ဒစ်ဂျစ်တယ်နည်းပညာနှင့် စက်ရုပ်များ၏ စွမ်းဆောင်နိုင်မှုများကို အားကိုးသည့်ခေတ်များဆီသို့ ရောက်လာသည်။ တိုးတက်လာပြီဟု ပြောနိုင်သည့် နောက်ကွယ်တွင် လူတွေ၏ အလုပ်အကိုင်အခွင့်အလမ်းများက ပျောက်ပြီးရင်း ပျောက်တော့မည်ကို သတိပြုသင့်သည်။ စက်ရုပ်တွေရောက်လာသဖြင့် လူသားတွေ အနာဂတ်အတွက် စိုးရိမ်စရာကောင်းလာပြီလား တွေးဆစရာဖြစ်သည်။ သို့သော် လူသားတို့အတွက် ထွက်ပေါက်ရှိပါသည်။ ပညာရေးဖြစ်သည်။


ဒစ်ဂျစ်တယ်နည်းပညာနှင့် စက်ရုပ်များ၏ စွမ်းဆောင်နိုင်မှုများကို အားကိုးသည့်ခေတ်များဆီသို့ ရောက်လာသည်။ တိုးတက်လာပြီဟု ပြောနိုင်သည့် နောက်ကွယ်တွင် လူတွေ၏ အလုပ်အကိုင်အခွင့်အလမ်းများက ပျောက်ပြီးရင်း ပျောက်တော့မည်ကို သတိပြုသင့်သည်။ စက်ရုပ်တွေရောက်လာသဖြင့် လူသားတွေ အနာဂတ်အတွက် စိုးရိမ်စရာကောင်းလာပြီလား တွေးဆစရာဖြစ်သည်။ သို့သော် လူသားတို့အတွက် ထွက်ပေါက်ရှိပါသည်။ ပညာရေးဖြစ်သည်။

ထုတ်လုပ်မှုလုပ်ငန်းများတွင် စက်ပစ္စည်းများကို အသုံးပြုခြင်းနှင့် အော်တိုမက်တစ်ခေါ် အလိုအလျောက် လုပ်ဆောင်နိုင်သည့် စက်ရုပ်များက လူသားတို့အတွက် ဖိအားတွေတော့ဖြစ်စေသည်။ ကွန်ပျူတာပေါ်လာသည့် နောက်ပိုင်းတွင် ပျောက်သွားသည့်အလုပ်များကို သင်ခန်းစာယူကြသည်။ သို့သော် ပျောက်သွားသည့် အလုပ်များနေရာတွင် အခြားလုပ်ငန်းတွေ ရောက်လာကြသည်သာဖြစ်သည်။ 

တောင်ကိုရီးယားနိုင်ငံသည် ကုန်ထုတ်လုပ်မှုဆိုင်ရာလုပ်ငန်းများ၌ စက်ရုပ်များကို အများဆုံးအသုံးပြုနေသည့် နိုင်ငံတစ်နိုင်ငံဖြစ်လာသည်။ လက်ရှိအလုပ်သမား ၁၀,၀၀၀ တွင် စက်ရုပ်များကို ၆၃၁ ရုပ်ခန့် အသုံးပြုနေကြသည်။ စက်ရုံများတွင် တဖြည်းဖြည်း အလုပ်သမားများကို လျှော့ချနေကြသည်။ လူငယ်အလုပ်လုပ်လိုသည့် အရေအတွက်က တိုးလာသော်လည်း အလုပ်ပေးနိုင်မည့်နေရာတွေကို စက်ရုပ်တွေက နေရာဝင်ယူလာသဖြင့် ခွင်ပျက်သလိုဖြစ်နေသည်။ အမေရိကန်ပြည်ထောင်စုတွင်လည်း စက်ရုပ်တွေကို ဖြည့်စွက်သုံးစွဲခြင်းမှာ ပိုများနေသည်။ ၂၀၁၇ ခုနှစ်တွင် သိသာစွာတိုးလာပြီး အလုပ်သမားတွေ လျှော့ချကာ လုပ်ခပြဿနာကို စက်များနှင့် ဖြေရှင်းနေကြသည်။

နည်းပညာတိုးတက်လာခြင်းက အလုပ်များကို ဖျက်ဆီးလိုက်သည်။ ကုန်လှောင်ရုံလိုနေရာမျိုးတွင် ကုန်ပစ္စည်းများသယ်ယူပို့ဆောင်ခြင်းကို လူတွေအစား အလိုအလျောက်စက်တွေနှင့် အစားထိုးလာသည်။ လမ်းဖောက်သည့် လုပ်ငန်းများ၊ လမ်းပြင်သည့် လုပ်ငန်းများတွင်လည်း အော်တိုစက်တွေသာ သုံးလာကြသည်။ 

နည်းပညာသည် ရပ်နေသည်မဟုတ်။ ထပ်ဆင့်တီထွင်နေကြရသည်။ အဆင့်မြင့်လာသော နည်းပညာကြောင့် စက်များကို တစ်ခုပြီးတစ်ခု ပြောင်းလဲသုံးနေကြရသည်။ လိုအပ်နေသည့် ဟာ့ဒ်ဝဲနှင့် ဆော့ဖ်ဝဲများကို လူသားတို့ကသာ တီထွင်ကြရသေးသည်။ သို့ဖြစ်ရာ လိုအပ်သောလုပ်ငန်းခွင်တွင် စက်တွေကို အစားထိုးရန် လူကထွင်သည်။ လူထွင်သည့်နည်းပညာကြောင့် လူတွေ အလုပ်ပြုတ်ကုန်သည်။ သို့သော် လိုအပ်သမျှကို တီထွင်နိုင်ရန် လူတွေထပ်လိုသည်။ ပြုတ်သွားသည့်လူတွေက စက်တွေကို တီထွင်နိုင်သူ၊ ကိုင်တွယ်ထိန်းကျောင်းနိုင်သူ နေရာကို ရောက်မလာလျှင် အလုပ်လက်မဲ့ဖြစ်မည်။ ထို့ကြောင့် တီထွင်မှုအတွက် လူတွေလိုသည်။ ထိုသူများကို တီထွင်နိုင်စွမ်းရှိသည့်ပညာတွေကို သင်ပေးရန် လိုအပ်လာသည်။ 

ခေတ်သစ်လူ့ဘောင်သည် တီထွင်မှုများနှင့် ဆက်စပ်လာသည်။ နည်းပညာအသစ်များကိုသာ လူတွေက တောင်းဆိုလာကြသည်။ ထို့ကြောင့် တီထွင်မှုအတွက် ကျွမ်းကျင်သူများ လိုအပ်လာသည်။ အနာဂတ်တွင် ဖန်တီးနိုင်သည့် ပညာရှင်တွေ များစွာလိုလာသည်။ ဈေးကွက်သစ်နှင့် လိုအပ်ချက်အသစ်များအတွက် ပညာရှင်အသစ်များကို ဖော်ဆောင်မပေးနိုင်သော ပညာရေးနှင့် နိုင်ငံသည် နောက်ကျကျန်ခဲ့မည်သာ ဖြစ်သည်။ 

Quality ပညာရေးနှင့် ကွန်ပျူတာပရိုဂရမ်များကို ဖန်တီးရေးသားနိုင်စွမ်းရှိသူများ လိုအပ်လာသည်။ ထိုလို အပ်ချက်အတိုင်း ပညာရေးက ဖြည့်ဆည်းပေးရန်လိုအပ်လာသည်။ ပညာရေးနှင့် နည်းပညာသည် အပြိုင်လွန်ဆွဲသလို ဖြစ်လာနေသည်ကို ပညာရေးလောကများ သဘောပေါက်ကြစေချင်ပါသည်။ ထို့ကြောင့် ဖန်တီးတီထွင်မှုကို အခြေပြုသည့် သဘောတရားများကို အခြေခံသော ပညာရေးဘက်ကို လမ်းကြောင်းပြောင်းသင့်ပြီဟု ထင်သည်။

လက်ရှိသင်ကြားနေသော ကျောင်းပညာရေးစနစ်များသည် လမ်းကြောင်းလွဲနေသည်။ ဒစ်ဂျစ်တယ်ပညာနှင့် နည်းပညာကျွမ်းကျင်မှုကို အလေးပေးသော Soft Skills များကို သင်ကြားပေးရန်လိုသည်။ ၂၁ ရာစု ပညာရေးသည် 4Cs (စီလေးလုံး) ပညာရေး ဖြစ်သည်။ (Critical thinking, Creativity, Collaboration, Communication) ဆိုသည့် သဘောတရားသည် အနာဂတ်ပညာရေးဖြစ်သည်။ တစ်နည်းအားဖြင့် ၂၁ ရာစု ပညာရေးကို C လေးလုံးဖြစ်အောင် မသင်နိုင်လျှင် ပညာရေးမဟုတ် (ပြင်ညာရေး) သာဖြစ်နေပါလိမ့်မည်။

ပရိုဂရမ်မင်းပညာရေးကို မူလတန်းလောက်ကတည်းက အခြေခံပေးလိုက်ရန် ကြိုးစားသည့် နိုင်ငံတွေက ကြိုးစားနေကြသည်။ ထိုအချက်ကိုကြည့်လျှင် အနာဂတ်ပညာရေးသည် ပြောင်းလဲမှုလမ်းစတစ်ခုကို ထွင်နေပြီဟု ဆိုနိုင်သည်။ ပညာရေးသည် စီးပွားရေးနှင့် ဆက်စပ်နေသည်။ အနာဂတ် အလုပ်အကိုင်နှင့် ပညာရေးကို ဆက်စပ်ပေးရန်လိုသည်။ မဖြစ်လာသေးသည်ကို ဖြစ်အောင် ကြိုးစားမည်။ လက်ရှိနည်းပညာနှင့် ဝေးနေသူများကို ဘဝတစ်သက်တာရှာနိုင်မည့် ပညာရေး (lifelong learning) သဘောမျိုးဖြင့် မြှင့်တင်ပေးမည်။ လက်ရှိလုပ်ငန်းခွင်ဝင်နေသူများကိုလည်း ထပ်မံအဆင့်မြှင့်တင်ပေးနိုင်ခြင်း မရှိလျှင် သူတို့ကို ချောင်ထိုးထားသလိုဖြစ်သွားလိမ့်မည်။ အနာဂတ်တွင် ပြောင်းလဲသွားနိုင်သည့် အလုပ်အကိုင်အခွင့်အလမ်းများနှင့် လိုက်လျောညီထွေရှိနိုင်မည့် နည်းပညာများကို မတပ်ဆင်ပေးနိုင်လျှင် အဘက်ဘက်တွင် နောက်ကျကျန်ခဲ့မည်။ 

နိုင်ငံတကာကိုယှဉ်နိုင်မည့် ပညာတစ်ခေတ်ကို ထူထောင်ရန်အတွက် ICT ကို ဆရာများကလည်း လက်နက်တစ်ခုအနှေင့် ကိုင်တွယ်လာကြရန်လိုသည်။ ဆရာလောကကြီးတစ်ခုလုံးတွင်လည်း အပြောင်းအလဲများမဖြစ်ဟု မပြောနိုင်ပါ။ ဆရာများ၏ အခန်းကဏ္ဍသည် ပိုအရေးကြီးသည့် နေရာတစ်နေရာတွင် ရပ်တည်လိုပါက ကိုယ်တိုင်ပြုပြင်ပြောင်းလဲမှုများကို ဦးစွာလုပ်ဆောင်ကြရပါလိမ့်မည်။ ၂၁ ရာစုပညာရေးက စာအုပ်ထဲကပါသည့်အတိုင်း သင်ကြားခိုင်းသည့် ပညာရေးမဟုတ်တော့ပါ။ စာအုပ်ထဲမပါသည့် အကြောင်းအရာတွေကို မည်သည့်နေရာတွင် ရယူနိုင်သည်ဆိုခြင်းကို လမ်းညွှန်သင်ကြားနိုင်သူသာ ရှေ့ဆက်နိုင်ပါလိမ့်မည်။

E-01

(Ref: Education in the age of automation, The Japan Times)