ ခြံဆောက်ပေးလိုက်ပါတယ်။ ရန်ပုံငွေအသုံးပြုရေး ပညာရေးဝန်ကြီးဌာနက ညွှန်ကြားထားတာကတော့ ခေါင်းစဉ် ၁၃ မျိုးရှိပါတယ်။ ကျွန်တော်တို့ မြို့နယ်မှာ ခေါင်းစဉ် ၁၃ မျိုးထဲပါတဲ့ ခရီးစရိတ်၊ တံဆိပ်ခေါင်း၊ ကြေးနန်း၊ တယ်လီဖုန်းခနဲ့ အစားအသောက်စရိတ်တွေကို မသုံးစွဲသင့်ဘူးလို့ ယူဆတဲ့အတွက် ကျန်ခေါင်းစဉ် ၁၀ မျိုးအတွက် သုံးစွဲနေတာတွေ့ရပါတယ်။ ဘာကြောင့် မလိုအပ်တာလဲဆိုတော့ ဒီစာတိုက်တို့၊ တယ်လီဖုန်းတို့ဆိုတာက ကျောင်းတော်တော်များများမှာ မရှိဘူး။ အဲဒီခေါင်းစဉ်ကကျတော့ ဘယ်လိုမှ သုံးလို့မရဘူး။ နောက် လျှပ်စစ်မီးတို့ ရေမီတာတို့ကလည်း သုံးစရာမရှိဘူး။ 

ကျွန်တော်တို့နယ်က အခြေခံကျောင်းတွေမှာ အဓိကလိုအပ်တာက ကျောင်းရဲ့ ဥပဓိရုပ်တို့ သင်ထောက်ကူတို့ပေါ့။ ခုဆို သင်ရိုးသစ်ရဲ့ သင်ထောက်ကူပစ္စည်းတွေ အများကြီး ထောက်ပံ့ပေးချင်တာပေါ့။ ရန်ပုံငွေရတာက မတူဘူး။ ကျောင်းသားတစ်ယောက်ကနေ ၄၉ ယောက်ထိဆိုရင် တစ်နှစ်လုံးစာအတွက် ၄ သိန်းပဲရတာ။ ကျောင်းသားဦးရေ ၅၁ ဦးကနေ ၁၀၀ ထိဆိုရင်တော့ ၈ သိန်းရတယ်။ အဲဒီတော့ ၄ သိန်းရတဲ့ကျောင်းက ရုံးတွေကခေါ်တဲ့အခါ ရုံးတွေကတောင်းတဲ့ စီမံချက်တွေကို ဓာတ်ပုံနဲ့ တွဲတင်ရတာမျိုးရှိတယ်။ ကျောင်းပြက္ခဒိန်ပါ စီမံချက်တွေပေါ့။ တစ်နှစ်ပတ်လုံးလိုလို သွားနေရတယ်။ အဲလိုအခါမျိုးမှာ လမ်းစရိတ်အဖြစ် သုံးလိုက်တာမျိုး ရှိတယ်။ ရန်ပုံငွေကို အကျိုးရှိရှိသုံးတဲ့ကျောင်းတွေရှိသလို ရန်ပုံငွေအရနည်းတဲ့ ကျောင်းတွေမှာတော့ ညွှန်ကြားချက်အတိုင်း ခေါင်းစဉ်အားလုံးကို အသုံးမပြုနိုင်တဲ့ကျောင်းတွေလည်း ရှိပါတယ်။ ၈ သိန်းရတဲ့ကျောင်းတွေလည်း အလုပ်လုပ်ရခြင်းက အတူတူပဲ။ ရန်ပုံငွေ အသုံးပြုတဲ့အလိုက် စီမံချက်တွေကို ဓာတ်ပုံနဲ့တကွ တင်ပြကြရတော့ သွားလာစရိတ်တွေအတွက်ပဲ သုံးကြတာမျိုးလည်းရှိပါတယ်။ 

ကျွန်တော်တို့ကျောင်းကတော့ ကျောင်းသား ၁၀၀ ကနေ ၁၅၀ ကြားရှိတဲ့အတွက် ၁၀ သိန်းရတယ်။ ပထမအရစ် ငါးသိန်းပေါ့။ နိုင်ငံတော်ကပေးအပ်တဲ့ရန်ပုံငွေကတော့ ကျောင်းဖွံ့ဖြိုးတိုးတက်ရေးအတွက် အမှန်တကယ်ထိရောက်မှုရှိပါတယ်။ ဒါပေမဲ့ ရန်ပုံငွေအသုံးပြုရမယ့်ခေါင်းစဉ်တွေမှာ ကျောင်းတွေမှာ တကယ်လိုအပ်တဲ့ ကျောင်းဥပဓိရုပ်အတွက် ကျောင်းဝင်းခြံစည်းရိုး လုံအောင်လုပ်တာမျိုး၊ သင်ထောက်ကူပစ္စည်းတွေပေါ့။ ကျွန်တော်တို့ဆီမှာဆို လိုအပ်တဲ့ ကက်ဆက်တို့ ဘောက်စ်တို့လို စက်ပစ္စည်းတွေဆို မဝယ်ရဘူး။ ဒါပေမဲ့ သင်ရိုးသစ်မှာ ဒီပစ္စည်းတွေလိုအပ်တယ်။ ဒီပစ္စည်းတွေ သတ်မှတ်တဲ့ ခေါင်းစဉ်မှာကိုက မဝယ်ရဘူးလို့ပါတယ်။ ကျွန်တော့်အနေနဲ့ကတော့ ရန်ပုံငွေပေးရင် အခြေခံကျောင်းတွေမှာ လိုအပ်တဲ့ခေါင်းစဉ်တွေပဲ ချပေးစေချင်ပါတယ်။



“ကိုယ့်ပိုက်ဆံနဲ့ကိုယ် စိုက်ဝယ်ပေးထားရတာပေါ့” 

ဦးသက်ဝေထူး (အထက်တန်းပြ၊ အထက၊ ကျော်မြို့၊ ဂန့်ဂေါမြို့နယ်)

ခုလက်ရှိ တာဝန်ထမ်းဆောင်နေတဲ့ကျောင်းမှာတော့ ရန်ပုံငွေရပါပြီ။ ဒါပေမဲ့ ရန်ပုံငွေက ပထမအရစ်နဲ့ ဒုတိယအရစ် ခွဲပေးတယ်။ အဲဒီမှာ ဒီနှစ်က အစည်းအဝေးမှာ ဆရာမကြီးပြောပြချက်အရ ပထမအရစ်ရဲ့ တစ်ဝက်ပဲရသေးတယ်။ နိုင်ငံတော်အနေနဲ့ ဘတ်ဂျက်မလောက်လို့လား မသိဘူးပေါ့။ ကျွန်တော်တို့ကျောင်းက ကျောင်းသားဦးရေများတော့ ပထမအရစ်ရဲ့ တစ်ဝက်ကို ၁၇ သိန်းကျော်လောက်ရပါတယ်။ လက်ရှိကျောင်းမှာတော့ ရန်ပုံငွေသုံးစွဲတာနဲ့ပတ်သက်ပြီး ဆရာ၊ ဆရာမတွေရော ပါဝင်ဆွေးနွေးခွင့်ရှိတယ်။ ပွင့်လင်းမြင်သာတယ်ပေါ့။ တော်တော်ကို အဆင်ပြေပါတယ်။ ဒါပေမဲ့ နိုင်ငံတော်က ရန်ပုံငွေမပေးခင်တော့ ကျောင်းဖွင့်ဖွင့်ချင်း လိုအပ်တဲ့ တံမြက်စည်းတို့လို စတဲ့ ကျောင်းအသုံးအဆောင်တွေကျတော့ ဆရာ၊ ဆရာမတွေက ကိုယ့်ပိုက်ဆံနဲ့ကိုယ် စိုက်ဝယ်ပေးထားရတာပေါ့။ ရန်ပုံငွေပြန်ရမှ ပြန်ခွဲပေးရတာ။ 

ကျွန်တော် အရင်ကကြုံဖူးတဲ့ ကျောင်းတော်တော်များများကတော့ ဒီနိုင်ငံတော်ကပေးတဲ့ရန်ပုံငွေကို ကိုယ်ရေးကိုယ်တာအတွက် သုံးတာနည်းပါတယ်။ လိမ်လို့လည်းမရဘူး။ သူက ခေါင်းစဉ်တွေလည်း ခွဲပေးထားတယ်။ ဘယ်ခေါင်းစဉ်မှာ ဘယ်လိုသုံးရမယ်ဆိုတာ ပါပြီးသားပေါ့။ ဒါပေမဲ့ ကျောင်းမှာမလိုအပ်တဲ့ခေါင်းစဉ်မျိုးမှာတော့ လျှော့သုံးကြတာပေါ့။ ဒါပေမဲ့ ကျွန်တော်ပြောချင်တာတစ်ခုက ကျောင်းစုံညီပွဲတော်အတွက်ဆိုပြီး နိုင်ငံတော်က သီးသန့်ရန်ပုံငွေချပေးတာရှိတယ်။ အဲဒီခေါင်းစဉ်နဲ့ ရန်ပုံငွေချပေးတာကို မကြိုက်ဘူး။ ရန်ပုံငွေပေးတာကိုတော့ ကြိုက်ပါတယ်။ ကျောင်းတွေအတွက် တကယ်လည်းအကျိုးရှိပါတယ်။ ကျောင်းအုပ်တွေရဲ့ စီမံခန့်ခွဲမှုကောင်းဖို့လည်း လိုအပ်တာပေါ့။ ၉၉ ရာခိုင်နှုန်းလောက်ကတော့ ကိုယ်ကျိုးအတွက်သုံးတာ မရှိပါဘူး။ အပေါ်ယံပေါ့။ အသေးစိတ်ပြောမယ်ဆိုရင် ဒီငွေကို စားတဲ့သူ၊ ခေါင်းပုံဖြတ်တဲ့သူလည်းရှိမှာပေါ့။ ဥပမာ-ကျောင်းအိမ်သာဆောက်တယ်ဆိုရင် ပစ္စည်းဝယ်တဲ့နေရာမှာ အမြတ်စားပြီး ခေါင်းပုံဖြတ်တာမျိုးတွေလည်း တွေ့ဖူးတယ်။ အထက်ကစီမံတာ ကောင်းပါတယ်။ အောက်ကလုပ်တဲ့သူတွေက ဖရိုဖရဲဖြစ်နေတာမျိုးပေါ့။

ကျောင်းအုပ်က လုပ်တာမျိုးမဟုတ်ဘူး။ ကျောင်းအုပ်က တာဝန်ပေးခံရတဲ့သူတွေက အများဆုံးလုပ်တာ မြင်ဖူးတယ်။ ကျောင်းအုပ်အများစုကတော့ ရန်ပုံငွေကို အကျိုးရှိရှိသုံးကြတာပါပဲ။ ဘယ်လိုသုံးရမယ်ဆိုတာ နားလည်းလည်တယ်။ တစ်ခါတစ်ခါကျ ကျောင်းက ဆရာတွေတောင်မသိလိုက်ဘဲ ကျောင်းအုပ်က ရွာကလူကြီးတွေနဲ့ညှိပြီး လုပ်ပြီးသွားကြတာမျိုးလည်းရှိတယ်။ အဓိကတော့ ကျောင်းအုပ်စီမံခန့်ခွဲမှုကောင်းဖို့လိုတာပေါ့။ နိုင်ငံတော်ကပေးတဲ့ရန်ပုံငွေက ကျောင်းဖွံ့ဖြိုးရေးအတွက် ၇၅ ရာခိုင်နှုန်းလောက်ထိ အကျိုးရှိပါတယ်။ ကျန်တဲ့ ၂၅ ရာခိုင်နှုန်းက ကိုယ့်အားကိုယ်ကိုးကြမယ်ဆိုရင် ကျောင်းတိုင်းကျောင်းတိုင်းက ဖွံ့ဖြိုးတိုးတက်မယ်လို့ ထင်ပါတယ်။



“ရန်ပုံငွေကို မေလလယ်လောက်မှာ ပေးသင့်ပါတယ်”

ဒေါ်ဆွေဆွေအေး (အလယ်တန်းကျောင်းအုပ်၊ အထက(ခွဲ) ထေးငှားလျား၊ လွိုင်ကော်မြို့)

ဒီနှစ်အတွက် ကျောင်းထောက်ပံ့ကြေးရပါပြီ။ ပထမအရစ်အတွက် ရှစ်သိန်းရပါတယ်။ ဇွန်လထဲမှာ ရပါတယ်။ ဒီရန်ပုံငွေတွေကို ကျောင်းရဲ့ဖွံ့ဖြိုးတိုးတက်ရေး တစ်နည်းအားဖြင့် ကျောင်းရဲ့အရည်အသွေးမီ သင်ကြားမှု သင်ယူမှု ပတ်ဝန်းကျင်ကို ဖော်ဆောင်ဖို့ အသုံးပြုရပါတယ်။ ဒီအတွက် ငွေစာရင်းခေါင်းစဉ် ၁၃ မျိုးနဲ့ ခွဲဝေသုံးစွဲရပါတယ်။ ပထမနှစ်ဝက်အတွက်ရတဲ့ ငွေကိုလည်း ခေါင်းစဉ် ၁၃ မျိုးနဲ့သုံးရပါတယ်။ ကျောင်းရဲ့ လိုအပ်ချက်အပေါ်မူတည်ပြီး ဘတ်ဂျက်ငွေကို ခွဲဝေလျာထားရပါတယ်။ လက်လှမ်းမီသလောက်ကတော့ ရန်ပုံငွေကို အကျိုးရှိရှိသုံးကြတာများပါတယ်။ ဒီရန်ပုံငွေက အခြေခံပညာကျောင်းတွေအတွက် အတိုင်းအတာတစ်ခုအထိ အမှန်တကယ်ကိုအကျိုးရှိပါတယ်။ လုံလောက်သလားဆိုတော့ မလုံလောက်ပါဘူး။ 

မိမိကျောင်းအတွက် ရုပ်ပိုင်းဆိုင်ရာ သင်ကြားရေးပိုင်းဆိုင်ရာ လိုအပ်ချက်က ထောက်ပံ့ပေးနိုင်တဲ့ ငွေပမာဏထက်ပိုများပြားနေပါတယ်။ ကျောင်းအုပ်တစ်ယောက်က လုပ်ဆောင်ပေးချင်တဲ့ စေတနာများလေလေ လိုအပ်ချက်က များလေလေမို့ ဒီရန်ပုံငွေ တစ်ခုတည်းနဲ့တော့ကျောင်းရဲ့ အမှန်တကယ်ဖွံ့ဖြိုး တိုးတက်မှုကို အကောင်အထည်မဖော်နိုင်ပါဘူး။ ဒါပေမဲ့လည်း ပေးနိုင်သလောက်လေးကတော့ ကျောင်းအတွက် တကယ်အကျိုးရှိပါတယ်။ တကယ်ဆိုရင် ကျောင်းတစ်ကျောင်းအတွက် ဖွံ့ဖြိုးမှုရန်ပုံငွေကို မေလလယ်လောက်မှာ ပေးသင့်ပါတယ်။ ကျောင်းအုပ်တစ်ယောက်က ကျောင်းမဖွင့်မီကတည်းက ကျောင်းဖွင့်အမီ ကျောင်းအတွက် လုပ်ဆောင်စရာတွေများပါတယ်။ ဒီအတွက် နွေရာသီကတည်းက စာသင်ခန်းပြင်ဆင်တာတွေ၊ ပရိဘောဂပြင်ဆင်တာတွေ၊ သင်ထောက်ကူပြုလုပ်တာတွေ၊ ကျောင်းဆိုင်းဘုတ် အတန်းဆိုင်းဘုတ်ပြုပြင်တာတွေ စသဖြင့် ပြင်ဆင်စရာတွေ များပါတယ်။ ဒီအတွက် ငွေလိုပါတယ်။ စိုက်နိုင်တဲ့ကျောင်းအုပ်ရှိသလို မစိုက်နိုင်တဲ့ကျောင်းအုပ်အတွက် အခက်အခဲရှိပါတယ်။ 

ပြီးတော့ ဘတ်ဂျက်ခွဲတမ်းက ထက်လယ်မူကျောင်းတွေအတွက် မညီမျှဘူးလို့ယူဆပါတယ်။ မူ၊ မူခွဲ၊ လယ်၊ လယ်ခွဲကျောင်းတွေအတွက် ကျောင်းသားဦးရေ အနည်းအများအလိုက် တစ်နှစ်စာ လေးသိန်းကနေ ကျောင်းသား ၂၅၀၀ အထိကို လေးဆယ့်နှစ်သိန်း ပုံသေပေးပါတယ်။ ထနဲ့ ထခွဲကျောင်းတွေအတွက်ကျတော့ ကျောင်းသားတစ်ဦးကို ၅၀၀၀ ကျပ်အပြင် ငါးသိန်းအပိုဆောင်းပေးပါတယ်။ ဒါပေမဲ့ မနှစ်က ကျွန်မရဲ့ကျောင်းက အလယ်တန်းဆိုတော့ ကျောင်းသား ၄၈၀ ရှိပြီး ဆယ့်ခြောက်သိန်းရပါတယ်။ အဲဒီတော့ ကလေးအတွက် ပေးတာချင်းအတူတူ အထကကျောင်း ထခွဲကျောင်းမှာနေတဲ့ ကလေးအတွက် ၅၀၀၀ နှုန်းသုံးနိုင်ပြီး ကျန်တဲ့ မူ၊ လယ်ကျောင်းက ကလေးတွေအတွက် ငါးထောင်နှုန်း မသုံးနိုင်ပါဘူး။ ဒီနှစ်တော့ ကျွန်မကျောင်းက ထခွဲဖြစ်လာပြီမို့ ဒုတိယအသုတ်မှာတော့ ငါးထောင်နှုန်းနဲ့ရမှာပါ။ ပထမအသုတ်ကတော့ အလကခွဲတမ်းမို့ ရှစ်သိန်းပဲရပါတယ်။ အလယ်တန်းကျောင်းရဲ့ လုပ်ဆောင်ရမယ့် လုပ်ငန်းတွေလိုအပ်ချက်တွေက အထက်တန်းကျောင်းနဲ့အတူတူပါပဲ။ ဒါကြောင့် အလယ်တန်းကျောင်းတွေကို အထက်တန်းကျောင်းတွေနဲ့ တစ်ပြေးညီပေးစေချင်ပါတယ်။

မြဇာခြည်သင်း