ယခုပညာသင်နှစ် စတုတ္ထတန်း ခရိုင်စစ်နှင့် အဋ္ဌမတန်း တိုင်းစစ် အတန်းတင် စာမေးပွဲများအတွက် မေးခွန်း ထုတ်မည့် ဆရာများအနေနှင့် မတွန့်၊ မကွန့်ရန် ပညာရေးဝန်ကြီးဌာန အကြံပေး ပညာရှင် ဒေါက်တာ ဦးသန်းဦးက ပြောကြားသည်။
ရန်ကုန်၊ ဒီဇင်ဘာ ၃၁

ယခုပညာသင်နှစ် စတုတ္ထတန်း ခရိုင်စစ်နှင့် အဋ္ဌမတန်း တိုင်းစစ် အတန်းတင် စာမေးပွဲများအတွက် မေးခွန်း ထုတ်မည့် ဆရာများအနေနှင့် မတွန့်၊ မကွန့်ရန် ပညာရေးဝန်ကြီးဌာန အကြံပေး ပညာရှင် ဒေါက်တာ ဦးသန်းဦးက ပြောကြားသည်။

ယခင်နှစ်များက စတုတ္ထတန်းနှင့် အဋ္ဌမတန်း အတန်းတင် စာမေးပွဲ မေးခွန်း ထုတ်ရာတွင် မတွန့်၊ မကွန့်ဘဲ ရိုးရိုးစင်းစင်း မေးခွန်း ထုတ်ရန် ပြောကြားခဲ့သော်လည်း မေးခွန်း ထွက်လာသောအခါ မှာကြားသည်များနှင့် လွဲချော်နေခဲ့ကြောင်း ၎င်းက ပြောဆိုသည်။

“သိသင့်၊ သိထိုက်၊ သိအပ်တာလေးတွေကို တတ်မြောက်အောင် သင်ပေး။ စစ်တဲ့အခါမှာ ရိုးရိုးရှင်းရှင်း၊ စင်းစင်းလေးစစ်။ မကွေ့နဲ့၊ မကောက်နဲ့ ကလေးတွေကို။ ဒါက လောလောဆယ်ပြောတာ”ဟု ဒေါက်တာ ဦးသန်းဦးက ပြောကြားသည်။

မေးခွန်းထုတ်ရာတွင် သင်ခန်းစာ အားလုံးကို လွှမ်းခြုံပြီး ကျောင်းသားများ မသိမဖြစ် သိရမည့် အကြောင်းအရာများကို ၆၀ ရာခိုင်နှုန်း၊ သိသင့်သိထိုက်သည့် အကြောင်းအရာများကို ၂၀ ရာခိုင်နှုန်း၊ ဝေဖန်ပိုင်းခြား စဉ်းစားမှုကို အခြေခံသည့် အကြောင်းအရာများကို ၂၀ ရာခိုင်နှုန်း ထည့်သွင်း မေးခွန်းထုတ်သင့်ကြောင်း ၎င်းက ရှင်းပြသည်။

ထိုသို့ ပြောကြားချက်မှာ ပညာရေး သဘောတရားအရ မေးခွန်း ထုတ်ရာတွင် ထည့်သွင်း စဉ်းစားရမည့် မေးခွန်းစံနှုန်းကို ဆိုလိုခြင်းဖြစ်ကြောင်း ပဲခူးတိုင်းဒေသကြီး ကဝမြို့နယ် သက္ကလ အထက်တန်းကျောင်းမှ အထက်တန်း အင်္ဂလိပ်စာပြဆရာ ဦးအောင်ကျော်သူက သုံးသပ် ပြောဆိုသည်။

“မတွန့်နဲ့၊ မကွန့်နဲ့ ဆိုတာက ကလေးတွေကို အားလုံးအောင်အောင် မေးခွန်း ထုတ်ရမယ်လို့ ဆိုလိုတာ မဟုတ်ပါဘူး”ဟု အခြေခံ ဆရာ၊ ဆရာမများ ရင်ဖွင့်ရာ လူမှုကွန်ရက် စာမျက်နှာ စီစဉ်ကြီးကြပ်သူလည်းဖြစ်သူ ဦးအောင်ကျော်သူက ပြောကြားသည်။

ယခု ပညာသင်နှစ် စတုတ္ထတန်း ခရိုင်စစ်နှင့် အဋ္ဌမတန်း တိုင်းစစ် အတန်းတင် စာမေးပွဲ စစ်ဆေးမည့် အချိန်စာရင်း အတိအကျ တရားဝင် ထုတ်ပြန်ထားခြင်း မရှိသေးသကဲ့သို့ ကုစားဖြေဆိုမှု ဆက်လက် ကျင့်သုံး၊ မကျင့်သုံးကိုလည်း တရားဝင် ထုတ်ဖော် ပြောကြားခြင်း မရှိသေးပေ။
 
ယခုပညာသင်နှစ် အခြေခံပညာ အဆင့်တွင် ကျောင်းသား၊ ကျောင်းသူ ကိုးသန်းကျော် ရှိကြောင်း အခြေခံပညာ ဦးစီးဌာနထံမှ သိရှိရသည်။

စတုတ္ထတန်း ခရိုင်စစ်နှင့် အဋ္ဌမတန်း တိုင်းစစ် စစ်ဆေးခြင်းကို ၂၀၁၄-၂၀၁၅ ပညာသင်နှစ်ကတည်းက စတင် ကျင့်သုံးခဲ့ခြင်းဖြစ်သည်။ အဆိုပါ နှစ်တွင် ကျရှုံး ကျောင်းသား၊ ကျောင်းသူ အများအပြား ရှိခဲ့သောကြောင့် ကုစားဖြေဆိုရသူ များပြားခဲ့သည်။ ၂၀၁၅-၂၀၁၆ ပညာသင်နှစ်တွင်မူ ကျရှုံးသူ နည်းခဲ့သည်။ ကုစားဖြေဆိုမှုကိုမူ ဆက်လက် ကျင့်သုံးခဲ့သည်။