“ဒါပေမဲ့ ဆန္ဒအတိုင်း လိုက်လုပ်လို့မရဘူး”
ကောလိပ်ဆင်း မူလတန်း၊ အလယ်တန်းပြ ဆရာ၊ ဆရာမများ ဘီအီးဒီဆက်တက်ရန်နှင့် ရာထူးတိုးအတွက် လိုအပ်သောဘွဲ့တစ်ခုရရေး အဝေးသင်တက်ရာတွင် တတိယနှစ်မှစ၍ တက်ခွင့်ပြုရေး တောင်းဆိုမှုများအပေါ် မူလတန်း၊ အလယ်တန်းပြဆရာ၊ ဆရာမများ၏ သဘောထားအမြင်များကို ယခုတစ်ပတ် ဆရာများ၏ ရင်ဖွင့်သံကဏ္ဍမှတစ်ဆင့် The Voice က စုစည်းဖော်ပြလိုက်ပါသည်။

“ဒါပေမဲ့ ဆန္ဒအတိုင်း လိုက်လုပ်လို့မရဘူး”
ဦးထင်လင်းထက် (အလယ်တန်းပြ၊ အလကခွဲ၊ အောင်ဆုပန်၊ ကဝမြို့၊ ပဲခူးတိုင်း)

ကျွန်တော်က ရန်ကင်းပညာရေးကောလိပ်က ဆင်းပါတယ်။ ဒီနှစ်ဆို မြန်မာစာ တတိယနှစ်တက်နေပါတယ်။ ဆရာမတွေအနေနဲ့ အဝေးသင်တက်တဲ့အခါမှာ အားလုံးလိုလို အဆင်မပြေကြတာ များပါတယ်။ ဒါပေမဲ့ ဒီနှစ်ပိုင်းတွေမှာ အဝေးသင်သွားမယ်ဆိုရင် ဆရာ၊ ဆရာမစာရင်းတွေကို တရားဝင်စာရင်းပြုစုပြီး အဆင်ပြေအောင် ဆောင်ရွက်ပေးမယ်လို့ကြားတယ်။ အရင်က ကျောင်းအုပ်ကတစ်မျိုး ဆရာ၊ ဆရာမတွေကတစ်မျိုး ပိတ်ပင်ကြတာမျိုးရှိတယ်။ နားလည်မှုအနေနဲ့ အစဉ်အဆက်ပေးထားတာ အနီးကပ်က ၁၀ ရက် စာမေးပွဲရက် ၇ ရက် ပေါင်း ၁၇ ရက်ရတာပေါ့။ ဒါပေမဲ့ အဲဒီ ၁၇ ရက် ဘယ်လိုမှ မလုံလောက်ဘူး။ နယ်ဝေးကို သွားတက်ရမယ်ဆိုရင် သွားဖို့ လာဖို့၊ နေဖို့ ထိုင်ဖို့ စာမေးပွဲဖြေတာကအစ မလွယ်ကူဘူး။ အခက်အခဲတွေ အများကြီးရှိတယ်။ အဲလိုအခက်အခဲတွေကြောင့် ဘွဲ့မယူတော့ဘဲ မူလတန်းပြရာထူးနဲ့ပဲနေနေသူတွေရှိတယ်။ အဝေးသင်တက်တဲ့အခါ သင်ကြားရေးပိုင်းမှာရော အားနည်းသွားတယ်။ ဒါကြောင့် ဘွဲ့တစ်ခုကို မြန်မြန်ရချင်ကြတယ်။ ဘွဲ့ရမှလည်း B.Ed (ပညာရေးဘွဲ့)ဝင်ဖြေလို့ရမှာကိုး။ ဒါကြောင့် ဘွဲ့ မြန်မြန်ရအောင် တတိယနှစ်က စတက်ချင်ကြတာပေါ့။ ကျွန်တော့်အနေနဲ့ တခြားသင်တန်းကျောင်းတွေကို သိပ်မကျွမ်းကျင်ဘူး။ သူတို့တွေ ဘယ်လိုလုပ်ကြလဲ သိပ်မသိဘူး။ ဒီတော့ ပညာရေးကောလိပ်ကနေ အဝေးသင် တတိယနှစ်ကို စတက်မယ်ဆိုရင် အဓိကသင်ရိုးကို ကြည့်ရမယ်။ ပညာရေးကောလိပ်က သင်လိုက်တဲ့ပထမနှစ်၊ ဒုတိယနှစ်သင်ရိုးနဲ့ တက္ကသိုလ်မှာ သင်ရတဲ့သင်ရိုးအရ ပြည့်မီတယ်။ တတ်မြောက်တယ်၊ သင်ရိုးချိတ်ဆက်မှုရှိတယ်ဆိုရင် ပညာရေးကောလိပ်ဆင်းတွေ အဝေးသင်ကို တတိယနှစ်က စတက်ခွင့်ရဖို့ ပိုပြီးအဆင်ပြေလိမ့်မယ်။ ကောလိပ်မှာသင်ခဲ့ရတဲ့သင်ရိုးက တက္ကသိုလ်ရဲ့ သင်ရိုးအတိုင်း တတိယနှစ်ကစတက်ဖို့ မပြည့်မီဘူးဆိုရင် ပထမနှစ်ကစတက်တာပဲ အဆင်ပြေလိမ့်မယ်။ စိတ်ဆန္ဒအရဆိုရင်တော့ အများစုက တတိယနှစ်က စတက်ချင်ကြတာပဲ။ ကောလိပ်မှာလည်း စာပေဘာသာရပ်တွေကို ၂ နှစ်လုံးလုံး သင်ခဲ့ပြီးတော့ တက္ကသိုလ်ရောက်တော့ ပထမနှစ်ကစတက်ရတော့ ဘယ်ဖြစ်ချင်မလဲ။ ဒါပေမဲ့ တကယ်နားလည်တတ်ကျွမ်းတဲ့ ဆရာကြီးတွေက ပညာရေးကောလိပ်သင်ရိုးက အဝေးသင် တတိယနှစ်ကစတက်ဖို့ သင်ရိုးပြည့်မီတယ်လို့ပြောရင် ပိုပြီးအဆင်ပြေပါလိမ့်မယ်။ ကောလိပ်မှာ ကျွန်တော်တို့ မြန်မာစာအနေနဲ့ပြောမယ်ဆိုရင် ရူပဗေဒနဲ့ ဓာတုဗေဒ၊ သင်္ချာ၊ အင်္ဂလိပ်၊ မြန်မာစာပါတဲ့ ရသစာပေတွဲ အတွဲယူရတယ်။ အဝေးသင်ကို မြန်မာစာ အထူးပြုနဲ့ တက်တဲ့အခါ ရူပဗေဒတို့၊ ဓာတုဗေဒတို့ မသင်ရတော့ဘူး။ အဲလိုဆိုတော့ တက္ကသိုလ်မှာဆိုရင် မြန်မာစာနဲ့ပတ်သက်တာကို အကျယ်အပြန့် သင်ရတယ်။ ပါဠိတွေပါမယ်။ ကျောက်စာတွေပါမယ်။ အဲဒါတွေပါတဲ့အခါမှာ ကောလိပ်မှာသင်ခဲ့ရတဲ့စာတွေ ထိုက်သင့်သလောက်တော့ ပါတယ်။ ကျွန်တော့်သဘောအရဆိုရင် တက္ကသိုလ်မှာက ပိုပြီးကျယ်ပြန့်တယ်။ အများကြီးကို ကျယ်ပြန့်သွားတာ။ ဒါကြောင့် ပညာရေးကောလိပ်ပြီးလို့ အဝေးသင်ကို တတိယနှစ်က စတက်မယ်ဆိုရင် သင်ရိုးချိတ်ဆက်မှုပိုင်းမှာ တော်တော်ကြီး အားနည်းသွားမယ်လို့မြင်တယ်။ ကျွန်တော့်သဘောထားပြောရရင် ကျွန်တော်ကိုယ်တိုင်လည်း အဝေးသင်ကို တတိယနှစ်က စတက်ချင်တဲ့ဆန္ဒရှိတယ်။ ဒါပေမဲ့ ဆန္ဒအတိုင်း လိုက်လုပ်လို့မရဘူး။ ပညာရေးကောလိပ်နဲ့ အဝေးသင်ကို သူတို့အချင်းချင်း သင်ရိုး ချိတ်ဆက်မှုပေးနိုင်မယ်ဆိုရင် ကောင်းတာပေါ့။ ချိတ်ဆက်မှု အားနည်းမယ်ဆိုရင်တော့ ပထမနှစ်က စတက်တာ ကျောင်းသားတစ်ယောက်အတွက် အရည်အသွေး ပိုပြည့်ဝမယ်လို့ ထင်ပါတယ်။

“ဘယ်သူ့မှမထိခိုက်ဘူး၊ ပေးလို့ရတဲ့ အခြေအနေဆိုရင် ပေးစေချင်ပါတယ်”
ဒေါ်ရွှေရည်သင်း (မူလတန်းပြ၊ အ.လ.က၊ စလူ၊ တောင်ကုတ်မြို့နယ်၊ ရခိုင်ပြည်နယ်)

ကျွန်မက ထားဝယ်ပညာရေးကောလိပ်မှာ တက်ခဲ့တာပါ။ ဒီနှစ် အင်္ဂလိပ်စာအထူးပြုနဲ့ ဒုတိယနှစ် ဆက်တက်ရမှာပါ။ အဝေးသင်ကို ဘာကြောင့်ဆက်တက်တာလဲဆိုရင် ကျွန်မသိထားသလောက် ရာထူးတိုး အဆင့်ဆင့်အတွက် တက်ရတယ်။ ပထမအဆင့် အလယ်တန်းပြ ဒါမှမဟုတ်ရင်လည်း မူလတန်းကျောင်းအုပ်ပေါ့။ နောက်တစ်ချက် ကိုယ်က ဒီဆရာမအလုပ် ဆက်မလုပ်ဖြစ်ရင် ဒီဘွဲ့တစ်ခု လိုအပ်တယ်ထင်လို့ပါ။ ဆရာမ မဟုတ်ဘဲ တခြားလမ်းကြောင်းပြောင်းလျှောက်မယ်ဆိုရင် ဘွဲ့ကလိုအပ်တယ်။ တချို့ကျလည်း ဘွဲ့မရသေးဘဲ အလယ်တန်းပြရာထူးတိုးတာတွေ ရှိပါတယ်။ ကျွန်မတို့အနေနဲ့ အဝေးသင်တက်မယ်ဆိုရင် အခက်အခဲတော့ ရှိတယ်။ အချိန်ကို အလုံအလောက်ရအောင်ပဲ လုပ်ရပါတယ်။ ခွင့်က စာပေခွင့်အနေနဲ့ဆိုရင် အနီးကပ်ရက်ကနေ စာမေးပွဲပြီးတဲ့နေ့အထိ ပေးပါတယ်။ အဝေးသင်တက်တဲ့အခါ ကျူရှင်လည်း ယူပါတယ်။ ခွင့်ရက်က တစ်ကျောင်းနဲ့တစ်ကျောင်း ပေးတာမတူပါဘူး။ အဝေးသင်တက်မယ်ဆို ကျောင်းအုပ် သို့မဟုတ် ကျောင်းအုပ်တာဝန်ခံနဲ့ ညှိနှိုင်းရပါတယ်။ ကျွန်မသိသလောက် ပညာရေးကောလိပ် ပထမနှစ်နဲ့ဒုတိယနှစ်မှာ သင်ကြားနည်းပိုင်းတွေအပြင် တက္ကသိုလ်ရဲ့ စာပေဘာသာရပ်တွေလည်း ၂ နှစ်စလုံး လေ့လာရပါတယ်။ အခု ကျောင်းသားတွေ တောင်းဆိုနေတဲ့အတိုင်း ပညာရေးကောလိပ်ဆင်းတွေ အဝေးသင်ကို တတိယနှစ်က စတက်မယ်ဆိုရင် အဆင်ပြေ မပြေဆိုတာထက် ပညာရေးကောလိပ်နှစ်နှစ်လုံးမှာ စာပေဘာသာရပ်တွေ သင်ရတာ အတူတူပဲ။ သိပ္ပံနဲ့ဝိဇ္ဇာတော့ ကွာတာပေါ့။ အဝေးသင်ကို တတိယနှစ်က စတက်မယ်ဆိုရင် အထူးပြုဘာသာရပ်တွေက ကွဲနေတော့ အဆင်ပြေ မပြေဆိုတာတော့ ကျွန်မလည်း အတိအကျ မပြောနိုင်ပါဘူးရှင့်။ စာပေပိုင်းတွေကတော့ ချိတ်ဆက်မှု အနည်းငယ်ရှိမယ်လို့ ထင်ပါတယ်။ စာပေဘာသာရပ်တွေသင်တုန်းက ကောလိပ်က ဆရာမတွေက ဒီစာပေတွေဟာ တက္ကသိုလ် ပထမနှစ်နဲ့ ဒုတိယနှစ်မှာ သင်တဲ့စာတွေနဲ့ အတူတူလို့ ပြောပါတယ်။ ပညာရေးကောလိပ်က ပထမနှစ်မှာသင်တဲ့ စာပေနဲ့ ဒုတိယနှစ်မှာ သင်တဲ့စာပေတွေဟာ တက္ကသိုလ်နဲ့သာ ချိတ်ဆက်မှုရှိမယ်ဆိုရင် DTEd (လုပ်ငန်းခွင်အကြို ဆရာအတတ်ပညာ ဒီပလိုမာသင်တန်းဆင်း)တွေကိုလည်း တတိယနှစ်ကစ သင်ခွင့်ပေးလို့ ရတဲ့အခြေအနေ ဖြစ်မယ်ဆိုရင် ပေးစေချင်ပါတယ်။ မရရင်တော့လည်း လေးနှစ်လုံးတက်ရမှာပေါ့။ အဲလိုပေးခဲ့မယ်ဆိုရင် ကျွန်မတို့ ပညာရေးကောလိပ်ဆင်းတွေအားလုံး အခက်အခဲတွေလည်း တစ်ဝက်လောက် လျော့သွားမယ် ထင်ပါတယ်။ အချိန်လေးနှစ်တက်နေရမယ့်အစား ၂ နှစ်သက်သာသွားမယ်။ ကျောင်းက ကိုယ်သင်ကြားနေရတဲ့ကလေးတွေကို စာကိုပိုပြီးသင်ကြားပေးနိုင်မယ်။ ပြောချင်တာကတော့ ကိုယ်က အဝေးသင်သွားနေရင် ကလေးတွေ စာနောက်ကျမယ်။ တခြားကျန်နေတဲ့ ဆရာမတွေကတော့ ဝင်ပေးကြပါတယ်။ ဒါပေမဲ့ အချိန်မီ မပြီးဘူးပေါ့။ ဆရာအလုံအလောက်ရှိတဲ့ကျောင်းမှာ ပြဿနာမရှိပေမယ့် ဆရာအလုံအလောက်မရှိတဲ့ကျောင်းမှာဆို ကလေးတွေကို ဒီအတိုင်းပစ်ထားရမှာ။ DTEd တွေကို တတိယနှစ်ကစ သင်ခွင့်ပေးတာက ဘယ်သူ့မှ မထိခိုက်ဘူး၊ ပေးလို့ရတဲ့ အခြေအနေဆိုရင် ပေးစေချင်ပါတယ်။ ဒီတင်ပြချက်သာ အကောင်အထည် ပေါ်လာခဲ့မယ်ဆိုရင် ဒီအသီးအပွင့်ကို ကျွန်မတို့ မစားသုံးနိုင်ပေမယ့် နောက်တက်လာမယ့် DTEd တွေ စားသုံးနိုင်မယ်ဆိုတာနဲ့တင် ကျေနပ်ပါတယ်။

“မူအရလက်ခံပေမယ့် ဒီအချိန်မှာ စောသေးတယ်လို့ မြင်ပါတယ်”
ဦးထူးမင်းသော် (မူလတန်းပြ၊ အ.ထ.က(ခွဲ) ၊ ကံကောင်း(ဟောင်း)၊ ခရမ်းမြို့ နယ်၊ ရန်ကုန်တိုင်း)

လက်ရှိတောင်းဆိုနေကြတဲ့ ပညာရေးကောလိပ်ဆင်း ဆရာ၊ ဆရာမတွေ အဝေးသင်တတိယနှစ်က စတက်ခွင့်ရဖို့နဲ့ပတ်သက်ပြီး ကျွန်တော်တို့လည်း သဘောကျတယ်။ ကျွန်တော်လည်း အဝေးသင် မြန်မာစာ အဓိကနဲ့ ပထမနှစ်တက်ပြီးပြီ။ ဒါပေမဲ့ အဝေးသင်နဲ့ ပညာရေးကောလိပ် သင်ရိုးချိတ်ဆက်မှုမှာ နည်းနည်းလေး ကွာဟတယ်။ ပထမနှစ်တစ်နှစ်ကတော့ ချိတ်ဆက်မှုရှိတယ်။ အဝေးသင်ဒုတိယနှစ်မှာ ပညာရေးကောလိပ်မှာ သင်ခဲ့ရတဲ့စာ နည်းနည်းလေးပဲပါတယ်။ အဝေးသင် တတိယနှစ်က စတက်ဖို့ကျ အစိုးရပိုင်း၊ သင်ရိုးရေးဆွဲသူက တာဝန်ခံရေးဆွဲပေးမှရမှာ။ မတူညီတဲ့ ကွာခြားချက်တွေကိုပြောင်းလဲဖို့ အစိုးရပိုင်းတာဝန် ဖြစ်သွားပြီ။ သင်ရိုးကို ဟိုဘက်နဲ့ ဒီဘက်ညှိပြီး ချိတ်ဆက်ရင် တတိယနှစ်က စတက်ခွင့်တောင်းတာကို အပြည့်အဝ ထောက်ခံပါတယ်။ အဝေးသင်ဘွဲ့ဆိုတာက ကျွန်တော်တို့အတွက် လိုအပ်တယ်။ မူလတန်းပြကနေ အလယ်တန်းပြရာထူးတိုးဖို့ရယ် ပညာရေးမှာ အမြင့်ဆုံးဖြစ်တဲ့ B.Ed (ပညာရေးဘွဲ့)ဆက်တက်ဖို့မှာ ဘွဲ့တစ်ခုရမှ ဆက်တက်ခွင့်ရတယ်။ B.Ed ဘွဲ့ရဖို့ ပညာရေးကောလိပ်ကနေ ပညာရေးတက္ကသိုလ်ကို ပေါင်းကူးအနေနဲ့ တက်လို့ရပေမယ့် အဲဒါက ကျောင်းသားတိုင်း တက်ခွင့်မရဘူး။ သူတို့သတ်မှတ်ထားတဲ့ အဆင့်မီမှ တက်ခွင့်ရတယ်။ သတ်မှတ်ထားတဲ့ Grade Point မမီတဲ့ ကျောင်းသားတွေက ပညာရေး ကောလိပ်ဆင်းပြီးတဲ့အခါ ဝိဇ္ဇာ၊ သိပ္ပံတက္ကသိုလ်က ပထမနှစ်က စတက်ရတယ်။ ဘွဲ့ရပြီး မူလတန်းပြနဲ့ အလယ်တန်းပြ စုပေါင်းလုပ်သက် ၅ နှစ်ပြည့်မှ B.Ed ဝင်ခွင့်ဖြေရတယ်။ နောက်ပြီး ဆရာခန့်ထားရေးမူဘောင်ကလည်း တိကျခိုင်မာတဲ့မူမရှိဘူး။ တချို့မူလတန်းပြဆရာ၊ ဆရာမတွေအနေနဲ့ သက်ဆိုင်ရာကျောင်းတွေမှာ သက်ဆိုင်ရာ ကျောင်းအုပ်တွေ၊ ဆရာ၊ ဆရာမတွေက ခွင့်ရက်များလို့ ငြိုငြင်ခံရတာရှိတယ်။ အဲဒီစိတ်ခံစားချက်လည်း ရှိတယ်။ အဝေးသင် တက်ဖို့ခွင့်ကိုလည်း တရားဝင် ပေးတာမျိုး မရှိသေးဘူး။ တချို့ကျောင်းတွေမှာ ကျောင်းအုပ်က နားလည်မပေးဘူး။ ဆရာမတွေက ငြိုငြင်ကြတယ်ဆိုရင် လစာမဲ့ခွင့်ပုံစံမျိုးနဲ့ အဝေးသင် တက်နေရာတာမျိုးရှိတယ်။ တချို့ဆရာ၊ ဆရာမတွေဆိုရင် အဝေးသင်တက်တဲ့အခါ ကိုယ်စားသင်ပေးမယ့်သူမရှိလို့၊ ကလေးတွေ စာမေးပွဲနဲ့တိုက်လို့ နှစ် အောက် လိုက်ရတာလည်းရှိတယ်။ ကျွန်တော့်အမြင် ပြောရရင် ပညာရေးအသိုင်းအဝိုင်းက လူတွေအတွက် ပညာရေး ဒီပလိုမာ၊ ပညာရေးဘွဲ့က အလိုအပ်ဆုံး ဖြစ်တယ်။ အဝေးသင်ဘွဲ့ဆိုတာက ကျွန်တော်တို့ကို ရာထူးတိုးတဲ့နေရာမှာ ကန့်သတ်ချက်တစ်ခုလို့ပဲ မြင်တယ်။ အဝေးသင်နဲ့ပတ်သက်ပြီး တောင်းဆိုချက်ကို မူအရ လက်ခံပေမယ့် ဒီအချိန်မှာ စောသေးတယ်လို့ မြင်ပါတယ်။

မြဇာခြည်သင်း