UBS Securities အဖွဲ့၏ ထုတ်ပြန်ချက်အရ ယမန်နှစ်ကအထိ တရုတ်အွန်လိုင်းပညာရေးသည် ယွမ် ၂၉ ဘီလီယံအထိ တိုးတက်ဖွံ့ဖြိုးလာကြောင်း သိရသည်။ iiMedia မှ အကြံပေးအရာရှိ လျူကျင်ဟောင်းကလည်း အစိုးရကိုယ်တိုင်က နည်းပညာကို အထောက်အကူပေးသည့်အပြင်၊ ပညာရေးကိုလည်း အစဉ်အလာထက် ဖွံ့ဖြိုးတိုးတက်အောင် ကြံဆောင်စေရန် အားပေးအားမြှောက်ပြုနေခြင်းများကြောင့် အွန်လိုင်းပညာရေးဈေးကွက်သည် ဖွံ့ဖြိုးတိုးတက်လာရသည်ဟု မှတ်ချက်ပြုထားသည်။


UBS Securities အဖွဲ့၏ ထုတ်ပြန်ချက်အရ ယမန်နှစ်ကအထိ တရုတ်အွန်လိုင်းပညာရေးသည် ယွမ် ၂၉ ဘီလီယံအထိ တိုးတက်ဖွံ့ဖြိုးလာကြောင်း သိရသည်။ iiMedia မှ အကြံပေးအရာရှိ လျူကျင်ဟောင်းကလည်း အစိုးရကိုယ်တိုင်က နည်းပညာကို အထောက်အကူပေးသည့်အပြင်၊ ပညာရေးကိုလည်း အစဉ်အလာထက် ဖွံ့ဖြိုးတိုးတက်အောင် ကြံဆောင်စေရန် အားပေးအားမြှောက်ပြုနေခြင်းများကြောင့် အွန်လိုင်းပညာရေးဈေးကွက်သည် ဖွံ့ဖြိုးတိုးတက်လာရသည်ဟု မှတ်ချက်ပြုထားသည်။

တရုတ်အွန်လိုင်းပညာရေး၏ ဖွံ့ဖြိုးမှုကို အဓိက အားပေးအားမြှောက်ပြုနေသူများမှာ မိဘများဖြစ်သည်ဟု ပြောလျှင် လွန်အံ့မထင်။ UBS အဖွဲ့မှ အကြံပေးအရာရှိ အက်ဒ်ဝင်ချန်းက တရုတ်မိဘများ၏ မိမိတို့ သားသမီးများအပေါ် မျှော်လင့်ချက်ကြီးမားလွန်းမှုက အွန်လိုင်းပညာရေးကို တိုးတက်အောင်မြင်စေခဲ့သည်ဟု ဆိုသည်။ သူတို့မိဘတွေ အားလုံးက ဆင်ဟွာသို့မဟုတ် ပီကင်းတက္ကသိုလ်ကြီးများသို့သာ မိမိတို့ သား၊ သမီးများကို တက်ရောက်စေလိုခြင်းမှာ အွန်လိုင်းပညာရေးကို အဓိကလိုအပ်ချက်ကြီးတစ်ခု ဖြစ်လာစေခဲ့သည်ဟု ယင်းကဆိုသည်။

တရုတ်နိုင်ငံတွင် မိဘများက သူတို့ သား၊ သမီးများအတွက် ပညာရေးကို အကွက်ချထားလေ့ရှိကြောင်း တွေ့ရသည်။ သူတို့က သား၊ သမီးတိုင်းကို ကျောင်းပြီးအောင်တက်စေချင်ကြသည်။ အထက်တန်းပြီးလျှင်လည်း ဘွဲ့ရသည်အထိ ပညာကို ဆက်လက်ယူစေချင်ကြသည်။ 

သူတို့မိဘတွေခံယူချက်ကလည်း ပြောင်းလာသည်။ သူတို့ ကလေးတွေကို ကျူရှင်တစ်ခုပြီးတစ်ခု ပြောင်းတက်နေခြင်းထက် အိမ်တွင် ကွန်ပျူတာများ ဝယ်ပေးထားပြီး အွန်လိုင်းကျူရှင်တွေကို တစ်ထိုင်တည်း တက်ခိုင်းခြင်းများကို စိတ်ဝင်စားလာသည်။ ဘေဂျင်းလို မြို့ကြီးများတွင် ကလေးကို ကျောင်းတကာ လိုက်ပို့နေရသည်မှာ မလွယ်ကူပေ။ ကားလမ်းတွေ ပိတ်လွန်းသောကြောင့် အွန်လိုင်းပညာရေးကို ရွေးချယ်ရခြင်းများလည်း ဖြစ်လာခဲ့ရသည်။ 

တရုတ်ပညာရေးတွင် လက်ရှိအနေအထားအထိ စာသင်ခန်းတစ်ခန်းအတွင်း ကျောင်းသားများစွာ ထည့်သင်နေရခြင်းကို လုပ်ဆောင်နေရသေးသည်။ သို့သော် အစိုးရကျောင်းများကို တက်ခြင်းက သူတို့အတွက် အခြားအာရှနိုင်ငံများမှ ကျောင်းများနှင့် ယှဉ်လျှင် အလွန်သက်သာသည်ဟုဆိုရမည်။ ဥပမာ ဂျပန်နှင့် တောင်ကိုရီးယား နိုင်ငံတို့တွင် မိဘများက သူတို့သားသမီးများအတွက် ကျူရှင်ကြေးများကို ဝင်ငွေ၏ ၇၀ ရာခိုင်နှုန်းအထိ အသုံးချနေကြသော်လည်း တရုတ်မိဘတွေက ၃၇ ရာခိုင်နှုန်းခန့်သာ အသုံးပြုနေကြရသည်။

တရုတ်နိုင်ငံတွင် အွန်လိုင်းကတစ်ဆင့် ပို့ချချက်များကို ဈေးနှုန်းအသက်သာဆုံးပေးကာ လေ့လာနိုင်ကြောင်း သိလာကြသည်။ ထို့ကြောင့် ပညာလိုလားသည့် တရုတ်လေးများက အွန်လိုင်းပေါ်မှ မိမိတို့စိတ်ကြိုက်ဆရာများကို ရွေးချယ်သင်ယူလိုကြသည်။ အွန်လိုင်းပညာရေးကြီးက ကုမ္ပဏီများထူထောင်ကာ လုပ်ဆောင်လာကြသည်အထိ တိုးတက်ဖွံ့ ဖြိုးလာသည်။ တရုတ်နိုင်ငံမှ VIPKid ဆိုသည့် အွန်လိုင်းပညာရေးကုမ္ပဏီသည် လက်ရှိ ဒေါ်လာသန်း ၅၀၀ ခန့်အထိ ရင်းနှီးမြှုပ်နှံမှုများကို လုပ်ဆောင်လာကြောင်း တွေ့ရသည်။ အွန်လိုင်းပညာရေးတွင် ကမ္ဘာပေါ်၌ ရင်းနှီးမြှုပ်နှံမှုအများဆုံးဖြစ်သည်။ ထိုကုမ္ပဏီ၏ အစီအစဉ်များက မကြာမီ ယွမ် ၂၀ ဘီလီယံခန့်အထိ တိုးမြှင့်လုပ်ဆောင်ရန် စီစဉ်နေသည်များကိုလည်း တွေ့ရသည်။ 

ဘေဂျင်းအခြေစိုက် VIPKid ကုမ္ပဏီကို ၂၀၁၃ ခုနှစ်ကထူထောင်သည်။ တရုတ်ကလေးများကို အွန်လိုင်းကတစ်ဆင့် တစ်ဦးချင်းတစ်ယောက်ချင်း အင်္ဂလိပ်စာသင်ကြားပေးမှုနှင့် စတင်ခဲ့သည်။ အသက် ၅ နှစ်မှ ၁၂ နှစ်အတွင်း ကလေးများကို မြောက်အမေရိကမှ ဆရာများကိုယ်တိုင် အွန်လိုင်းကတစ်ဆင့် သင်ကြားပေးမှုများရရှိနိုင်အောင် စီစဉ်ပေးသည်။ ယခုဆိုလျှင် VIPKid က နိုင်ငံခြားမှ ဆရာပေါင်း ၆၀,၀၀၀ နှင့် ချိတ်ဆက်ထားပြီး၊ သူတို့ အွန်လိုင်းကို ငွေပေးပြီး အသုံးပြုနေသူပေါင်း ငါးသိန်းကျော်ရှိနေပြီဖြစ်သည်။ 

အွန်လိုင်းသင်ကြားမှုတွင် ငွေကြေးရင်းနှီးမြှုပ်နှံမှုများနှင့် ကုမ္ပဏီကြီးများ ဝင်ရောက်လာခြင်းက လုပ်ငန်းငယ်လေးများကို တိုက်ထုတ်ပစ်သလို ဖြစ်ကုန်သည်။ အွန်လိုင်းဈေးကွက်၏ ကြီးထွားလာမှုကို မြင်သိလာသည့် TAL Education Group နှင့် New Oriental Education & Technology Group တို့ကလည်း ယခင်ပြင်ပတွင် ကျူရှင်သင်နေရာမှ အွန်လိုင်းပညာရေးဘက်ကို ကူးလာကြသည်။ 

TAL သည် ဇူလိုင်လကစပြီး အွန်လိုင်းသင်ကြားမှုကို စတင်ဖွင့်လှစ်လိုက်သည်။ ငွေကြေးဝန်ဆောင်မှု အနည်းဆုံးနှင့် အရည်အသွေးပြည့် သင်ကြားပို့ချမှုများကို ထုတ်လွှင့်ပေးနေသဖြင့် စိတ်ဝင်စားမှုများတိုးလာကြသည်။ သို့သော် အွန်လိုင်းတွင် သင်ကြားရသည့် သဘောတရားများက စိန်ခေါ်မှုများကို ရင်ဆိုင်နေကြရသည်။ အဘယ်ကြောင့်ဆိုသော် အွန်လိုင်းတွင် လေ့လာသင်ယူနေကြသော ကျောင်းသားအများစုမှာ ပညာရေးကို အလွန်စိတ်ပါဝင်စားမှ ဖြစ်နိုင်သည်။ မိဘတွေက တိုက်တွန်းလွန်းသဖြင့် အွန်လိုင်းပေါ်တက်လာမည်ဆိုလျှင် အလွန်ပျင်းစရာကောင်းလှသည်။ သို့ဖြစ်ရာ ကျောင်းသားများကို သင်ယူချင်လာစေရန်၊ စိတ်ပါဝင်စားလာစေရန် သင်ပေးနိုင်ခြင်းက စိန်ခေါ်မှုများဖြစ်သည်။ 

ထို့ကြောင့် နည်းပညာကို အသုံးပြုပြီး ကျောင်းသားနှင့် တိုက်ရိုက်ချိတ်ဆက်ကာ ပို့ချမှုများ၊ အပြန်အလှန် ဆက်သွယ်ပြောဆိုဆွေးနွေးမှုများ ရရှိလာစေရန် အားထုတ်လာကြကြောင်းလည်းတွေ့ရသည်။ AI နည်းပညာများ တိုးတက်လာမှုတို့ကြောင့် ကျောင်းသားတို့၏ မျက်နှာကိုကြည့်ပြီး အကဲဖြတ်နိုင်သည့် စနစ်များကိုပါ အသုံးပြုပြီး အကဲဖြတ်လာကြကြောင်းလည်း တွေ့ရသည်။ 

နည်းပညာက ကျောင်းသားတို့၏ လက်ခံသင်ယူ နိုင်စွမ်းများကို ပိုင်းဖြတ်ပေးနိုင်သည်အထိ တိုးတက်လာသည်။ ထို့ကြောင့် အွန်လိုင်းက သင်နေသည့် ဆရာတွေက ကိုယ့်တပည့်အကြောင်းကို နည်းပညာအထောက်အကူများဖြင့် ပိုပြီးသိရှိလာနိုင်သည်။ သို့ဖြစ်ရာ ဆရာက ချက်ချင်း မိမိတို့သင်ကြားနေသည့် စနစ်များကို ပြောင်းလဲလိုက်ပြီး သူတို့စိတ်ဝင်စားအောင် လုပ်ဆောင်နိုင်သည်။

“တကယ်လို့ အွန်လိုင်းပညာရေးဟာ ကားတစ်စီးကို မောင်းနေရသလိုဆိုရင် ဆရာတွေက နည်းပညာကို အသုံးချပြီးတော့ ကားရဲ့ ဦးတည်ချက်နဲ့ အရှိန်ကို ထိန်းသိမ်းပေးနေသူတွေ ဖြစ်ပါလိမ့်မယ်” ဟု TAL ကို ထူထောင်သူ ကျန်ပန်ရှင်း၏ ပြောကြားချက်မှာ စဉ်းစားစရာ။ 

E-01
(Ref: Telegraph)