၂၀၁၈ ခုနှစ်တွင် နည်းပညာက ပညာသင်ကြားရေးထဲကို သိသိသာသာ ဝင်ရောက်လာခဲ့ကြောင်း တွေ့ရသည်။ ပညာရှင်များကလည်း ပညာသင်ကြားရေးကို အထောက်အကူဖြစ်စေမည့် ဆော့ဖ်ဝဲများကို တိုးမြှင့်တီထွင်လာကြသည်။ နည်းပညာလောကထဲသို့ AI ဆိုသည့် လူသားကဲ့သို့ တွေးခေါ်နိုင်၊ ဖြေရှင်းနိုင်သည့် သဘောတရားများ ဝင်ရောက်လာသည်။ ဆရာပြောချင်သည့် အကြောင်းအရာကို တပည့်တွေကို ကွန်ပျူတာ၊ ဆော့ဖ်ဝဲ၊ အင်တာနက်များဖြင့် ဖြေရှင်းနိုင်ခြင်းက ၂၁ ရာစု၏ ပညာရေးလမ်းကြောင်းသစ် ဖြစ်လာခဲ့သည်။


၂၀၁၈ ခုနှစ်တွင် နည်းပညာက ပညာသင်ကြားရေးထဲကို သိသိသာသာ ဝင်ရောက်လာခဲ့ကြောင်း တွေ့ရသည်။ ပညာရှင်များကလည်း ပညာသင်ကြားရေးကို အထောက်အကူဖြစ်စေမည့် ဆော့ဖ်ဝဲများကို တိုးမြှင့်တီထွင်လာကြသည်။ နည်းပညာလောကထဲသို့ AI ဆိုသည့် လူသားကဲ့သို့ တွေးခေါ်နိုင်၊ ဖြေရှင်းနိုင်သည့် သဘောတရားများ ဝင်ရောက်လာသည်။ ဆရာပြောချင်သည့် အကြောင်းအရာကို တပည့်တွေကို ကွန်ပျူတာ၊ ဆော့ဖ်ဝဲ၊ အင်တာနက်များဖြင့် ဖြေရှင်းနိုင်ခြင်းက ၂၁ ရာစု၏ ပညာရေးလမ်းကြောင်းသစ် ဖြစ်လာခဲ့သည်။

ပညာသင်ကြားရေးတွင် တတ်မြောက်ကျွမ်းကျင်စေရန် အာပေါက်အောင် ရှင်းပြသင်နေရမည် မဟုတ်တော့ပါ။ ဆင်အကြောင်း နားမလည်၊ မမြင်ဖူးသည့် ကလေးကို ဆင်ဆိုသည်မှာဆိုပြီး ဖတ်ခိုင်း၊ ရှင်းပြနေရန်လည်း မလိုပါ။ ကွန်ပျူတာဖြင့် ရှင်းနိုင်သည်။ ရုပ်မြင်သံကြား ခံစားရနိုင်စေရန် ဖန်တီးပေးနိုင်သော နည်းလမ်းများ ရှိလာပြီဖြစ်သည်။ ကျောင်းသုံးစာအုပ် ပြဋ္ဌာန်းချက်ဆိုသည်မှာ သင်ရန်မဟုတ် လမ်းညွှန်ရန်ဖြစ်သည်ဆိုသော သဘောတရားများကို ပြောင်းလဲလာပြီဖြစ်သည်။ ပြဋ္ဌာန်းချက်ကို စာအုပ်ထဲတွင် လေ့လာရာမှ ကွန်ပျူတာထဲတွင် ဆော့ဖ်ဝဲဖြင့်လည်းကောင်း၊ အင်တာနက်ဖြင့်လည်းကောင်း ချိတ်ဆက်လေ့လာနိုင်သည့် စနစ်ဆီသို့ ကူးပြောင်းနေကြပြီဖြစ်သည်။

ခေတ်သစ်ပညာရေးသည် ဆရာက သင်ကြားမှ တတ်မြောက်မည်ဆိုခြင်းထက် ကိုယ်တိုင်လေ့လာသင်ယူတတ်မြောက်နိုင်ရမည်ဆိုသည့် လမ်းကြောင်းပေါ်သို့ ရောက်လာပြီဖြစ်သည်။ 

“တကယ့်အစစ်အမှန် ပညာရေးဆိုသည်မှာ ကိုယ်တိုင် သတင်းအချက်အလက်များကို ထုတ်ဖော်ရယူနိုင်စွမ်းရှိရေး ဖြစ်သည်။ ဆရာများ၏ အရေးကြီးသည့် တာဝန်မှာ ကလေးတွေကို တွေးခေါ်တတ်စေရန် သင်ကြားပေးရေးဖြစ်သည်။ ပြောသမျှနားထောင်၊ လက်ခံခိုင်းထားခြင်းထက်၊ ပြောလျှင် ငြင်းချက်ထုတ်ကာ ဝေဖန်နိုင်သူများဖြစ်စေရန် လေ့ကျင့်ပေးရန် အရေးကြီးသည်” ဟု Silicon Schools မှ CEO ဖြစ်သူ ဘရိန်းဂရင်းဘတ်ကဆိုသည်။ သူက - 

“နည်းပညာက ဆရာတွေရဲ့ အခန်းကဏ္ဍကို လျှော့ချလိမ့်မယ်။ ကလေးတွေကို တွေးနိုင်အောင်၊ ငြင်းခုံနိုင်အောင်၊ ဝေဖန်ဆွေးနွေးနိုင်အောင် မလုပ်ပေးနိုင်ရင် ဆရာတွေအတွက် နေရာမရှိနိုင်တော့ဘူး” ဟုဆိုသည်။ သူပြောချင်သည်က ထိုသဘောတရားများကို စက်တွေ၊ ကွန်ပျူတာတွေက မလုပ်ပေးနိုင်သဖြင့် ဆရာအလုပ်ကို လုပ်ချင်လျှင် မည်သည့်လမ်းကြောင်း လိုက်ရမည်ဆိုခြင်းကို ပွင့်လင်းစွာ ထောက်ပြထားခြင်းဖြစ်သည်။

အမေရိကန်ရေတပ်သည် ပန်ဆာကိုလာတွင် AI ကို အခြေခံသည့် ဆော့ဖ်ဝဲတစ်ခုကို တီထွင်ပြီး ကျောင်းတစ်ကျောင်းတွင် လေ့လာစမ်းသပ်လျက် ရှိသည်။ သူတို့တီထွင်ထားသည့် ဆရာစက်ရုပ်က ကျောင်းသားများကို စောင့်ကြည့် အကဲဖြတ်နေမည်ဖြစ်သည်။ ကွန်ပျူတာဖြင့် ကျောင်းသားတစ်ဦးချင်းစီ၏ ခံယူနိုင်စွမ်းကို ပိုင်းဖြတ်ခြင်းဖြစ်သည်။ ကျောင်းသားကို လူသားက ပိုင်းဖြတ်ခြင်းထက် ပိုတိကျမည်ထင်သည့် စက်ဖြင့် ပိုင်းဖြတ်နေခြင်းဖြစ်သည်။ စက်၏ မှတ်ဉာဏ်က ကျောင်းသားတစ်ဦးချင်း၏ ခံယူနိုင်စွမ်း၊ သင်ယူနိုင်စွမ်းများကို မှတ်တမ်းတင်ပေးထားနိုင်သည်။ တိကျသော မှတ်တမ်းသည် ကျောင်းသား တစ်ဦးချင်းစီကို ရှေ့ဆက်ပြီး မည်သို့ သင်ကြားရမည် ဆိုခြင်းကိုပါ ပိုင်းဖြတ်နိုင်သဖြင့် အကျိုးရှိနိုင်သည်။ လာမည့် ၁၅ နှစ်အတွင်း စက်ရုပ် ဆရာတွေကလည်း စာသင်ခန်းထဲရောက်လာနိုင်သဖြင့် သက်ရှိဆရာတွေ သတိထားကြရတော့မည်။

အနာဂတ်ပညာရေးသည် တစ်ဦးကောင်း တစ်ယောက်ကောင်းသမားများ မွေးထုတ်ပေးရန် မဟုတ်တော့ပေ။ အဖွဲ့လိုက် ပူးပေါင်း၊ အားလုံးဆောင်ရွက်၊ ပရောဂျက်ဆိုသည့် သဘောတရားများ ဖွံ့ဖြိုးလာအောင် ကြံဆောင်သည့် ပညာရေးဖြစ်လာရန် ဦးတည်လုပ်ဆောင်နေကြသည်။ ကျောင်းသားတစ်ဦးသည် လွတ်လပ်စွာဖြင့် သူလေ့လာချင်သည့် ပညာရပ်များကို လေ့လာနိုင်ရန် လမ်းကြောင်းကို ဖော်ထုတ်ပေးနိုင်ရမည်။ အထောက်အကူပြုပေးနိုင်ရန်မှာ နည်းပညာသာရှိသည်။ သူတို့ကို သင်ယူချင်လာစေရန် လှုံ့ဆော်ပေးနိုင်သည့် အကောင်းဆုံး အထောက်အကူကလည်း နည်းပညာသာရှိသည်။ 

အနာဂတ်ပညာရေးသည် ကျောင်းသားတစ်ယောက် Laptop တစ်လုံးဖြင့် မစီစဉ်ပေးနိုင်လျှင် သင်ကြားမှု၊ သင်ယူမှုလုပ်ငန်းသည် မအောင်မြင်သလောက်ကို ဖြစ်လာနိုင်သည်။ အနာဂတ် တတ်သိပညာများကို ကွန်ပျူတာအထောက်အကူမပါဘဲ သင်ကြားရန် မဖြစ်နိုင်သည့် အနေအထားကို ရောက်သွားနိုင်ပါသည်။

အနာဂတ်တွင် ဖြစ်လာမည့် လမ်းကြောင်းများကို မှန်းကြည့်နိုင်ပါသည်

- Google ကထုတ်သည့် Chromebook ကဲ့သို့သော် တက်ဘလက်များ ကွန်ပျူတာများသည် ဈေးသက်သာစွာဖြင့် ရနိုင်သလို စာသင်ခန်းများထဲတွင် မဖြစ်မနေ သုံးကို သုံးလာရတော့မည်ဖြစ်သည်။ Google ကလည်း ယခုကတည်းက ပညာရေးဆိုင်ရာ ဆော့ဖ်ဝဲတွေကို တီထွင်အသုံးပြုနေစေခြင်းမှာ အကြောင်းမဲ့မဟုတ်ကြောင်း သိထားစေချင်ပါသည်။

- ယနေ့ အမေရိကတွင် DeramBox, Zearn, ST Math ဆိုသည့် သင်္ချာဆိုင်ရာ ဆော့ဖ်ဝဲများကို ကျောင်းများတွင် လေ့ကျင့်သင်ကြားပေးရာ ပိုပြီး အောင်မြင်နေပါသည်။ သင်ကြားရေးတွင် ဆော့ဖ်ဝဲဖြင့် သင်ကြားရေးကို သဘောပေါက်လာသဖြင့် ဆော့ဖ်ဝဲဖြင့် သင်ကြားရေးကိုသာ ကျောင်းများက အာရုံစိုက်လာကြပေလိမ့်မည်

- No Red Ink, Achieve 3000, Newsela စသော ဆော့ဖ်ဝဲများကလည်း အင်္ဂလိပ် စသည့် ဘာသာစကားသင်ကြားရေးတို့ကို ကောင်းစွာ အထောက်အကူပြုပေးနိုင်ပြီဖြစ်သည်။ ထိုဆော့ဖ်ဝဲများကို အသုံးပြုပြီး ကျောင်းသားများသည် အရေးနှင့် အဖတ်စွမ်းရည်များ တိုးတက်အောင် ကြံဆောင်နိုင်ကြပြီဖြစ်သည်

- ကျောင်းစီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးဆိုင်ရာ လုပ်ငန်းများကိုလည်း Quizlet ဆိုသည့် ဆော့ဖ်ဝဲက ကောင်းစွာစီမံခန့်ခွဲပေးနိုင်သဖြင့် ကျယ်ပြန့်စွာ သုံးစွဲနေကြပြီဖြစ်သည်။

ပညာရေးတွင် နည်းပညာကိုထည့်သွင်းအသုံးပြုလာပြီး အရာရာကို ဖြေရှင်းနိုင်ရန် ကြိုးစားနေခြင်းသည် နည်းလမ်းတစ်ခုမဟုတ်ဟု မည်မျှဆိုစေ၊ နည်းပညာကို မဖြစ်မနေ တိုးမြှင့်သုံးစွဲနေကြရပြီး၊ နည်းပညာကို မသုံးမဖြစ်အနေအထားရောက်ပြီ ဆိုခြင်းကိုလည်း မငြင်းနိုင်သည့် အနေအထားကို ရောက်လာပြီဟု ဆိုနိုင်ပါသည်။ 

E-01

(Ref: The Future of Education)