ပညာရေးကောလိပ်များတွင် လစ်လပ်နေသော ကျောင်းအုပ်နေရာအတွက် ဝိဇ္ဇာ၊ သိပ္ပံတက္ကသိုလ်များမှ ပါရဂူဘွဲ့ရများကို ခန့်ထားရန် အဆင့်မြင့်ပညာဦးစီးဌာနက စီစဉ်မှုအပေါ် ကန့်ကွက်သူများနှင့် ကြိုဆိုသူများကြား ပြိုင်ဆိုင်ဆန္ဒဖော်ထုတ်နေကြသည်။ ယင်းကိစ္စအပေါ် ပညာရေးကောလိပ်ဆရာ၊ ဆရာမများ၏ သဘောထားများကို ယခုတစ်ပတ်ဆရာများ၏ ရင်ဖွင့်သံကဏ္ဍမှတစ်ဆင့် The Voice က စုစည်းဖော်ပြလိုက်ပါသည်။
ပညာရေးကောလိပ်များတွင် လစ်လပ်နေသော ကျောင်းအုပ်နေရာအတွက် ဝိဇ္ဇာ၊ သိပ္ပံတက္ကသိုလ်များမှ ပါရဂူဘွဲ့ရများကို ခန့်ထားရန် အဆင့်မြင့်ပညာဦးစီးဌာနက စီစဉ်မှုအပေါ် ကန့်ကွက်သူများနှင့် ကြိုဆိုသူများကြား ပြိုင်ဆိုင်ဆန္ဒဖော်ထုတ်နေကြသည်။ ယင်းကိစ္စအပေါ် ပညာရေးကောလိပ်ဆရာ၊ ဆရာမများ၏ သဘောထားများကို ယခုတစ်ပတ်ဆရာများ၏ ရင်ဖွင့်သံကဏ္ဍမှတစ်ဆင့် The Voice က စုစည်းဖော်ပြလိုက်ပါသည်။

“ခုလောလောဆယ် Resource Person နည်းပါးနေလို့ ကျွန်တော်တို့ စစဉ်းစားတာပါပဲ”

ဒေါက်တာအောင်အောင်မင်း (ဒုတိယညွှန်ကြားရေးမှူးချုပ်၊ အဆင့်မြင့်ပညာဦးစီးဌာန)

ပညာရေးကောလိပ်တွေမှာ ကျောင်းအုပ်ခန့်ဖြစ်ဖို့က ဒုတိယကျောင်းအုပ်တွေပဲဖြစ်ရမှာ။ အဲဒီမှာ ပင်စင်ယူမယ့် ကျောင်းအုပ်တွေကလည်း များနေတယ်။ ဖြည့်ရမယ့် ဒုတိယကျောင်းအုပ်တွေကလည်း နည်းနေတယ်။ ဒါပေမဲ့ အဲဒါက စီစဉ်တုန်းပဲ ရှိပါသေးတယ်။ သေချာပေါက်ကြီး ပေးမယ်ဆိုတဲ့အထိ မရောက်သေးပါဘူး။ ခန့်ဖို့စီစဉ်တဲ့စာရင်းထဲမှာ ပညာရေးကောလိပ်ကလူတွေလည်း ပါပါတယ်။ ကျွန်တော်က အခု ရုံးပြင်ပရောက်နေလို့ လစ်လပ်နေရာကို အပြည့်မပြောနိုင်ဘူး။ ဒီနှစ်ထဲမှာပဲ ပင်စင်ယူတဲ့ ကျောင်းအုပ်ကြီးနဲ့ ဒုတိယကျောင်းအုပ်ကြီး ဆယ်ယောက်လောက်ရှိတယ်။ အဲဒီနေရာတွေအတွက် ခန့်ဖို့က အခုမှ လျှောက်လွှာခေါ်တုန်းပဲရှိသေးတယ်။ ခန့်ဖို့အတွက်က ပုံမှန်လမ်းကြောင်းက ကျောင်းအုပ်ပင်စင်ယူရင် ဒုတိယ ကျောင်းအုပ်ပေါ့။ ခုက ဟိုဘက်ကဟာကို ခုချိန်ထိကို ဘာမှမဆုံးဖြတ်ရသေးဘူး။ အဓိကက လစ်လပ်နေရာမှာ ပထမကျောင်းအုပ်ပဲဖြစ်ဖြစ်၊ ဒုတိယကျောင်းအုပ်ပဲဖြစ်ဖြစ် တစ်ယောက်ယောက်ရှိဖို့လိုတာပေါ့။ ခု မုံရွာမှာဆိုရင် ပထမကျောင်းအုပ်ကြီးရော ဒုတိယ ကျောင်းအုပ်ကြီးရော ပင်စင်ယူသွားတယ်။ မိတ္ထီလာမှာလည်း ကျောင်းအုပ်လည်းမရှိဘူး။ ဒုကျောင်းအုပ်လည်း မရှိဘူး။ အဲဒီနေရာတွေကို အလျင်အမြန်ခန့်ဖို့ လိုတယ်။ တချို့ကျောင်းတွေမှာလည်း ကျောင်းအုပ်မရှိဘူး။ ဒုကျောင်းအုပ်နဲ့လုပ်နေတယ်။ အဲဒီကျောင်းတွေက ကျောင်းအုပ်ရော ဒုကျောင်းအုပ်ရော မရှိတာနဲ့စာရင် တော်သေးတာပေါ့။ အဲဒါကြောင့် ကျွန်တော်တို့ဘက်က စီစဉ်စရာရှိတာ စီစဉ်တာပါ။ ခုက လျှောက်တဲ့သူတွေကို အရည်ချင်းစစ်တာဘာညာပဲ ရှိသေးတယ်။ 

ကျွန်တော်သိသလောက်တော့ (ဒီလိုမျိုး ဝိဇ္ဇာ၊ သိပ္ပံဘက်ကဆရာတွေကို ပညာရေးကောလိပ်တွေဘက် ပြောင်းရွှေ့ခန့်ထားခြင်း) အရင်ကမရှိဘူး။ ဝိဇ္ဇာ၊ သိပ္ပံဘက်ကဆိုပေမယ့် ပညာရေးတက္ကသိုလ်က ပါမောက္ခတွေကို ကျွန်တော်ခန့်ဖူးတယ်ဗျ။ အခုလက်ရှိ ရန်ကင်း ပညာရေးကောလိပ်ကျောင်းအုပ်ကြီးနဲ့ သင်္ဃန်းကျွန်း ပညာရေးကောလိပ်ကျောင်းအုပ်ကြီးတို့ဟာ ပညာရေးတက္ကသိုလ်က ပါမောက္ခတွေပါ။ အဲဒါတွေကိုတော့ ကျွန်တော်ခန့်ထားတာပါ။ အဓိကတော့ ကျွန်တော့်ဘက်က လူအင်အားနည်းတာကြောင့်ပေါ့။ ၂ နှစ်သင် ဒီဂရီ ကောလိပ်နဲ့ သွားနေတာကနေ ၄ နှစ်သင် ဒီဂရီကောလိပ်ကိုတိုးတော့မှာ။ နောက်နှစ်ဆို စပြီပေါ့။ အဲဒီကျတော့ လိုအပ်တဲ့နေရာတွေမှာဖြည့်ဖို့ဆိုပြီး စကြိုးစားတာပါ။ အဆင့်တွေအများကြီး ကျန်ပါသေးတယ်။ အကုန်လုံးလည်း သိပါတယ်။ ပညာရေးဝန်ကြီးဌာနကိုလည်း အကြောင်းကြားထားပြီးသားပါ။ ကျွန်တော် တစ်ဦးတည်းလုပ်လို့ မရပါဘူး။ ရုံးလုပ်နည်းလုပ်ထုံးအတိုင်း အားလုံးသွားထားတာပါ။ ခုပြောရမှာက ဝိဇ္ဇာ၊ သိပ္ပံဘက်က ဆရာတွေခေါ်တယ်။ ဒါပေမဲ့ ဆုံးဖြတ်ချက် မချရသေးဘူး။ ခုလောလောဆယ် Resource Person နည်းပါးနေလို့ ကျွန်တော်တို့ စစဉ်းစားတာပါပဲ။ ဒီကိစ္စကို ဖေ့စ်ဘွတ်ခ်ထဲမှာ ဝေဖန်နေကြတာ တွေ့ပါတယ်။ အဲတော့ သူတို့အသံ သူတို့သဘောထား နားထောင်ရဦးမယ်။ သူတို့နဲ့ပတ်သက်ပြီး ကျွန်တော့်အနေနဲ့ကတော့ ဘာမှပြောစရာမရှိပါဘူး။ 



“ပညာရေးကောလိပ်လုပ်သက် လုံးဝမရှိသူတွေကို ပါရဂူဘွဲ့နဲ့မို့လို့ ကျောင်းအုပ်ပေးလိုက်မယ်ဆို စဉ်းစားစရာဖြစ်လာပြီ”

ဒေါ်မိုးစန္ဒာ (လက်ထောက်ကထိက၊ ဂီတပညာဌာန၊ ရန်ကင်းပညာရေးကောလိပ်)

ကျွန်မတို့က လူပုဂ္ဂိုလ်ကို တိုက်ခိုက်တာမဟုတ်ပါဘူး။ ပညာရေးဘွဲ့နဲ့ ပညာရေးအတွေ့အကြုံမရှိတဲ့သူတွေကို ကျောင်းအုပ်အဖြစ် ခန့်ထားမယ်ဆိုတာကို ကန့်ကွက်ပါတယ်လို့ရေးပြီး ဖဲကြိုးစိမ်းလှုပ်ရှားတာပါ။ လူပုဂ္ဂိုလ်ကို တိုက်ခိုက်တာမဟုတ်တဲ့အတွက် ကြိုဆိုတယ် မကြိုဆိုဘူးဆိုတာထက် စနစ်ကိုလက်မခံတာပါ။ ကျွန်မတို့က ပညာရေးကောလိပ်မှာလည်း လုပ်သက် ၂၁ နှစ် ဖြစ်နေပြီ။ ပညာရေးကောလိပ်ရဲ့အနေအထား၊ ပညာရေးကောလိပ်မှာ ဘာတွေဘယ်လိုလုပ်ဆောင်နေတယ်ဆိုတာကို သိတဲ့အခါ အခုလက်ရှိ အဆင့်မြင့်ပညာဦးစီးဌာနအောက်ကို ပညာရေးကောလိပ်တွေ ရောက်သွားတယ်။ ရောက်သွားတဲ့အခါမှာ ကျွန်မတို့ဆီမှာ အရင်ကတော့ B.Ed(ပညာရေးဘွဲ့)၊ M.Ed (ပညာရေးမဟာဘွဲ့) ဘွဲ့ရတဲ့ဆရာကြီး၊ ဆရာမကြီးတွေက ကျောင်းအုပ်အဖြစ်နဲ့ လုပ်နေတာပေါ့။ အခုချိန်ထိလည်း လုပ်နေတုန်းပေါ့။ ဒါက သူတို့ဘက်ကမူနဲ့ ညှိလိုက်တဲ့အခါ ရာထူးတိုးကိစ္စတွေမှာ နည်းနည်းလေး ဟနေတာတွေ ကွာနေတာတွေရှိတယ်။ ဆိုတော့ သူတို့ဘက်နဲ့ညီအောင် Ph.D (ပါရဂူဘွဲ့) ကိုပဲ ကျောင်းအုပ်အဖြစ် ပေးချင်တယ်ဆိုတော့ ကျွန်မတို့ဘက်မှာက ကထိကအဆင့်ပဲရှိတော့ ကျောင်းအုပ်ကို တိုးပေးလို့ မရဘူး။ ဒါကြောင့် ဝိဇ္ဇာ၊ သိပ္ပံဘက်က ပါရဂူဘွဲ့ရတွေကို ပေးချင်တာလို့ ပြောတာပေါ့။ 

ဒါပေမဲ့ ဝိဇ္ဇာ၊ သိပ္ပံကသွားတဲ့ သင်ကြားရေးစနစ်နဲ့ ကောလိပ်ကသွားတဲ့လမ်းကြောင်းနဲ့က ပညာရေးခေါင်းစဉ်အောက်မှာရှိပေမယ့် မတူဘူး။ မတူတဲ့အခါမှာ ဝိဇ္ဇာ၊ သိပ္ပံက Ph.D တွေကို ကျောင်းအုပ်အဖြစ်နဲ့ လက်ခံဖို့ကျတော့ မသင့်တော်ဘူး။ မသင့်တော်လို့ ဖဲကြိုးစိမ်းလှုပ်ရှားမှုဆိုတာ ဖြစ်လာတာပေါ့။ နောက်တစ်ခုက ဒီဘက်(ပညာရေးကောလိပ်) မှာက ပညာရေးဘွဲ့ ဟိုဘက်က စာပေဘာသာရပ်ကိုပဲ အဓိကထားသင်ရတာ။ ခါးဆက်ပြတ်နေလို့ ခေါ်ရတယ်ဆိုပေမယ့် အခု ကျောင်းအုပ်ခန့်ထားဖို့ စာမေးပွဲစစ်တာမှာ ပညာရေးဆိုင်ရာဘာသာရပ်မပါဘူး။ ICT နဲ့ အင်္ဂလိပ်စာပဲ စစ်မယ်ဆိုတော့ ကျွန်မတို့အနေနဲ့တွက်တာက လက်ရှိပညာရေးကောလိပ်တွေမှာ ဒုတိယကျောင်းအုပ်ကြီးတွေ ရှိနေတယ်။ ဒုတိယကျောင်းအုပ်ကြီးတွေက ပါရဂူဘွဲ့မရှိပေမယ့် မဟာဘွဲ့တွေ၊ ပညာရေးဘွဲ့တွေရှိတယ်။ ဟိုဘက်ကလာမှာက ပါရဂူဘွဲ့ဆိုပေမယ့် ပညာရေးလုပ်သက်အတွေ့အကြုံမရှိဘူး။ တစ်ရက်တောင်မရှိဘူး။ ဒီဘက်က ဒုတိယကျောင်းအုပ်၊ ကထိကတွေက အနည်းဆုံး လုပ်သက် အနည်းဆုံးနှစ် ၂၀ ကျော်ရှိတယ်။ အဲဒီတော့ လုပ်သက် ၂၀ ကျော်ကိုတော့ ကျောင်းအုပ်မပေးနိုင်ဘူး။ ဟိုဘက်က ပညာရေးကောလိပ် လုပ်သက်လုံးဝမရှိသူတွေကို ပါရဂူဘွဲ့နဲ့မို့လို့ ကျောင်းအုပ်ပေးလိုက်မယ်ဆို စဉ်းစားစရာဖြစ်လာပြီ။ ဒါကြောင့် ဖဲကြိုးစိမ်းလေးတွေ ဖြစ်လာတာပေါ့။ ဝိဇ္ဇာ၊ သိပ္ပံဘက်က ပါရဂူဘွဲ့ရတွေရောက်လာရင်လည်း ၂ နှစ်တန်သည် ၃ နှစ်တန်သည် ပညာရေးကောလိပ်အကြောင်းကို လေ့လာရမယ်။ နောက်တစ်ခုက အုပ်ချုပ်တာတစ်ခုတည်း မဟုတ်ဘူး။ 

ပညာရေးကောလိပ်မှာ ကျောင်းအုပ်သည် အုပ်ချုပ်ရေးပိုင်းရော သင်ကြားရေးပိုင်းရော အကုန်စီမံခန့်ခွဲရတာ။ သူတို့က အုပ်ချုပ်ရေးပိုင်းမှာပဲ စီမံခန့်ခွဲမယ်ဆိုရင် သင်ကြားရေးပိုင်းမှာရော မစီမံတော့ဘူးလား မေးစရာရှိတယ်။ နည်းနည်းအခက်အခဲရှိမယ်။ အဆင်မပြေတာတွေရှိမယ်။ သူတို့လည်း စိတ်ရှုပ်စရာရှိမယ်။ ဟိုဘက်မှာက ဘာသာရပ်နဲ့ သုတေသနလုပ်တာပဲရှိမယ်။ ကျန်တာတွေ အများကြီးမလုပ်ခဲ့ရဘူး။ ဒီဘက်မှာက ဝန်ထမ်းရေးရာကိစ္စတွေ၊ သင်ကြားရေးတွေရှိမယ်။ အုပ်ချုပ်ရေးရှိမယ်။ ဒါကြောင့် အဆင်ပြေမှာမဟုတ်ဘူးလို့ တွက်ထားကြတာပေါ့။ ဒီကိစ္စကို အဆင့်မြင့်ပညာဦးစီးဌာနနဲ့ ဆွေးနွေးဖို့ဆိုတာလည်း ကျွန်မတို့ရာထူးနဲ့ ဟိုဘက်က ညွှန်ချုပ်၊ ဒုညွှန်ချုပ်တို့နဲ့က ကွာဟတယ်။ ကျွန်မတို့ဆွေးနွေးမယ်ပြောလည်း သူတို့က လက်ခံချင်လည်း လက်ခံမယ်။ လက်ခံချင်မှလည်း လက်ခံမယ်။ ခုချိန်ထိတော့ ဆွေးနွေးဖို့ကိစ္စမရှိဘူး။ ကျွန်မတို့လှုပ်ရှားမှုထဲပါလို့ ခေါ်တွေ့မေးရင် အကျိုးအကြောင်းခိုင်ခိုင်လုံလုံနဲ့ ရှင်းပြမှာပါ။ ကျောင်းအုပ်ခန့်မယ်ဆိုရင် ပညာရေးကောလိပ်မှာ လုပ်သက်အတွေ့အကြုံအများကြီးရှိတဲ့ ဆရာကြီး၊ ဆရာမကြီးတွေကို ခန့်တာက အသင့်တော်ဆုံးပါ။ သူတို့အနေနဲ့ ပညာရေးကောလိပ်မှာ တစ်သက်လုံးလုပ်ကိုင်လာပြီး ကိုယ့်ဘဝကို ပေးဆပ်ထားပြီး ဒီလိုလူမျိုးတွေက ပင်စင်မယူမချင်း ပညာရေးအလုပ်ကို လုပ်သွားမှာ။ ဒီလိုလူတွေကိုပဲ ကျောင်းအုပ်အဖြစ်ပေးသင့်တယ်လို့ ထင်တယ်။



“ပညာရေးမဟာဘွဲ့ရတွေကို ပညာရေးကောလိပ်ကိုလာဖို့ ဝန်ကြီးက နေပြည်တော်မှာ ခေါ်တာတောင်မှ လာမယ့်သူမရှိဘူး”

ဦးမိုးမင်းသူ (နည်းပြ၊ သင်္ချာဌာန၊ ပြည်ပညာရေးကောလိပ်)

ပညာရေးကောလိပ်တွေမှာ ဝိဇ္ဇာ၊ သိပ္ပံဘက်က ပါရဂူဘွဲ့ရတွေကို ကျောင်းအုပ်ခန့်မယ့်ကိစ္စကို ကျွန်တော့်အနေနဲ့ ထောက်ခံပါတယ်။ ဒါကြောင့် ဒီဆရာတွေကို လှိုက်လှဲစွာကြိုဆိုပါ၏ဆိုတဲ့ ဖဲကြိုးစိမ်းတွေနဲ့ ဖေ့စ်ဘွတ်ခ်မှာ ပရိုဖိုင်ပြောင်းထားတယ်။ ပညာရေးကောလိပ်တွေမှာ ဆရာ၊ ဆရာမတွေ နှစ်ပိုင်းကွဲနေတယ်။ ဝိဇ္ဇာ၊ သိပ္ပံက ဆရာတွေကို ကန့်ကွက်တဲ့သူရှိသလို ကြိုဆိုတဲ့သူလည်းရှိတယ်။ ကျွန်တော်က ကြိုဆိုသူပါ။ ဘာကြောင့်လဲဆို ကျွန်တော်တို့ပညာရေးကောလိပ်မှာ သင်ကြားရတဲ့ဘာသာရပ်တွေရှိတယ်။ သင်ပြနည်းတို့၊ Academic တို့လို စာပေဘာသာရပ်တွေရှိတယ်။ ဒီဘာသာရပ်တွေ ရာထူးတွေကလည်း ဝိဇ္ဇာ၊ သိပ္ပံတက္ကသိုလ်တွေနဲ့ အတူတူပဲ။ အကုန်လုံးတူတော့ အရင်က ဆရာအတတ်ပညာဌာနကနေ အဆင့်မြင့်ပညာဌာကို ပေါင်းထားတာဆိုတော့ ကျွန်တော်တို့က ဒီတက္ကသိုလ်ထဲကလူတွေက တစ်ခုခုနဲ့တစ်ခု ပေါင်းကူးပြီး တာဝန်ထမ်းဆောင်ကြတယ်။ ကျွန်တော်တို့ လိုအပ်ရင် လိုအပ်သလို ပေါင်းကူးပြီး တာဝန်ထမ်းဆောင်လို့ရတယ်။ လက်ရှိပညာရေးကောလိပ်မှာဖြစ်နေတဲ့ပြဿနာက ဒီရာထူးခန့်အပ်လို့ဖြစ်တာမဟုတ်ဘူး။ ပညာရေးကောလိပ်မှာက ကျောင်းအုပ်ကြီးရာထူးပေးဖို့ လူမရှိဘူး။ ဒီတိုင်းကြီး လှပ်ထားလို့လည်းမရဘူး။ ပညာရေးကောလိပ်တွေကို နောက်နှစ်ဆိုရင် ပညာရေးဒီဂရီကောလိပ်အဖြစ် အဆင့်မြင့်တော့မယ်။ ဒါကြောင့် ပညာရေးကို အပြောင်းအလဲလုပ်နိုင်မယ့်သူ တက္ကသိုလ်၊ ဒီဂရီကောလိပ်ပုံစံ သိတဲ့လူပေါ့။ လက်ရှိလူတွေက အရင်ပုံစံကို အသားကျနေတဲ့ပုံစံဖြစ်တာပေါ့။ ဒီပြောင်းလဲရတော့မယ်ဆိုရင် ဒီစနစ်တွေကိုသိမှရမယ်။ 

ဒါကြောင့် ပညာရေးကောလိပ်မှာ ရှိနေတဲ့လူတွေထက်စာရင် ဝိဇ္ဇာ၊ သိပ္ပံတက္ကသိုလ်ဘက်က ပါမောက္ခတွေက သူတို့ကျင်လည်ခဲ့တဲ့စနစ်ကို ပိုသိတာပေါ့။ အဲဒီဘက်ကလူတွေ လာတာကို ကျွန်တော်တို့ ထောက်ခံတယ်ပေါ့။ ပြုပြင်ပြောင်းလဲမှု လိုလိုပါ။ ကျွန်တော်တို့ ပညာရေးကောလိပ်တွေမှာ ကျောင်းအုပ်ခန့်ဖို့ လူမရှိဘူး။ ဒုတိယကျောင်းအုပ်က အနည်းငယ်ပဲရှိတယ်။ ကျောင်းအုပ်မရှိဘဲ ကျောင်းကိုလည်ပတ်နေရတာ အဆင်မပြေဘူး။ ဒါကြောင့် စီမံခန့်ခွဲမှုပေးနိုင်တဲ့ ကျောင်းအုပ်တွေ အမြန်ဆုံး ခန့်ပေးဖို့က အရေးကြီးတယ်။ ခုက နောက်ကိစ္စကို မပြောချင်ပါဘူး။ လက်ရှိမှာ ခန့်ဖို့ လူမရှိတဲ့အတွက် အဆင့်မြင့်ဘက်ကခန့်ဖို့ အရည်အချင်းရှိတဲ့သူ တော်တဲ့သူကို ရွေးခန့်လို့ရတယ်။ စစ်ကိုင်းပညာရေးတက္ကသိုလ်ဆိုရင်လည်း ဝိဇ္ဇာ၊ သိပ္ပံဘက်က ပါရဂူဘွဲ့ရကို ပါမောက္ခချုပ်အဖြစ် ခန့်ထားတာပဲ။ ကျွန်တော်တို့ပညာရေးကောလိပ်က ဝိဇ္ဇာ၊ သိပ္ပံဘက်ကလူကို ဘာကြောင့် ခန့်လို့မရမလဲ အဲလိုမေးခွန်းတောင် ပြန်ထုတ်လို့ရပါတယ်။ ကျွန်တော်တို့ကျောင်းအုပ်က နောက်လ ၁၇ ဆိုရင် ပင်စင်ပြည့်သွားပြီ။ အဲမှာ ကျွန်တော်တို့က ကျောင်းအုပ်လိုတယ်။ ကျောင်း ၁၀ ကျောင်းလောက်မှာ ကျောင်းအုပ်နေရာအစားထိုးဖို့က ဒုတိယကျောင်းအုပ်တွေကလည်း လူမပြည့်ဘူး။ ဝိဇ္ဇာ၊ သိပ္ပံဘက်ကိုဆိုပေမယ့် ဘာသာရပ်ကိုက်ညီတဲ့သူတွေပဲ ခန့်မှာပေါ့။ ဥပဒေတို့လို စိတ်ပညာတို့လို ဘာသာရပ်ပါမောက္ခတွေကို ခန့်လို့မရဘူး။ 

ရှင်းရှင်းပြောရရင် ပညာရေးကောလိပ်ဆင်း ပဲဖြစ်ဖြစ်၊ ပညာရေးတက္ကသိုလ်ကပဲဖြစ်ဖြစ် ပညာရေးထဲကလူတွေက ပညာရေးကောလိပ်ကို မလာချင်ကြဘူး။ ပညာရေးဒီဂရီကောလိပ်အဖြစ် အဆင့်မြှင့်တင်ဖို့ ပညာရေးမဟာဘွဲ့ရတွေကို ပညာရေးကောလိပ်ကို လာဖို့ ဝန်ကြီးက နေပြည်တော်မှာ ခေါ်တာတောင်မှ လာမယ့်သူမရှိဘူး။ အခုက မကျေနပ်ဘူးလို့ ပရိုဖိုင်ချိန်းတဲ့သူတွေကိုယ်တိုင်က ဒီကောလိပ်တွေကို မလာနိုင်ဘူး။ ပညာရေးကောလိပ်က ပါရဂူဘွဲ့ရတိုင်းလည်း ကျောင်းအုပ်ခန့်လို့မရဘူး။ ရာထူးအလိုက်ခန့်ရတာပါ။ အဲဒီတော့ ရှိတဲ့သူပဲခန့်ရမှာပေါ့။ ကျွန်တော်တို့ ပညာရေးကောလိပ်တွေကို ဒီဂရီကောလိပ်အဖြစ် အဆင့်မြှင့်တော့မယ်ဆိုရင် လူအင်အားလိုတယ်။ အဲလို မျိုးကန့်ကွက်လို့မရနိုင်တဲ့အထိ လူအင်အားလိုတယ်။ ဒီကျောင်းတွေက လူအင်အားမရှိဘဲ လည်ပတ်လို့မရဘူး။ ဒါကြောင့် ကျွန်တော်တို့က ပညာရေးကောလိပ်ကိုလာပြီး အလုပ်လုပ်ပေးကြပါလို့ပဲ ပြောချင်ပါတယ်။

မြဇာခြည်သင်း