“အရင်ကခေါ်တာ B.Ed စာပေးစာယူတောင် ရာခိုင်နှုန်း အကန့်အသတ်နဲ့ခေါ်တာဖြစ်လို့ အခုအစီအစဉ်က ဖြစ်သင့်တယ်”
ပညာရေးကောလိပ်ဆင်းများကို ပညာရေးတက္ကသိုလ် စာပေးစာယူ ၂ နှစ်တက်ပြီး ပညာရေး ဝိဇ္ဇာဘွဲ့၊ ပညာရေးသိပ္ပံဘွဲ့ပေးရန် ဝန်ကြီးဌာနက စီစဉ်နေမှုအပေါ် လုပ်ငန်းခွင်ရှိ ဆရာ၊ ဆရာမများ၏ သဘောထားအမြင်များကို ယခုတစ်ပတ်ဆရာများ၏ ရင်ဖွင့်သံကဏ္ဍမှတစ်ဆင့် The Voice သတင်းစာက စုစည်းဖော်ပြလိုက်ပါသည်။

“လက်ရှိကျင့်သုံးနေတာကို နည်းနည်း နာမည်ပြောင်းလိုက်တာပဲရှိမယ်”
ဦးညီညီနောင် (ကျောင်းအုပ်၊ အလက(ခွဲ) ရေငံ၊ ကျောက်ပန်းတောင်းမြို့နယ်)

အခု ပညာရေးကောလိပ်ကျောင်းသားတွေ ဆန္ဒပြမှုတွေကနေ အဆင့်မြင့်ပညာရဲ့ ညွှန်ကြားစာလေး ထွက်လာတာပေါ့။ ပညာရေးကောလိပ်ဆိုတာက ဆယ်တန်းအောင် စတက်ရတယ်။ ကျွန်တော်တို့ စတက်တုန်းက နိုင်ငံပိုင်သတင်းစာကနေ အမှတ်ဘယ်လောက်ရရင် ဝင်ခွင့်ရမယ်။ ပထမနှစ်ပြီးရင် မူလတန်းပြရမယ်။ ဒုတိယနှစ်ပြီးရင် အလယ်တန်းပြဆရာဖြစ် လက်မှတ်ရမယ်။ မူလတန်းပြ ၂ နှစ်လုပ်ပြီးတာနဲ့ အလယ်တန်းပြရာထူး တိုးပေးမယ်ဆိုပြီး သတင်းစာကခေါ်ခဲ့တာ။ တကယ် လုပ်ငန်းခွင်ထဲဝင်တဲ့အခါ မူလတန်းပြကနေ အလယ်တန်းပြရာထူးတိုးဖို့ ဘွဲ့လိုတယ်ပြောတော့ ကျွန်တော်တို့မှာ ၉ နှစ်၊ ၁၀ နှစ်ထိ ရာထူးမတိုးဘူးပေါ့။ ပညာရေးကောလိပ်ဆိုတာ အဆင့်မြင့်ပညာမှာ အသက်မွေးဝမ်းကျောင်း ပညာရပ်လို့မြင်တယ်။ ပညာရေးကောလိပ်ထက် အဆင့်မြင့်တာက ပညာရေးတက္ကသိုလ်ပေါ့။ B.A/ B.Sc စာပေဘွဲ့တွေက အသက်မွေးဝမ်းကျောင်း ပညာရပ်မဟုတ်ဘူး။ ဒါကြောင့် ဆရာ၊ ဆရာမတွေအတွက်ကို ပညာရေးတက္ကသိုလ်ပဲ အသိအမှတ် ပြုကိုင်တွယ်စီမံသင့်တယ်။ ကျွန်တော်တို့လုပ်ငန်းခွင်မှာက B.A/ B.Sc ဆိုတာတွေက အခြေခံပညာကဏ္ဍမှာ ကလေးတွေကို ပြန်ပြီးသင်ကြားတဲ့နေရာမှ ဘာမှ အသုံးမဝင်ဘူး။ အဲဒီတော့ ပညာရေးတက္ကသိုလ်ပဲ သွားသင့်တယ်။ အခုညွှန်ကြားချက်တွေက တရားဝင်ပေးတာ မဟုတ်သေးဘူး။ စီစဉ်နေတုန်းပဲ။ အရင်က နိုင်ငံပိုင်သတင်းစာကနေ တရားဝင်ကြေညာထားတာတောင် အလိမ်ခံရတယ်။ အခုက စီစဉ်တာပဲရှိသေးတော့ အတည်ဖြစ်မလာနိုင်သေးဘူး။ အခုအစိုးရကတော့ ဘယ်လိုလာမယ်ဆိုတာ မသိသေးဘူး။ B.A (Education) / B.Sc(Education) ဘွဲ့တွေကို ပညာရေးကောလိပ်ပြီးရင် ဆက်တက်လို့ရမယ်ပေါ့။ နောက်အဲဒါပြီးရင် B.Ed ဘွဲ့ရဖို့က တစ်နှစ်ပဲလိုတော့တယ်။ ဒါပေမဲ့ ဒီဘီအီးဒီရဖို့က ဝင်ခွင့်စာမေးပွဲဖြေရမယ်။ လက်ရှိမှာလည်း အခြေခံပညာမှ ဘီအီးဒီဝင်ခွင့်ဖြေတဲ့ဆရာ၊ ဆရာမတွေ အများကြီး ရှိတယ်။ ဒါပေမဲ့ ဝင်ခွင့်ပြုတာက နည်းနည်းလေးပဲရှိတယ်။ အဲဒီတော့ အခြေခံပညာရဲ့ အမြင့်ဆုံးဘွဲ့က ဘီအီးဒီဖြစ်တယ်။ အခြေခံမှာက ကလေးတွေကိုထိန်းတဲ့နေရာမှာ၊ စာသင်တဲ့နေရာမှာ တအားတော်ပြီး ဘီအီးဒီဘွဲ့မရလိုက်တဲ့ အသက် ၆၀ ကျော် သွားတဲ့ဆရာ၊ ဆရာမတွေရှိတယ်။ သူတို့က လုပ်သက်ပြည့်လို့သာ ပင်စင်ယူလိုက်ရတယ်။ ဘီအီးဒီဘွဲ့ မရလိုက်ဘူး။ ပညာရေးမှာက ဘီအီးဒီဘွဲ့ရမှသာ စီမံခန့်ခွဲတဲ့နေရာတွေကိုပေးတာ။ ခရိုင်ပညာရေးမှူး၊ မြို့နယ်ပညာရေးမှူးတို့၊ အလယ်တန်းကျောင်းအုပ်၊ အထက်တန်းကျောင်းအုပ်တို့လိုပေါ့။ ဒါပေမဲ့ သူတို့တွေက ရာထူးတိုး၊ ပြောင်း ဆောင်ရွက်တဲ့နေရာတွေမှာ မှန်ကန်မှုမရှိဘူး။ လွဲမှားနေတာတွေ အများကြီးရှိတယ်။ သူတို့တွေက လွတ်လပ်ရေးရပြီးစ အင်္ဂလိပ်တွေ ချမှတ်ခဲ့တဲ့ ပညာရေးစနစ်အတိုင်း သွားနေကြတာ။ အင်္ဂလိပ်တွေက ကျွန်ပညာရေးစနစ်ကို အသက်သွင်းခဲ့တာ။ အဲဒီစနစ်က ရုံးမထွက်နိုင်သေးဘူး။ B.A (Education) / B.Sc(Education) ဆိုတာက အခုမှ ပေးမယ့်ဘွဲ့ဆိုတော့ ဘယ်လိုသွားမယ်ဆိုတာ မသေချာသေးပေမယ့် ဒီဘွဲ့ရတွေကို အရည်အချင်းပြည့်မှ ဝင်ခွင့်အောင်မှ ဘီအီးဒီဝင်ခွင့်ရမယ်ဆိုတာ မဖြစ်သင့်ဘူး။ အမှတ်မီတယ်ဆိုတာ လူတစ်ရာဖြေရင် အယောက် ၂၀ မီမှာလား။ မီတယ်ဆိုရင်တောင် ကျန်တဲ့အယောက် ၈၀ က ဘီအီးဒီဘွဲ့ရဖို့ မဖြစ်နိုင်တော့ဘူးလား။ နောက်ပြီး အရည်အချင်းဆိုတာ ဘာကိုပြောတာလဲ။ မှတ်ဉာဏ် အရည်အချင်းလား။ ကလေးတွေပေါ်မှာ ပြုစုတဲ့အရည်အချင်းလား။ စာဖတ်အားကောင်းတဲ့ နေရာလား။ ကလေးတွေကို ပြုစုပျိုးထောင်းတဲ့နေရာလား၊ သင်ကြားရေး အရည်အချင်းလား ဘာကိုသတ်မှတ်တာလဲဆိုတာ ပွင့်လင်းမြင်သာစွာ ချပြသင့်တယ်။ B.A (Education) / B.Sc (Education) တွေကတော့ မူလတန်းပြ၊ အလယ်တန်းပြနဲ့ပဲ ဂိတ်ဆုံးမယ်လို့ထင်တယ်။ လက်ရှိကျင့်သုံးနေတာကို နည်းနည်း နာမည်ပြောင်းလိုက်တာပဲရှိမယ်။ ဘီအီးဒီဘွဲ့ရဖို့ဆိုတာ တော်တော်ကို မလွယ်ကူတော့ဘူး။ ကျွန်တော်ပြောချင်တာ အခြေခံဆရာ၊ ဆရာမတွေဘဝကိုလည်း ပြောင်းလဲပေးစေချင်တယ်။ အခြေခံဆရာ၊ ဆရာမတိုင်းလည်း ဘီအီးဒီရသင့်တယ်။ ရလည်းရသင့်သလို ပေးလည်းပေးသင့်တယ်။

“ပေါပေါပဲပဲနိုင်တဲ့ဘွဲ့တစ်ခုလို့ သတ်မှတ်တဲ့ ညွှန်ကြားစာပုံစံဖြစ်နေတယ်”
ဦးထူးမင်းသော် (မူလတန်းပြ၊ အလက(ခွဲ) ကံကောင်း(ဟောင်း)၊ ခရမ်းမြို့ နယ်)

အခုအဆင့်မြင့်က ညွှန်ကြားတဲ့အတိုင်း ပညာရေးကောလိပ်ကျောင်းသားတိုင်းကို ပညာရေးတက္ကသိုလ်တွေမှာ တတိယနှစ်က စတက်ခွင့်ပြုမယ်။ နောက်စတုတ္ထနှစ်ပြီးရင် တစ်နှစ်တက်ရုံနဲ့ ဘီအီးဒီဘွဲ့ပေးမယ်ဆိုတာ မလွယ်ဘူးဗျ။ အဲလိုလုပ်မယ်ဆိုရင် ပညာရေးတက္ကသိုလ်မှ ငါးနှစ်၊ ခြောက်နှစ်တက်ခဲ့ရတဲ့ ပညာရေးတက္ကသိုလ်ကျောင်းဆင်းတွေရဲ့ အရည်အချင်းကို အသိအမှတ်မပြုရာ ရောက်သွားမယ်။ အဲလိုလုပ်မယ်ဆိုရင် ပညာရေးတက္ကသိုလ်ကျောင်းသားတွေ ဆန္ဒပြလာမယ်လို့တောင် ယူဆလို့ရတယ်။ အခုညွှန်ကြားစာက ပညာရေးကောလိပ်ကျောင်းသားတွေနဲ့ ပညာရေး တက္ကသိုလ်ကျောင်းသားတွေကြားကို ရန်တိုက်ပေးတဲ့သဘော သက်ရောက်မယ်။ ကျွန်တော့်အမြင်ပေါ့။ အခုပေးမယ့် B.A (Education) / B.Sc (Education) ဘွဲ့တွေက ပညာရေးကောလိပ်ကျောင်းသားတွေအတွက်တော့ အရေးပါပါတယ်။ ကျွန်တော်တို့ ကောလိပ်ဆင်းတွေအတွက်တော့ ကံကောင်းတယ်လို့ ပြောလို့ရတာပေါ့။ ပညာရေးတက္ကသိုလ်က ၂၀၁၉ ခုနှစ် ဒီဇင်ဘာလမှဖွင့်မယ့် B.A (Education) / B.Sc (Education) ဘွဲ့သင်တန်းတွေကို ပညာရေးကောလိပ်ကျောင်းသားတွေ စာပေးစာယူတက်ခွင့်ရမယ်ဆိုပြီး ညွှန်ကြားစာ ထွက်လိုက်တာပေါ့။ မြန်မာနိုင်ငံမှာက ပညာရေးတက္ကသိုလ်နှစ်ခုပဲရှိတယ်။ ပညာရေးကောလိပ် ၂၃ ကျောင်းကဆင်းတဲ့ ကျောင်းသားတွေကို သင်ကြားပေးဖို့ နေရာလုံလောက်ပါရဲ့လား။ ဒီအစီအစဉ်ကို အကောင်အထည်ဖော်ဖို့ အခက်အခဲတွေ အများကြီးရှိမယ်လို့ထင်တယ်။ နောက်ပြီး ဘီအီးဒီကို အရည်အချင်းပြည့်မီမှ တက်ခွင့်ရမယ်ဆိုတာ ဖြစ်သင့်တယ်လို့ယူဆတယ်။ ပညာရေးရဲ့အမြင့်ဆုံး ဖြစ်တဲ့ဘွဲ့တစ်ခုက လွယ်လွယ်ပေါပေါပဲပဲ ရဖို့ဆိုတာက မဖြစ်သင့်ဘူး။ ဒါပေမဲ့ ပညာရေးလောကမှာ ရှိတဲ့သူတိုင်း ဒီဘွဲ့က ရပိုင်ခွင့်ရှိတယ်။ လိုချင်ရင်တော့ ကြိုးစားကြပေါ့။ ကျွန်တော်တော့ ဒီလိုပဲယူဆတယ်။ လောလောဆယ်တော့ ပညာရေးဌာနက ရေတိုကြည့်ပြီး လိုက်ရောပေးလိုက်တယ်လို့ ထင်ပါတယ်။ အရင်က ကောလိပ်ဆင်းတွေဆိုရင် ပေါင်းကူးနဲ့ ပညာရေးတက္ကသိုလ်တက်ရတယ်။ ဒီညွှန်ကြားစာအရ ကြည့်လိုက်ရင် ပညာရေးကောလိပ်နဲ့ ပညာရေးတက္ကသိုလ် ပေါင်းကူးဆိုတာ မရှိတော့ဘူးလို့ ယူဆရမလားပေါ့။ အဲလိုယူဆရမှာ ဖြစ်တဲ့အတွက် ဆယ်တန်းအောင်ပြီး ဘီအီးဒီကို ငါးနှစ်၊ ခြောက်နှစ်တက်ခဲ့တဲ့ သူတို့ရဲ့ပညာရေးတက္ကသိုလ် ဘီအီးဒီဘွဲ့ကြီးက ပညာရေးကောလိပ်ဆင်းတွေက တစ်နှစ်ပဲတက်ပြီး ဘီအီးဒီဘွဲ့ကို ရသွားမှာဖြစ်တဲ့အတွက် ပေါပေါပဲပဲနိုင်တဲ့ဘွဲ့တစ်ခုလို့ သတ်မှတ်တဲ့ ညွှန်ကြားစာပုံစံဖြစ်နေတယ်။ ပညာရေးတက္ကသိုလ်ကျောင်းသားတွေက ဒီလိုပဲ ယူဆကြတယ်လို့ကြားပါတယ်။ အဲဒီတော့ ပညာရေးတက္ကသိုလ်နဲ့ ပညာရေးကောလိပ် ကျောင်းသားတွေကြားမှာ နည်းနည်းပဋိပက္ခဖြစ်နိုင်တဲ့ အနေအထားရှိတယ်။ သူတို့မှာလည်း ဆယ်တန်းတုန်းက အမှတ်တွေအများကြီးရဖို့ ကြိုးစားခဲ့ရတာဖြစ်တဲ့အတွက် ပညာမာန နည်းနည်းရှိတယ်။ အခုပညာရေးဝန်ကြီးဌာနက အကောင်အထည်ဖော်မယ့် အစီအစဉ်က မဖြစ်နိုင်ဘူးလို့ ကျွန်တော့်အနေနဲ့ ယူဆပါတယ်။ ပြဿနာတွေ အများကြီး ရှုပ်ထွေးလာနိုင်မယ်။ အစီအစဉ်ကကောင်းပေမယ့် အချိန်နည်းနည်းပိုယူပြီးမှ စီစဉ်မယ်ဆိုရင် ကောင်းမယ်လို့ ထင်ပါတယ်။ အစတုန်းက ပညာရေးကောလိပ်တွေကို အဆင့်မြှင့်တင်မယ်လို့ကြားထားတယ်။ လုပ်မယ်ဆိုရင် ပညာရေးကောလိပ်တွေကို ဒီဂရီကောလိပ်အဖြစ် အဆင့်မြှင့်ပြီးမှ သက်ဆိုင်ရာကောလိပ်တွေမှာ B.A (Education) / B.Sc (Education) ဘွဲ့တွေပေးရင် ပိုအဆင်ပြေမယ်လို့ ယူဆပါတယ်။

“အရင်ကခေါ်တာ B.Ed စာပေးစာယူတောင် ရာခိုင်နှုန်း အကန့်အသတ်နဲ့ခေါ်တာဖြစ်လို့ အခုအစီအစဉ်က ဖြစ်သင့်တယ်”
ဦးမြတ်သီဟထွန်း (ဗဟိုအလုပ်အမှုဆောင်(အခြေခံပညာကဏ္ဍ)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ ဆရာမများအဖွဲ့ချုပ်)

လက်ရှိအဆင့်မြင့်ပညာ ညွှန်ကြားချက်နဲ့ပတ်သက်ပြီးပြောရရင် ပညာရေးကောလိပ်ကျောင်းသားတွေကို အဝေးသင်ဒုတိယနှစ်က စတက်ခွင့် အတိအကျ ရမယ်လို့ မပါသေးဘူး။ စီစဉ်နေတယ်လို့ပဲ စာထွက်သေးတဲ့ အခြေအနေရှိတယ်။ ပညာရေးကောလိပ် ကျောင်းသားတွေရဲ့ အဓိကရည်ရွယ်ချက်က ပညာရေး လောကထဲဝင်ဖို့ ဒီပလိုမာဘွဲ့ လာတက်ကြတာ။ ပညာရေးတက္ကသိုလ်ရဲ့ သင်ရိုးညွှန်းတမ်းသည် ပညာရေးကောလိပ်တွေနဲ့ ချိတ်ဆက်ထားပြီးသား။ ဒါကြောင့် လက်ရှိ သင်နေတဲ့ ၂ နှစ် ဒီပလိုမာသင်တန်းသည် ပညာရေးတက္ကသိုလ် B.Ed (ပညာရေးဘွဲ့)ရဲ့ ၅ နှစ်သင်တန်းမှာ ဒုတိယနှစ်နဲ့ညီမျှတဲ့စာ ဖြစ်တယ်။ သူတို့တွေရဲ့ ပညာရေး တက္ကသိုလ် ဒုတိယနှစ်သင်ရိုးနဲ့ ညီမျှတဲ့သင်ရိုးဖြစ်သော်လည်း အလုပ်ခွင်ရောက်လာတဲ့အခါမှာ သူတို့က B.A(ဝိဇ္ဇာဘွဲ့)/ B.Sc (သိပ္ပံဘွဲ့) ဘွဲ့တစ်ခုခုမရဘဲနဲ့ B.Ed ဝင်ခွင့်စာမေးပွဲလေးကိုတောင်မှ ဖြေဆိုခွင့် မရတဲ့အတွက် B.Ed တက်ခွင့်ရဖို့က ပိုပြီးဝေးသွားတယ်။ နောက်တစ်ချက် သူတို့ကိုအလုပ်ခေါ်စဉ်အခါက မူလတန်းပြအဖြစ် ၂ နှစ်တာဝန်ထမ်းပြီးရင် အလယ်တန်းပြရာထူး တိုးပေးမယ်ဆိုတဲ့ အာမခံချက်နဲ့ သတင်းစာကနေ ကြေညာပြီး ခေါ်တာ။ ဒါပေမဲ့ တကယ်က ရာထူးမတိုးဘဲနဲ့ B.A/ B.Sc ဘွဲ့မရလို့ မူလတန်းပြမှာပဲ နေနေရတဲ့သူတွေလည်း အများကြီးရှိတယ်။ သူတို့ဘက်က နစ်နာမှုတွေ အများကြီးရှိတယ်။ ပြောရရင် ပညာရေးတက္ကသိုလ်ရဲ့ ဒုတိယနှစ်နဲ့ညီမျှတဲ့ ဒီပလိုမာကို ကိုင်ထားတဲ့သူတွေက B.Ed ဝင်ခွင့်စာမေးပွဲလေးတောင် ပညာရေးလမ်းကြောင်းနဲ့မဆိုင်တဲ့ B.A/ B.Sc ဘွဲ့မရလို့ ဝင်ခွင့်မရဘူးဆိုတာ နစ်နာတယ်။

အခုကြေညာချက်က ဒီကလေးတွေကို အဝေးသင်တက်ရင် ဒုတိယနှစ်က စတက်ခွင့်ရမယ်။ ပြီးရင် ပညာရေးတက္ကသိုလ်ကို စာပေးစာယူ ဆက်တက်ခွင့်ရမယ်။ ၄ နှစ်အောင်ပြီးတဲ့အချိန်မှာ B.A(Education)/ B.Sc(Education) ပေးမယ်ပေါ့။ အဲဒီကနေမှ အရည်အချင်းပြည့်ရင် ၅ နှစ်မြောက်မှာ B.Ed ဘွဲ့ပေးမယ်ပေါ့။ B.A(Education)/ B.Sc (Education) ဆိုတာက Bachelor တစ်ခုပြီးတာပေါ့။ ပညာရေးမှာ သင်ကြားရေးအတွက် ပိုမိုကျွမ်းကျင်တဲ့ဆရာတွေ မွေးထုတ်ပေးမယ်လို့ ထင်ပါတယ်။ အဲဒါက ဖြစ်သင့်တယ်။ သူတို့ ရသင့်ရထိုက်တဲ့ အခွင့်အရေးပါပဲ။ ဒီဘွဲ့တွေက ကျွန်တော်သိသလောက်တော့ အခုမှ စပေးမှာပေါ့။ သင်မယ့်သင်ရိုးကလည်းအသစ်။ ကျွန်တော်တို့က ကြိုဆိုပါတယ်။ အခုလောလောဆယ် ပညာရေးမှာ ရိုးရိုးဝိဇ္ဇာဘွဲ့ရသူတွေကို နေ့စားလပေးတို့ PPTT တို့လို ရက်တိုသင်တန်းပေးပြီး ဆရာတွေ ဖြည့်နေရတာထက်စာရင် သင်တန်းနဲ့ စနစ်တကျ မွေးထုတ်ပေးတဲ့ ဆရာအင်အားတွေ အများကြီးလိုတယ်။ ပညာရေးလောကမှာ B.Ed ဘွဲ့ကို လူတိုင်းလိုချင်ကြတယ်။ B.Ed ဘွဲ့ရမှသာလျှင် ဝန်ထမ်းတွေရာထူးတိုးဖို့ အရေးပါတယ်။ ရုံးဝန်ထမ်းဖြစ်ဖြစ် ဆရာ၊ ဆရာမဖြစ်ဖြစ် လိုအပ်တယ်။ အဲဒီတော့ B.Ed ဘွဲ့ကတော့ အသုံးဝင်နေဦးမယ်။ ဒါကြောင့် B.A(Education)/ B.Sc (Education) ဘွဲ့ရပြီး အရည်အချင်းရှိတယ်ဆိုရင် B.Ed ဝင်ခွင့်ဖြေပေါ့။ ဒါကဖြစ်သင့်ပါတယ်။ ကျွန်တော်တို့နိုင်ငံမှာက ဘီအီးဒီဘွဲ့ပေးနိုင်တာက စစ်ကိုင်းပညာရေးတက္ကသိုလ်နဲ့ ရန်ကုန်ပညာရေးတက္ကသိုလ်နှစ်ခုပဲရှိတာ။ အဲဒီနှစ်ကျောင်းမှာ နှစ်စဉ်ဝင်ဆံ့နိုင်တဲ့ အခြေအနေပေါ့။ အားလုံး ဘီအီးဒီတက်ခွင့်ပေးနိုင်ဖို့အတွက်တော့ တက္ကသိုလ်တွေ တိုးချဲ့ဖွင့်မှရမယ်။ အရင်ကခေါ်တာ B.Ed စာပေးစာယူတောင် ရာခိုင်နှုန်း အကန့်အသတ်နဲ့ခေါ်တာဖြစ်လို့ အခုအစီအစဉ်က ဖြစ်သင့်တယ်။ နောက်ပြီး အထက်တန်းပြရာထူးတွေ ဖြည့်ဆည်းဖို့ ပညာရေးကောလိပ်တွေကို အဆင့်မြှင့်တင်ရမယ့် အခြေအနေဖြစ်တယ်။ အခုဖြစ်တဲ့ပြဿနာတွေက ကျောင်းတွေ အချိန်မီမတိုးမြှင့်တဲ့ နောက်ဆက်တွဲတွေပဲ။ ပညာရေးဌာနအနေနဲ့ ဆန္ဒပြကျောင်းသားတွေအပေါ် တုံ့ပြန်မှုက ကောင်းတယ်လို့ ပြောရမယ်။ ဒီလောက်ထိ ပြေပြေလည်လည် စဉ်းစားဆုံးဖြတ်ပေးတဲ့အတွက် ကောင်းတဲ့ပြောင်းလဲမှုလို့ပြောချင်တယ်။

မြဇာခြည်သင်း