“ဒါမှသာ ပညာရေးကောင်စီနဲ့ ဆက်သွယ်တဲ့အခါ အထက်အောက်စီးဆင်းမှု မြန်ဆန်မယ်လို့ ယူဆတယ်”
အခြေခံပညာရေး ဥပဒေကြမ်းတွင်ပါရှိသည့် အခြေခံပညာရေးကောင်စီ ဖွဲ့စည်းခြင်းနှင့်ပတ်သက်၍ ဆရာ၊ ဆရာမများ၏ သဘောထားအမြင်ကို ယခုတစ်ပတ်ဆရာများ၏ရင်ဖွင့်သံကဏ္ဍမှတစ်ဆင့် The Voice က စုစည်းဖော်ပြလိုက်ပါသည်။

“ဒါမှသာ ပညာရေးကောင်စီနဲ့ ဆက်သွယ်တဲ့အခါ အထက်အောက်စီးဆင်းမှု မြန်ဆန်မယ်လို့ ယူဆတယ်”
ဦးစိုးထိုက် (တာဝန်ခံကျောင်းအုပ်၊ အလက(ခွဲ)၊ ပေါက်ပြင်၊ တောင်ကုတ်မြို့)

အခြေခံပညာရေး ဥပဒေကြမ်းနဲ့ပတ်သက်ပြီး ထိုက်သင့်သလောက်တော့ လေ့လာထားပါတယ်။ ဒီထဲမှာ ပညာရေးကောင်စီ ဖွဲ့စည်းခြင်းနဲ့ပတ်သက်ပြီး သတိထားမိတဲ့အချက်တွေတော့ တွေ့ပါတယ်။ ဖွဲ့စည်းခြင်းနဲ့ပတ်သက်ပြီး သဘောထားအမြင်ပြောရရင် လက်ခံနိုင်စရာအချက်တွေလည်း အများကြီးရှိတယ်။ ဒါပေမဲ့ ဒီဥဒေကို အခြေခံက အောက်ခြေဆရာမတွေကို ချပြဆွေးနွေးပြီးမှ လွှတ်တော်မှာ ဆွေးနွေးသင့်တယ်လို့ ထင်ပါတယ်။ နောက်တစ်ချက်က ဒီဥပဒေထဲမှာပါတဲ့ ပုဒ်မ ၁၁ (က) အပိုဒ်ခွဲ ၁ မှာ ပညာရေးကောင်စီဖွဲ့စည်းခြင်းမှာ ဝန်ကြီးက ဥက္ကဋ္ဌဖြစ်ရမယ်။ သက်ဆိုင်ရာ တိုင်းဒေသကြီးက အစိုးရအဖွဲ့တွေပါရမယ်ဆိုတဲ့ထဲမှာ ဆရာ၊ ဆရာမတွေရဲ့ ကိုယ်စားလှယ်တွေလည်း ပါဝင်သင့်တယ်လို့မြင်တယ်။ ဒါမှသာ ပညာရေးကောင်စီနဲ့ ဆက်သွယ်တဲ့အခါ အထက်အောက်စီးဆင်းမှု မြန် ဆန်မယ်လို့ယူဆတယ်။ ဒီလိုမျိုးဆရာ၊ ဆရာမကိုယ်စားလှယ်တွေ မပါဝင်ဘူးဆိုရင် ဒီအချက်က တကယ့် အားနည်းချက်ကြီးလို့ မြင်ပါတယ်။

နောက်တစ်ခု ပုဒ်မ ၁၂ (ခ) မှာ ကျောင်းများဖွင့်လှစ်ခြင်း၊ ပိတ်သိမ်းခြင်း၊ အဆင့်တိုးမြှင့်ခြင်း၊ အဆင့်လျှော့ခြင်းကို အမျိုးသား ပညာရေးမူဝါဒကော်မရှင်က ကြပ်မတ်ဆောင်ရွက်ခြင်းဆိုတဲ့နေရာမှာ သက်ဆိုင်ရာ မြို့နယ်ပညာရေးမှူး၊ တိုင်း၊ ပြည်နယ် ပညာရေးမှူးရုံးတွေရဲ့ လက်အောက်မှာ ထားစေချင်တယ်။ ဒါမှသာလျှင် လက်ရှိမြေပြင်ရဲ့အခြေအနေကို ကွင်းဆင်းပြီး ဘယ်ကျောင်းက အဆင့်တိုးသင့်တယ်၊ ဒါမျိုးတွေလုပ်သင့်တယ်။ ဘာလို့ဆိုရင် ဒါတွေကို သူတို့တွေရဲ့အောက်တွေမှာ ထိန်းချုပ်မှုများရင် တကယ့် မြေပြင်လက်တွေ့ အနေအထားကို မှန်ကန်သောသတင်း မရနိုင်ဘူးလို့ ထင်တယ်။ လက်ရှိမှာတောင် တချို့က စာရင်းဇယားတွေ မမှန်ကန်တာမျိုးတွေ တွေ့နေရတယ်။ နောက်တစ်ခုက ကျောင်းတွေရဲ့ အရည်အသွေး စံသတ်မှတ်ချက်တွေကို အမျိုးသားပညာရေး အဆင့်အတန်းနဲ့ အရည်အသွေး အာမခံမှု အကဲဖြတ်ကော်မတီနှင့် ညှိနှိုင်းခြင်းဆိုတာမှာ ဒီအရည်အသွေး စံသတ်မှတ်ချက်မှာရော တကယ့်စံ မူဘောင်တစ်ခုကို သက်ဆိုင်ရာကျောင်းတွေအလိုက် သိထားအောင် လုပ်ပေးသင့်တယ်။ ဒါမှသာ ကျောင်းတွေက စံသတ်မှတ်ချက်နဲ့အညီဖြစ်အောင် ဘယ်လိုကြိုးစားကြမလဲ ဆိုတာကိုသိမယ်။ တချို့ကျောင်းတွေကျ ရုပ်ဝတ္ထုပိုင်းကောင်းပေမယ့် ပညာသင်ကြားရေးမှာ အရည်အသွေးနိမ့်တာမျိုး ရှိကောင်းရှိနိုင်တယ်။ တချို့ကျလည်း ရုပ်ဝတ္ထုမကောင်းပေမယ့် ပညာကို ကောင်းမွန်အောင်သင်ကြားနေတဲ့ကျောင်းတွေ အများကြီး တွေ့ရတယ်။ အဲဒါကိုမှ ဒီစံသတ်မှတ်ကို ပွင့်လင်းမြင်သာစွာ သက်ဆိုင်ရာကျောင်းတွေမှာ သိနေမယ်ဆိုရင် တကယ်ကြိုးစားတဲ့ ဝန်ထမ်းတွေကိုရော ဘယ်လိုချီးမြှောက်ပေးမှာလဲပေါ့။ တကယ်ကြိုးစားပြီး မိမိကျောင်းကို အောင်မြင်အောင် ဆောင်ရွက်နေတဲ့ဝန်ထမ်းတွေကို ရာထူးတိုးပေးခြင်းသော်လည်းကောင်း ရှိသင့်တယ်။ နိုင်ငံတော်က ဆုတံဆိပ်ချီးမြှင့်တာမျိုး ထိုက်သင့်တဲ့ ရာထူးတိုးပေးတာမျိုးရှိရင် တခြားသော ဝန်ထမ်းတွေလည်း အားကျပြီးလိုက်လုပ်လိမ့်မယ်။

နောက်တစ်ခု ထောက်ပြစရာက ဝန်ကြီးဌာနက သတ်မှတ်ပြဋ္ဌာန်းထားသော သင်ရိုးညွှန်းတမ်းကို ကျောင်းအားလုံးမှာ ထိရောက်စွာ အကောင်အထည်ဖော်ဖို့ ကြပ်မတ်ဆောင်ရွက်ခြင်းဆိုတာမှာ သင်ရိုးညွှန်းတမ်းကော်မတီရဲ့ အတည်ပြုလိုက်တဲ့သင်ရိုးကို မြို့နယ်တွေမှာ အားသာချက်၊ အားနည်းချက် ပြန်ဆွေးနွေးသင့်တယ်။ ဆွေးနွေးပြီးမှ မြို့နယ်တွေက စုစည်းပြီး သင်ရိုးညွှန်းတမ်း ကော်မတီက ပြင်ဆင်သင့်တာတွေ ပြင်ဆင်သင့်တယ်လို့ ထင်ပါတယ်။ လက်ရှိကျွန်တော် ကိုယ်တိုင် ကြုံတွေ့ရတဲ့ အခက်အခဲတစ်ခုရှိတယ်။ ဆဋ္ဌမတန်းကမ္ဘာ့သမိုင်းမှာပါတဲ့ ဂရိမြို့ပြနိုင်ငံတည် ထောင်ခြင်းဆိုတဲ့ခေါင်းစဉ်အောက်မှာ ဂရိကျွန်းဆွယ်ထဲမှာ အစ္စလာမ်ဘာသာဝင် ဂရိမျိုးနွယ်များ နေထိုင်သည်လို့ပါတယ်။ အဲဒီမှာ သူတို့ပေးထားတဲ့ ခုနှစ်သက္ကရာဇ်က မှားနေတယ်။ ပုံနှိပ်မှားတာလား မသိပေမယ့် သမိုင်းပညာရှင်တွေနဲ့ဆွေးနွေးပြီး ထောက်ပြခဲ့တယ်။ ဒါပေမဲ့ အဲဒါကို ဒီနေ့ထိမပြင်တဲ့အတွက် ဘာသာရေးအတွက် တချို့ကျ တော်တော်လေး ခံစားနေကြတယ်ရှိတယ်။ ဒါကြောင့် သင်ရိုးညွှန်းတမ်းတွေကို အခါအားလျော်စွာ ပြန်လည်ဆွေးနွေးသင့်တယ်လို့ထင်ပါတယ်။

“သူတို့အတွက် ကန့်လန့်ဖြစ်နေမှာစိုးလို့ တမင်ချန်ထားခဲ့တာလို့ပဲ ထင်တယ်”
ဦးခင်မောင်အေး (မူလတန်းကျောင်းအုပ်၊ အမက၊ နို့ဖာဒို့၊ မြဝတီမြို့နယ်)

အခြေခံပညာရေး ဥပဒေမူကြမ်း အခန်း ၅ မှာ အခြေခံပညာရေးကောင်စီဆိုတာ ပါဝင်ဖွဲ့စည်းထားပါတယ်။ ဒီကောင်စီဟာဆိုရင် အခြေခံပညာရေးအတွက် အရေးကြီးတဲ့ကောင်စီဖြစ်တဲ့အတွက် ပညာရေးဝန်ကြီးက ဥက္ကဋ္ဌ၊ အခြေခံပညာညွှန်ချုပ်က အတွင်းရေးမှူးဆိုတော့ ဗဟိုချုပ်ကိုင်မှုတွေ ရှိနေတာကိုတွေ့ရတယ်။ ခုချိန်မှာ ဗဟိုချုပ်ကိုင်မှုတွေကို ဖြေလျှော့ပေးရတော့မယ်။ စနစ်ဟောင်းကအမွေတွေကို စနစ်ဟောင်းမှာပဲ ချန်ထားရမယ်။ ဗဟိုချုပ်ကိုင်မှုများရင် ပညာရေးပြုပြင်ပြောင်းလဲမှုမှာ အများကြီး ကြန့်ကြာစေနိုင်တယ်။ ဒီကောင်စီမှာဆိုရင် ပညာရေးကို တကယ့်မြေပြင်မှာ လက်တွေ့ အကောင်အထည်ဖော်ဆောင်နေရတဲ့ အခြေခံပညာ ဆရာ၊ ဆရာမကိုယ်စားလှယ်တွေ ပါဝင်ထည့်ထားခြင်း မရှိတာကိုတွေ့ရတယ်။ အခြေခံပညာဆရာ၊ ဆရာမကိုယ်စားလှယ် ပါဝင်ရမှာပါ။ ဒါမှ ပညာရေး ပြုပြင်ပြောင်းလဲမှုမှာ လက်တွေ့ကျပြီး ပြုပြင်ပြောင်းလဲရေးဟာ ထိရောက်မြန်ဆန်လိုက်မယ်လို့ ထင်တယ်။ အရေးပါတဲ့ ဒီကောင်စီမှာ အခြေခံပညာဆရာ၊ ဆရာမ ကိုယ်စားလှယ်တွေကိုထည့်မထားဘဲ ချန်ထားတာဟာ သူတို့အတွက် ကန့်လန့်ဖြစ်နေမှာစိုးလို့ တမင် ချန်ထားခဲ့တာလို့ပဲထင်တယ်။ အခြေခံပညာရေး ဥပဒေမူကြမ်းမှာဖွဲ့စည်းထားတဲ့ အခြေခံပညာရေးကောင်စီ ဖွဲ့စည်းပုံကို ပြန်ပြင်ရမယ်။ အခြေခံပညာနဲ့ပတ်သက်တဲ့ ပါဝင်သင့်သူ အားလုံးပါဝင်နိုင်ဖို့ လိုအပ်ပါတယ်။

ဒီဥပဒေကိုသာ မပြောင်းလဲဘဲ လွှတ်တော်မှာ အတည်ပြုရင်တော့ ပညာရေးဌာနဟာလည်း အရင်လိုပဲ ဗဟိုချုပ်ကိုင်မှုများပြီး အထက်နဲ့ အောက်ခြေ ကွာခြားချက်က များနေဦးမှာပဲ။ နိုင်ငံတော်သမ္မတကြီး ဦးဝင်းမြင့် ပြောသလို “အားလုံး ကောင်းပါသည်။ အားလုံးမှန်ပါတယ်”ဆိုသလို ဖြစ်နေမှာပဲ။ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် လက်တွေ့အကောင်အထည်ဖော်နေတဲ့ ပညာရေးပြုပြင်ပြောင်းလဲမှုကိုလည်း နှောင့်နှေးကြန့်ကြာစေမယ်လို့ ထင်ပါတယ်။ အခြေခံပညာရေးဥပဒေမူကြမ်းမှာ ကောင်းတဲ့အချက်တွေလည်း အများကြီးပါတယ်။ ဖြည့်စွက်ပြင်ဆင်သင့်တဲ့အချက်တွေလည်း ရှိနေတာကို တွေ့ရတယ်။ အဲဒါကြောင့် ဒီဥပဒေမူကြမ်းကို ပြန်လည်ပြင်ဆင်သင့်ပါတယ်။ ပြင်ဆင်တဲ့အခါမှာလည်း အခြေခံပညာ ဆရာ၊ ဆရာမများ အဖွဲ့အစည်းတွေ၊ ပညာရေးနယ်ပယ်မှာ လက်တွေ့လုပ်ဆောင်သင်ကြားနေရတဲ့ ပညာရှင်တွေရဲ့ အကြံဉာဏ်၊ အကြံပြုချက်တွေကိုရယူပြီး လုပ်ဆောင်သင့်ပါတယ်။ ဒါမှ အားလုံးပါဝင် ရေးဆွဲထားတဲ့ဥပဒေ ဖြစ်မှာပါ။ အခြေခံပညာရေးမှာဆို ဒီဥပဒေဟာ အရေးကြီးတယ်။ ဒီဥပဒေသာ လွှတ်တော်မှာ အတည်ပြုပြီးရင် တော်တော်နဲ့ ပြင်လို့ရတော့မှာ မဟုတ်ဘူး။ ဒါကြောင့် အတည်မပြုခင် ပြင်ဆင်ဖို့လိုအပ်ပါတယ်။ ပြင်ဆင်တဲ့အခါမှာလည်း ပါဝင်သင့်သူ အားလုံး ပါဝင်ကြပြီး တိုင်ပင်ဆွေးနွေး အကြံဉာဏ်များရယူပြီး ဆောင်ရွက်မှသာ ကောင်းမွန်ပြည့်စုံတဲ့ အခြေခံ ပညာရေးဥပဒေ ဖြစ်လာမှာပါ။

“ဒီဥပဒေနဲ့ ပတ်သက်ပြီး မြို့နယ်တိုင်းမှာ ဟောပြောပွဲ၊ ဆွေးနွေးပွဲတွေ လုပ်သင့်ပါတယ်”
ဦးဆန်းမျိုးအောင် (အထက်တန်းပြ၊ အထက-၇၊ ကလေးမြို့)

ကျွန်တော့်အနေနဲ့ ဒီပညာရေးဥပဒေမူကြမ်းကို ကျယ်ကျယ်ပြန့်ပြန့် လေ့လာဖူးတာမျိုး မရှိပါဘူး။ ကျွန်တော်တို့မှာက သင်ကြားရေးနဲ့ ချာလပတ်လည်နေတာပါ။ ဒီဥပဒေမူကြမ်းနဲ့ပတ်သက်ပြီး ကျွန်တော်သိသလောက်ပြောရရင် အခုမူကြမ်းဖွဲ့စည်းပုံကို သဘောကျတယ်။ လက်ခံတယ်။ အများပြောသလို ဒီဥပဒေကြမ်းထဲက ပညာရေးကောင်စီဖွဲ့စည်းပုံမှာ အခြေခံဆရာ၊ ဆရာမတွေ မပါတာက ပြောရရင် ဆရာ၊ ဆရာမတွေက သင်ကြားရေးမှာ လုံးနေရတာက များတယ်။ အဲဒီအတွက် ညွှန်ကြားရေးမှူးတွေပဲ ထည့်လိုက်တာလို့ ထင်တယ်။ နောက်တစ်ခုက ပုဒ်မ ၁၂ (ဃ) အရ ကျောင်းတွေမှာ ဆရာ၊ ဆရာမတွေရဲ့အရည်အချင်းကို ဝန်ကြီးဌာန အတည်ပြုချက်ဖြင့် သတ်မှတ်ခြင်းဆိုတာမှာ ဆရာအင်အား မလုံလောက်တဲ့ကျောင်းတွေဆို ပညာရေးဌာနက သတ်မှတ်တဲ့ ပညာအရည်အချင်း ပြည့်စုံရင် ခန့်ထားလို့ရနိုင်မယ်။ နောက်အခန်း ၉ အရဆိုရင် ဆရာ၊ ဆရာမတွေအတွက် တော်တော် အကျိုးရှိလာမယ် အလုပ်လုပ်တဲ့သူဟာ တကယ်နေရာရလာမယ်။

ပုံမှန် လူတစ်ဦးအနေနဲ့ဆို ဒီဥပဒေက နားလည်ဖို့ နည်းနည်းခက်မယ်။ ဘာကြောင့်လဲဆိုရင် ဥပဒေပိုင်းဆိုင်ရာတွေပါတယ်။ ဌာနပိုင်း ပူးပေါင်းထားတာတွေပါတယ်။ လုပ်ငန်းစဉ်တွေပါတယ်။ ဒါပေမဲ့ ပညာရေးဌာနအတွင်းက ဆရာ၊ ဆရာမတွေဆိုရင် နားလည်နိုင်မှာပါ။ ဆရာ၊ ဆရာမတွေအနေနဲ့ကလည်း ဒီဥပဒေကို စိတ်ဝင်စားမှု သိပ်မရှိကြဘူး။ တချို့က သင်ကြားရေး၊ ကျောင်းလုပ်ငန်းနဲ့ ရှုပ်နေကြတာ။ ပညာရေးအပေါ် ပြောင်းလဲစေချင်တယ်လို့ ပြောကြပေမယ့် ပြောင်းလဲရမယ့်အရာက ဘာလဲဆိုတာ မသိကြဘူး။ အဓိကကျတဲ့ ကိုယ့်ကိုယ်ကိုယ်လည်း မပြောင်းလဲကြသလို အဓိကကျတဲ့ ပညာရေဥပဒေမူကြမ်းကိုလည်း စိတ်မဝင်စားကြဘူး။ ဒါကလည်း အရင်စစ်အစိုးရခေတ်တုန်းကလို ဘာမှမသိအောင် လုပ်ထားခဲ့တော့ ဘာမှမသိချင်တော့ အောင်ဖြစ်နေကြတော့တာ။ ဒီဥပဒေနဲ့ပတ်သက်ပြီး မြို့နယ်တိုင်းမှာ ဟောပြောပွဲ၊ ဆွေးနွေးပွဲတွေ လုပ်သင့်ပါတယ်။ ဒါမှ ကျယ်ကျယ်ပြန့်ပြန့် သိလာမှာ။ ကျွန်တော့်အနေနဲ့ကတော့ ဒီဥပဒေကို အမြန်ဆုံး အောင်မြင်စွာ အကောင်အထည်ဖော်လာစေချင်ပါတယ်။

မြဇာခြည်သင်း