“ပညာရေးကို ပြုပြင်ပြောင်းလဲတယ်ဆိုရင်လည်း အကျိုးရှိမယ့်ဟာကို လူကြီးပီပီသသနဲ့ ဆုံးဖြတ်ချက်ချစေချင်တယ်”
အခြေခံပညာကျောင်းများ၏ အထက်တန်းအဆင့် နှစ်ဝက်ဆုံးစာမေးပွဲကို စာသင်ချိန် တစ်ချိန်စာ ၄၅ မိနစ်ကြာ စစ်ဆေးရန်ညွှန်ကြားချက်အပေါ် ဆရာများ၏ အကြံပြုဆွေးနွေးချက်ကို ယခုတစ်ပတ်ဆရာများ၏ ရင်ဖွင့်သံအဖြစ် စုစည်းဖော်ပြလိုက်ပါသည်။

“ပညာရေးကို ပြုပြင်ပြောင်းလဲတယ်ဆိုရင်လည်း အကျိုးရှိမယ့်ဟာကို လူကြီးပီပီသသနဲ့ ဆုံးဖြတ်ချက်ချစေချင်တယ်”
ဦးသက်ဝေထူး (အထက်တန်းပြ၊ အထက၊ ကျောမြို့၊ ဂန့်ဂေါမြို့ နယ်)

ကျောင်းတွေမှာ နှစ်ဝက်ဆုံး စာမေးပွဲဖြေဖို့ ကျောင်းတွေကို တရားဝင် ညွှန်ကြားချက်တော့ မရောက်သေးဘူး။ ဒါပေမဲ့ လိုင်းပေါ်မှာ စက်တင်ဘာ ၁၃ ရက် ရက်စွဲနဲ့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အစိုးရ ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာန နေပြည်တော် ညွှန်ကြားချက်တစ်စောင်တွေ့တယ်။ အဲဒီမှာ အထက်တန်းအဆင့် စာမေးပွဲတွေ အပါအဝင် စာမေးပွဲအားလုံးက ၂၅ မှတ်ဖိုးပဲဖြေရမယ်။ စာသင်ချိန် တစ်ချိန်စာပေါ့။ ၄၅ မိနစ်ဖြေရမယ်။ ဒီ ၄၅ မိနစ်စာမှာ ဇွန်လကနေ စက်တင်ဘာလအတွင်း သင်ခဲ့တဲ့ သင်ရိုးတွေကို အကုန်လုံးမေးရမှာ။ သူတို့ပြောတဲ့ အတိုင်းဆို ဘယ်လိုမှ အဆင်မပြေနိုင်ဘူး။ ဘာကြောင့်လဲဆိုတော့ မေးခွန်းထုတ်တဲ့နေရာမှာ ထုတ်ချင်သလို ထုတ်လို့မရဘူး။ ခိုင်လုံမှုနဲ့ ယုံကြည်ကိုးစားမှုဆိုတဲ့ အဓိက အင်္ဂါရပ်နှစ်ခုပါရတယ်။ အဲဒီတော့ ခိုင်လုံမှုဆိုတာက ဇွန်လကနေ စက်တင်ဘာလအထိ သင်ပြီးသားအခန်းတွေ အကုန်လုံးကို ညီတူညီမျှမေးရမယ်။ တစ်ခန်းချင်းစီက နည်းနည်းစီ ညီတူညီမျှပါရင် ဒီမေးခွန်းက ခိုင်လုံမှုရှိတယ်။ ယုံကြည်ကိုးစားမှုဆိုတာက မေးခွန်းကို ဘယ်သူပဲဖြေဖြေ ကျတဲ့သူနည်းပြီး အောင်တဲ့သူများမယ်။ ဂုဏ်ထူးပါတဲ့သူ များသွားရင်လည်း မေးခွန်းညံ့လို့ပေါ့။ အလယ်အလတ်ဖြစ်ရမယ်။ ဒီ ညွှန်ကြားစာအထဲမှာပဲ ဒါကိုပြည့်စုံအောင် ဖြေရမှာကို ၂၅ မှတ်ဖိုးဆိုတာ ဘယ်လိုမှမဖြစ်နိုင်ဘူး။ ပနှစ်ဝက်ဆိုတာ ဘယ်သောအခါမှ ဒီလို ၂၅ မှတ်ဖိုး မဖြေဖူးဘူး။ လောလောဆယ်တော့ မေးခွန်းကို ဘယ်ကလာမယ်ဆိုတာလည်း မသိရသေးဘူး။ လိုင်းပေါ်မှာတွေ့တဲ့ ညွှန်ကြားချက်အရ မေးခွန်းကလည်း ကိုယ့်ကျောင်းနဲ့ကိုယ် ထုတ်ရမယ့်ပုံစံပဲ။ ပနှစ်ဝက်စာမေးပွဲဆိုတာ တက္ကသိုလ်ဝင်စာမေးပွဲဖြေမယ့် ကျောင်းသားတွေအတွက် ပထမဆုံး တာထွက်ရမယ့်စာမေးပွဲဖြစ်တယ်။ ဒီနှစ်ဆိုရင် မေးခွန်းပုံစံကလည်း အသစ်ဖြေရမှာဖြစ်တဲ့အတွက် ကလေးတွေက မရင်းနှီးသေးဘူး။ အတည်ဖြေရမယ့်ပုံစံအတိုင်း ၁၀၀ ဖိုးပဲ ဖြေသင့်တယ်။ ကလေးတွေကလည်း ဒီစာမေးပွဲပေါ်မှာ ပေါ့လျော့သွားမယ်။ လေးစားမှု မရှိတော့ဘူး။ ပနှစ်ဝက်စာမေးပွဲမှာကတည်းက ဒီကျောင်းသားတွေကို တက္ကသိုလ်ဝင်စာမေးပွဲမှာ အောင်နိုင်မယ်၊ မအောင်နိုင်ဘူးဆိုတာ ခန့်မှန်းလို့ရတယ်။ ဘာကြောင့်လဲဆိုတာက ဒီစာမေးပွဲမှာ သင်ရိုးတစ်ဝက်ကျော်ကိုဖြေရတယ်။ ဒီအဆင့်မှာ ဖြေနိုင်ပြီဆိုရင် သူတို့အောင်ဖို့အတွက် ၇၀ ရာခိုင်နှုန်းလောက် သေချာသွားပြီ။ ဒါကြောင့် ၂၅ မှတ်ဖိုးနဲ့ ကလေးတွေရဲ့ အရည်အချင်းကို လုံးဝ မသိနိုင်ဘူးလေ။ ဒီလိုစာမေးပွဲမှာ ဖရိုဖရဲလုပ်ပြီး တက္ကသိုလ်ဝင်စာမေးပွဲမှာ ဗုံးပေါ လအော ချပစ်ကြတယ်။ အဲဒီကျမှ အောင်ချက်တွေကို ချပစ်လိုက်တော့ ကလေးတွေအတွက် နစ်နာတယ်။ အခုကတည်းက ကလေးတွေအနေနဲ့ ကြိုတင်ပြင်ဆင်ထားမှ အောင်ဖို့အတွက် သေချာမယ်။ ကလေးတွေကို ဖိအားမပေးချင်လို့ ဒီလိုလုပ်တာဆိုရင်လည်း ပိုပြီး စိတ်သက်သာအောင် ဘာစာမေးပွဲမှမဖြေခိုင်းဘဲ နောက်ဆုံးစာမေးပွဲကြီးမှာလည်း အကုန်လုံး အအောင်ပေးလိုက်လို့ ပြောချင်တယ်။ ဒါပဲရှိတော့မယ်။ ကျွန်တော်ကတော့ ဒီလိုပုံစံစစ်ဆေးတာကို လုံးဝ သဘောမကျဘူး။ ထုံးစံအတိုင်း ကိုးတန်းတွေကို ၅၀ ဖိုး၊ လေးတန်း၊ ရှစ်တန်း၊ ဆယ်တန်းတွေကို ၁၀၀ ဖိုးသွားနေရင် အဆင်ပြေပါတယ်။ အထက်လူကြီးတွေအနေနဲ့ ပညာရေးကို ပြုပြင်ပြောင်းလဲတယ်ဆိုရင်လည်း အကျိုးရှိမယ့်ဟာကို လူကြီးပီပီသသနဲ့ ဆုံးဖြတ်ချက် ချစေချင်တယ်။ မူတွေကို တစ်ခုပြီးတစ်ခု မဖြစ်စေချင်ဘူး။ ခုက တော်ကြာတစ်မျိုး၊ ခုတစ်မျိုးဖြစ်နေတဲ့အတွက် ဆရာ၊ ဆရာမတွေအနေနဲ့ ဘာလုပ်ရမှန်း မသိတော့ဘူး။ တစ်ခုခုဆို ဆရာ၊ ဆရာမတွေကို ထုချေလွှာတင်ခိုင်းတာမျိုးပဲရှိနေတယ်။ ဒါကြောင့်၂၅ မှတ်ဖိုး ဖြေရမယ့်ပုံစံကို ဘယ်ဆရာကမှ သဘောမကျဘူး။ 

“ကလေးတွေအတွက် အထောက်အပံ့ကောင်း မဖြစ်နိုင်တဲ့အတွက် သဘောမကျဘူး”
ဦးဆန်းမျိုးအောင်(အထက်တန်းပြ၊ အထက(၇)၊ ကလေးမြို့ )

နှစ်ဝက်ဆုံး စာမေးပွဲဖြေဖို့က ကျောင်းကိုတော့ ညွှန်ကြားချက် မရောက်သေးဘူး။ ဒါပေမဲ့ အခြေခံပညာ ဦးစီးဌာနရုံးချုပ်က ညွှန်ကြားချက်ဖြစ်တဲ့အတွက် တစ်နိုင်ငံလုံးအတွက် ပုံစံတူမယ်လို့ထင်တယ်။ ဒီညွှန်ကြားစာထဲမှာတော့ စာသင်ချိန်တစ်ချိန်စာ ဖြေရမယ်လို့ပါတာပေါ့။ တစ်ရက်ကို တစ်ဘာသာဖြေရမယ်ပေါ့။ အရင်နှစ်တွေကတော့ ပထမနှစ်ဝက်ဆိုရင် တကယ့်စာမေးပွဲကြီးပုံစံအတိုင်း ၁၀၀ ဖိုးပဲ ဖြေရတာ။ အခုညွှန်ကြားချက်ထဲကလို ၄၅ မိနစ်စာပဲ စစ်ဆေးရမယ်ဆိုရင် လက်ရှိသွားနေတဲ့ ပညာရေးစနစ်ကို ကြည့်ရမယ်။ လက်ရှိစနစ်ကတက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်ကောင်းမှ တက္ကသိုလ်ဝင်လို့ရတာဖြစ်တဲ့အတွက် စာမေးပွဲကိုအခြေခံတယ်။ ဒါကြောင့် ဆယ်တန်းကျောင်းသားတွေအတွက် တက္ကသိုလ်ဝင် စာမေးပွဲကိုဖြေဖို့ နှစ်ဝက်စာမေးပွဲ အတွေ့အကြုံရှိဖို့လိုတယ်။ ကိုးတန်းကျောင်းသားတွေကလည်း ဆယ်တန်းအတွက် နှစ်ဝက်စာမေးပွဲ အတွေ့အကြုံတွေလိုတယ်။ ဒီနှစ်ဝက်စာမေးပွဲက တက္ကသိုလ်ဝင်စာမေးပွဲအတွက် ဘယ်လောက်ထိ အကျိုးသက်ရောက်မှုရှိလဲဆိုတာ ဒီနှစ်ဝက်စာမေးပွဲပေါ်မှာ ကျောင်းသားတွေရဲ့ စိတ် ခံယူမှုနဲ့ပဲဆိုင်တယ်။ တချို့ကျောင်းသားတွေက ကျောင်းက စစ်ဆေးတဲ့နှစ်ဝက်စာမေးပွဲဆိုရင် ဂရုကိုမစိုက်ကြဘူး။ တချို့ဆို စာမေးပွဲခန်းထဲ လာတယ်။ အိပ်ပြီးပြန်သွားကြတာရှိတယ်။ စာမေးပွဲမဖြေလို့လည်း ဘယ်သူကမှ တရားစွဲတာ မဟုတ်တဲ့အတွက် စာမေးပွဲကို စိတ်မဝင်ကြတာ များတယ်။ အဲဒီတော့ စာကျက်အားနည်းမယ်။ တကယ်ဖြေရမယ့် တက္ကသိုလ်ဝင် စာမေးပွဲမှာ စာမနိုင်ကြတော့ဘူး။ စာမေးပွဲမှာ ဒုက္ခရောက်မယ်။ ဒါကြောင့်အရင်နှစ်တွေလို ၁၀၀ ဖိုး ဖြေရတဲ့စာမေးပွဲတွေတောင်မှ ကလေးတွေအနေနဲ့ အလေးမထားကြဘူးဆိုရင် ဒီ ၂၅ မှတ်ဖိုးဖြေရမယ့် စာမေးပွဲဆိုရင် တော်တော်ကြီးကို အားလျော့သွားကြမယ်။ တစ်ရက်တစ်ဘာသာ ၄၅ မိနစ်စာပဲစစ်ရမှာ ဖြစ်တဲ့အတွက် သင်ခန်းစာ အားလုံးပါဝင်တဲ့မေးခွန်းစုံအောင် မေးလို့မရဘူး။ ဒါကြောင့် ဒီစာမေးပွဲက တက္ကသိုလ်ဝင်စာမေးပွဲအတွက်တော့ လိုအပ်တဲ့ အထောက်အပံ့မဖြစ်ဘူး။ ကျောင်းသားတွေကို စာမေးပွဲ ဖိအားမများအောင် လုပ်တယ်ဆိုရင်တော့ တကယ့် တက္ကသိုလ်ဝင်စာမေးပွဲမှာလည်း ဖိအားမများအောင် စစ်ဆေးလိုက်ပေါ့။ ပညာရေးပြုပြင်ပြောင်းလဲမှု လုပ်တာမှန်ပေမယ့် နိုင်ငံတော်အဆင့်စာမေးပွဲမှာ အောင်ချက်ကျပြီဆိုရင် ကျွန်တော်တို့ကို ထုချေလွှာတင်ခိုင်းတယ်။ ဒါတွေကျတော့ ဖိအားမရှိရတော့ဘူးလား။ အားလုံးက ဒီစာမေးပွဲအတွက်ပဲ အားစိုက်နေကြတာ။ ခုပုံစံက ရှဥ့်လည်းမလျှောက်သာ ပျားလည်း မစွဲသာဆိုတဲ့ ပုံစံမျိုးဖြစ်နေတယ်။ စာမေးပွဲ မေးခွန်းကတော့ ကျွန်တော်တို့က အထက်တန်းကျောင်းဖြစ်တဲ့အတွက် ကျွန်တော်တို့ပဲ ထုတ်ရမှာ။ အထက်တန်း ကျောင်းခွဲတွေကတော့ သက်ဆိုင်ရာ ပင်မ အထက်တန်းကျောင်းကနေ မေးခွန်းထုတ်ပြီး စစ်ရမှာပေါ့။ ဒီစာမေးပွဲက ကလေးတွေအတွက် အထောက်အပံ့ ကောင်းမဖြစ်နိုင်တဲ့အတွက် သဘောမကျဘူး။

မြဇာခြည်သင်း