ဖွံဖြိုးတိုးတက်သည့် အနောက်နိုင်ငံကြီးများတွင် ကျောင်းတက်ပြီးမှ နောက်ပြန်ပြီး တပ်ခေါက်သွားသည်ဆိုသော သတင်းများဖတ်လာရသည်။ အနာဂတ်ပညာရေး၏ အတက်အကျက ခန့်မှန်းရခက်သည်။ ကျောင်းတွေ၏ အနေအထားနှင့် အနာဂတ်မည်သို့ရှိလာမည်နည်း စဉ်းစားစရာဖြစ်လာသည်။ ပညာရေး အဟောသိကံတွေများလာခြင်းက ဆန်းစစ်စရာဖြစ်လာသည်။


ဖွံဖြိုးတိုးတက်သည့် အနောက်နိုင်ငံကြီးများတွင် ကျောင်းတက်ပြီးမှ နောက်ပြန်ပြီး တပ်ခေါက်သွားသည်ဆိုသော သတင်းများဖတ်လာရသည်။ အနာဂတ်ပညာရေး၏ အတက်အကျက ခန့်မှန်းရခက်သည်။ ကျောင်းတွေ၏ အနေအထားနှင့် အနာဂတ်မည်သို့ရှိလာမည်နည်း စဉ်းစားစရာဖြစ်လာသည်။ ပညာရေး အဟောသိကံတွေများလာခြင်းက ဆန်းစစ်စရာဖြစ်လာသည်။ 

ပညာရေးတွင် လက်ရှိသင်ကြားရေးစနစ်များကို ပြန်လည်သုံးသပ်ရမည့်အချိန်ရောက်လာပြီဖြစ်သည်။ နှစ်ပေါင်းများစွာ အခြေခိုင်လာသည့် သင်ကြားနည်းစနစ်များကို ဆက်လက်ပြီး သုံးရန်သင့်၊ မသင့်ကို ပညာရှင်များက သုံးသပ်နေပြီး ပြောင်းလဲသင့်၊ ပြင်ဆင်သင့်သည်များကို ပြုပြင်ပြောင်းလဲမှုများ လုပ်နေသည့် နိုင်ငံများမှာ ကမ္ဘာ့ထိပ်တန်း ပညာနိုင်ငံတော်များ ဖြစ်နေသည်ကလည်း လက်တွေ့ဖြစ်နေသည်။ 

ကမ္ဘာ့ပညာထိပ်တန်းနိုင်ငံများဘဝရောက်နေသည့် နိုင်ငံများကိုကြည့်လိုက်လျှင် စိတ်ကူးကောင်းကောင်းဖြင့် ခေတ်ကိုထင်ဟပ်ကာ မြင်တတ်အောင်ကြည့်ပြီး လုပ်ဆောင်သွားနိုင်သည်ကိုတွေ့ရမည်။ ယနေ့ခေတ် အခြေခံပညာကျောင်းများက ပညာရေးတွင် မည်သည့်စနစ်များကို ဆက်လက်ကျင့်သုံးနေကြသနည်း

(၁) အဆင့်စနစ်ကို ကျင့်သုံးနေခြင်း

အစဉ်အလာပညာရေးတွင် အဆင့်များခွဲခြားသတ်မှတ်နေမှုများကို ယနေ့တိုင်တွေ့နေရသေးသည်။ အမှတ်များကို များလေကောင်းလေ၊ အဆင့်ကိုလည်း A ကစပြီး အကောင်းဆုံးသတ်မှတ်နေမှုများ ရှိနေသည်။ ကလေးတစ်ယောက်ကို ဖွံ့ဖြိုးအောင်လုပ်ရမည်မှာ ဦးနှောက်နှင့် အတွေးအခေါ်ဖြစ်သည်။ သို့သော် ဆရာတွေက အမှတ်တွေ၊ အဆင့်တွေ ကောင်းအောင် လုပ်ခိုင်းနေသည်။ ကလေးတွေကစားနေသည့် Angry Birds ဆိုသော ဂိမ်းကို စဉ်းစားကြည့်စေချင်ပါသည်။ ထိုဂိမ်းကို ကလေးတိုင်းကြိုက်ကြသည်။ ထိုဂိမ်းတွင် သုညအမှတ်က စသည်။ မှန်အောင်ပစ်နိုင်လေ အမှတ်တိုးလေဖြစ်သည်။ ကလေးတိုင်းက အားထုတ်မှုတိုင်းတွင် ရလဒ်ရှိ ကြောင်းနားလည်ထားသည်။ ထိုသဘော တရားတွေကို ကလေးတွေအားလွှမ်းမိုးထားခြင်းမှာ စဉ်းစားစရာဖြစ်သည်။ 

(၂) စင်ပေါ်ကလူဖြစ်နေခြင်း

စာသင်ခန်းတိုင်းတွင် ဆရာက အဓိကဖြစ်နေသည်။ သူကပဲပြော၊ သူကပဲဆုံးဖြတ်၊ သူ့အမိန့်ကိုသာ နားထောင်နေကြရသည်။ သူက စင်ပေါ်ကလူဖြစ်နေသည်။ စင်အောက်က ကလေးတွေကတော့ အိပ်ငိုက်နေကြသည်။ ဆရာကစင်ပေါ်တက်ခွင့်နှင့် ဆရာကသာ ဆုံးဖြတ်ပိုင်ခွင့်ရှိသူအဖြစ် သတ်မှတ်လာခြင်းကြောင့် ဆရာကောင်းတွေ ရှားလာသည်။ စင်ပေါ်က လူတွေ စင်အောက်မဆင်းသည့်အတွက် ကျောင်းကောင်းတွေလည်း ရှားလာသည်။

(၃) သုံးသပ်နိုင်စွမ်း အားနည်းခြင်း

ကလေးတွေကို သတ်မှတ်ထားသည့် ဖတ်စာအုပ်တွေထဲက စာတွေကို ကုန်အောင်သင်ပေးနိုင်လျှင် တာဝန်ကျေပြီဟု ယူဆနေကြသည်။ သို့သော် ကိုယ်သင်ပေးလိုက်သည့် စာတွေက စာဖတ်တတ်ရုံလား၊ ဘဝအတွက် လက်တွေ့အသုံးချနိုင်ပါ့မလားဟု စဉ်းစားသူနည်းပါလိမ့်မည်။ စာတွေကို ဖတ်ပြပြီး ငါပြောတာနားထောင် လုပ်နေကြသည်။ ကျောင်းသားပြောတာ ဘယ်နှခွန်းလောက် နားထောင်ပြီးပြီနည်း။ ကျောင်းသားတွေကို ဘယ်နှခွန်းပြောဆိုဝေဖန်ဆွေးနွေးငြင်းခုံခွင့်များ ပေးပြီးပြီနည်း။

(၄) ဘောင်ထဲမှာနေထိုင်ကြခြင်း

ယနေ့ခေတ်ကျောင်းများသည် ပုံစံခွက်ရိုက်သည့် စက်ရုံတစ်ရုံလိုဖြစ်နေသည်။ အားလုံးကို တစ်ပုံစံတည်း ရိုက်ထုတ်ပေးရန် ကြိုးစားနေကြသည်။ မှတ်ဉာဏ်ကောင်းခြင်း၊ များများမှတ်နိုင်ခြင်း၊ ဖတ်ထားသည့်အတိုင်း အတိအကျပြန်ရေးနိုင်ခြင်းကို တော်သည်ဟု မှတ်ယူနေကြသည့် ပညာရေးဖြစ်နေသည်။ အဝိုင်းပုံစံရိုက်ပြီး အဝိုင်းထွက်လာသည်ကို ကျေနပ်သဘောကျနေသည်။

(၅) ပျင်းစရာကို ပျင်းရကောင်းမှန်း မသိခြင်း

ကျောင်းလာ၊ အတန်းထဲထိုင်၊ ပြောတာနားထောင်၊ လိုက်ဖတ်၊ လိုက်ရေး ပုံသေနည်းကျကျ လှုပ်ရှားနေရခြင်းမှာ နေ့တိုင်း ပုံသေဖြစ်နေသည်။ မည်မျှပျင်းစရာကောင်းလိုက်သနည်း။ လူသားတို့၏ ခံယူနိုင်စွမ်း၊ ဆန်းစစ်ဝေဖန်နိုင်စွမ်း၊ တီထွင်ထုတ်ဖော်နိုင်စွမ်းများကို လျစ်လျူရှုခြင်းခံနေကြရသည်။ စာဆိုပြနိုင်ပြီး ဂုဏ်ထူးထွက်အောင်ဖြေနိုင်မှ လူရည်ချွန်ဟု သတ်မှတ်နေကြသည့် ပညာရေးစနစ်ကို ပျင်းရကောင်းမှန်း ယနေ့တိုင် မသိသော ပညာရေးစနစ် ဖြစ်နေသည်။ 

နှစ်စဉ် ပညာရေးကို မပြီးဆုံးမီ အထက်တန်းကျောင်းမှ ကျောခိုင်းသွားသူပေါင်း ၇,၂၀၀ ခန့်ရှိနေသည်။ တစ်ကမ္ဘာလုံးအနေနှင့်ကြည့်လျှင် နှစ်စဉ် ပညာရေးအဟောသိကံဖြစ်မှုပေါင်း ၁ ဒသမ ၃ သန်း ခန့်ရှိနေသည်။ အထက်တန်းအဆင့် လေးနှစ်ခန့် ထပ်တက်ရမည့် ပညာရေးကို ၆၉ ရာခိုင်နှုန်းခန့် စွန့်ခွာနေကြသည့် သဘောလည်းဖြစ်သည်။ သူတို့ဘာကြောင့် ကျောင်းထွက်သနည်းဟု လိုက်လံစူးစမ်းကြည့်ရာတွင် ၅၀ ရာခိုင်နှုန်းက “ပျင်းလို့ဟူ၍ ဆင်ခြေပေးကြသည်။ 

အနာဂတ်ပညာရေးကို မျှော်ကြည့်ခြင်း

စက်ရုပ်များ၊ ကွန်ပျူတာစနစ်များက လူသားအတိုင်း လုပ်ဆောင်နိုင်စွမ်းရှိသောခေတ်ကို ရောက်လာပြီဖြစ်သည်။ AI (Artificial Intelligence) ဆိုသည့် လူသားအတိုင်း တွေးခေါ်စဉ်းစားလုပ်ဆောင်နိုင်သည့် စက်ပစ္စည်းများကို နေရာတိုင်းတွင် ဝင်ရောက်စပြုနေပြီ။ အလိုအလျောက် မောင်းနှင်နိုင်သော ယာဉ်များကို တီထွင်နေကြသည်။ လူမပါဘဲ ကွန်ပျူတာဖြင့် ထိန်းချုပ်မောင်းနှင်နိုင်သော ယာဉ်များ၊ စက်များကို လူ့ဘောင်လောကထဲသို့ အပြိုင်ထည့်သွင်းနေကြသည်။ ပညာရေးလောကသို့လည်း လူသားထက်ပိုကဲသော စွမ်းဆောင်ရှင် စက်များဝင်မလာဟု မည်သူမှ မပြောနိုင်သည့် အနေအထားကို ရောက်လာသည်။ 

လက်ဖြင့်လုပ်သည့်ခေတ်မှသည် စိတ်ဖြင့်ခိုင်းစေသည့်ခေတ်ကို မြှင့်တင်ရန် ကြိုးစားနေကြကြောင်း သိထားသင့်ပါသည်။ အနာဂတ်ပညာရေးတွင် ဘာတွေကို သတိထားပြီး သင်ကြားကြရမည်နည်း

(၁) စိတ်အားထက်သန်စေရန်

ကလေးတိုင်းကို ဆရာဝန်ဖြစ်ရန် စစ်ဗိုလ်ကြီးဖြစ်ရန် လေ့ကျင့်ပေးနေကြသည်။ သားလေးကြီးရင် ဘာလုပ်မယ်ဆိုသည့် အမေးကို ကျောင်းဆရာလုပ်မယ်၊ ပန်းချီဆရာလုပ်မယ်ဆိုလျှင် ကြိုက်ချင်မည် မဟုတ်သည့် မိဘများ စိတ်ဓာတ်ကို စပြင်ရမည်။ အနာဂတ်တွင် ကိုယ်ဖြစ်ချင်သည့်အတိုင်းကလေးကို ဖြစ်အောင်လုပ်မှာလား၊ ကလေးဖြစ်ချင်သည့်အတိုင်း ပံ့ပိုးပေးမည်လား ဆုံးဖြတ်စဉ်းစားကြရပေလိမ့်မည်။

မူလတန်းအရွယ်ကတည်းက ကလေးသည် ဘာလုပ်ချင်သည်၊ ဘာဖြစ်ချင်နေသည်ဆိုခြင်းကို လေ့လာအကဲခတ်ပြီး စနစ်တကျ မှတ်တမ်းများဖြင့် ပြုစုပျိုးထောင်ပေးနိုင်မှုများလိုအပ်သည်။ သူတို့စိတ်အားထက်သန်သည့်အတိုင်း သင်ယူချင်သည်ကို သင်ပေးနိုင်ရန် ပြင်ဆင်သင့်ပြီ။ ကားမောင်းချင်သည်၊ လေယာဉ်ပျံ မောင်းချင်သည်၊ အာကာသယာဉ်မောင်းချင်သည် စသည်ဖြင့် စိတ်ကူးယဉ်နေကြသည့် ကလေးတွေကို ထိုယာဉ်များပေါ် တင်ပေးနိုင်မည့် ပညာရေးစနစ်မျိုး လိုအပ်နေသည်။ နည်းပညာခေတ်တွင် မဖြစ်နိုင်တာ ဘာမှမရှိကြောင်းကိုလည်း သိထားစေချင်ပါသည်။ 

(၂) ဖိုးစပ်စု ဒေါ်စပ်စုလေးများ ဖြစ်လာစေရန်

ကလေးတိုင်း ပင်ကိုဗီဇက စပ်စုတတ်သည်။ စပ်စုလိုစိတ်များသည် မိဘများကြောင့်လည်းကောင်း၊ ဆရာများကြောင့်လည်းကောင်း ပျောက်သွားသည်။ မိဘများ၊ ဆရာများ၏ “ဟဲ့” ဆိုသော စကားတစ်လုံးတည်းက ကလေးများကို နှုတ်ဆွံ့အသွားစေနိုင်သည်။ 

မိဘတွေ၊ ဆရာတွေ၏ ဖြေရှင်းမပြနိုင်စွမ်းကို Google ကဲ့သို့သော အင်တာနက်ရှာဖွေရေးလိုင်းက ဖြေရှင်းပေးနေပြီဖြစ်ကြောင်း သိထားစေလိုသည်။ သူတို့သိချင်၊ ကြည့်ချင်၊ နားလည်ချင်၊ စူးစမ်းချင်သည်များကို အင်တာနက်ပေါ်တွင် ကြိုက်သလိုရှာဖွေနိုင်ကြပြီဖြစ်သည်။ ထို့ကြောင့် ပညာရေးတွင် အသိပညာနှင့် သတင်းအချက်အလက်များကို ပိတ်ဆို့တားဆီးနိုင်သည့်ခေတ်မဟုတ်တော့ကြောင်းကိုလည်း သိထားစေချင်ပါသည်။

ကလေးများသည် သူတို့သိချင်စိတ်ကို ဖြန့်ထုတ်ကြမည်သာဖြစ်သည်။ ခေတ်ကလည်း သူတို့သိချင်သမျှကို အထောက်အပံ့ပေးနိုင်သော နည်းပညာပစ္စည်းများ အလွယ်အသင့် ရနိုင်သည့်ခေတ်ဖြစ်လာသည်။ သူတို့ စပ်စုလိုစိတ်များကို ပိတ်ထားလည်း သူတို့ ဖောက်ထွက်စပ်စုကြမည်သာဖြစ်သည်။ မိဘနှင့် ဆရာများ ပိတ်ထားမည်လော၊ ဖွင့်ပေးပြီး ထိန်းကျောင်းမည်လော စဉ်းစားရတော့မည်။

(၃) စိတ်ကူးယဉ်ခွင့်ပေးရမည်

ခေတ်က စွန့်ဦးလုပ်ငန်းရှင်လေးများ (Entre- preneurs) ကို မွေးထုတ်ပေးရမည့် ခေတ်ဖြစ်လာသည်။ စွန့်ဦးလေးများ ပေါ်ထွက်လာရန်ဆိုသည်မှာ ဘောင်ထဲထည့်ပြီး အခန်းထဲထည့်ကာ သော့ပိတ်ထား၍မရနိုင်တော့ပါ။ သူတို့အတွက် စိတ်ကူးယဉ်ခွင့်ပေးရမည်။ တီထွင်ဖန်တီးခွင့်ပေးရမည်။ သူတို့ကို ဘာမှမရှိသည့် အခန်းထဲ ပိတ်လှောင်ထားခြင်းထက် လုပ်ငန်းခွင်များ၊ ပစ္စည်းများ၊ လက်နက် (tools) များ ဝန်းရံနေသည့် ကုန်ကြမ်းပစ္စည်းများကြားထဲတွင်ထားကာ တီထွင်ဖော်ဆောင်လုပ်ပိုင်ခွင့်များကို ပေးထားရမည်။ လွတ်လပ်သည့် စိတ်ကူးမှသည် ဆန်းသစ်သည့် ဖော်ထုတ်မှုများကို ပေါ်ထွက်စေနိုင်သည်။ စာအုပ်တွေကြားထဲ ပိတ်ထားလျှင် စက္ကူလေယာဉ်ပျံလောက်သာ ထုတ်ဖော်နိုင်မည်။

(၄) ကြောင်းကျိုးဆင်ခြင် တွေးမြင်နိုင်စွမ်းရှိရမည်

အနာဂတ်ပညာရေးအတွက် ကလေးများကို အလေးထားသင်ကြားပေးရမည်မှာ ကြောင်းကျိုးဆင်ခြင်တွေးခေါ်မြော်မြင်နိုင်စွမ်းရှိရန်ဖြစ်သည်။ ယင်းကို Critical Thinking အဖြစ် ဖော်ဆောင်ကာ လေ့ကျင့်သင်ကြားနေကြပြီဖြစ်သည်။ လက်ရှိခေတ် အနေအထားက သတင်းအချက်အလက်များ ပျံ့နှံ့ရန် အလွန်လွယ်ကူသည်။ ဆိုရှယ်မီဒီယာပေါ်တွင် သတင်းအချက်အလက်တွေက စက္ကန့်ပိုင်းတိုင်း တစ်ခုပြီး တစ်ခုတက်နေသည်။ ထိုသတင်းအချက်အလက်များကို မှန်ကန်မှု ရှိ၊ မရှိ ဝေဖန်ဆန်းစစ်နိုင်စွမ်းရှိရန်လိုသည်။ 

အခြေအမြစ်မရှိသော သတင်းများ၊ ကောလာဟလသတင်းတွေကို ကိုယ်ပိုင်ဆန်းစစ်ဉာဏ်ဖြင့်သာ တားဆီးကာကွယ်နိုင်ပါလိမ့်မည်။ ပြောတိုင်းယုံသည့် လူတန်းစားဆိုသည်မှာ ပြောတိုင်းယုံခိုင်းတတ်သည့် စာသင်ခန်းထဲကစပါသည်။ မည်သူမဆို လူကြီးပြောလျှင်၊ ဆရာပြောလျှင် အမှန်တွေချည်းသာဖြစ်ကြောင်း လေ့ကျင့်ပျိုးထောင်ပေးခြင်းခံရသည့် လူ့ဘောင်က ငတုံး၊ ငအလေးတွေ ပြောတိုင်းယုံလေးတွေကိုသာ မွေးထုတ်ပေးပါလိမ့်မည်။ ထို့ကြောင့် ကျောင်းများတွင် Critical Thinking တို့ကို လေ့ကျင့်ပျိုးထောင်ပေးရန် လိုအပ်လာသည်။

(၅) ကြံ့ခိုင်သူများ ဇွဲကောင်းသူများ မွေးထုတ်ပေးနိုင်ရမည်

အနာဂတ်တွင် လူပျော့၊ လူညံ့များအတွက် နေရာမရှိပါ။ စိတ်ဓာတ်ကြံ့ခိုင်ပြီး အရာရာကို သတ္တိရှိရှိ ရင်ဆိုင်ပြောဆို ဖြေရှင်းပေးနိုင်မည့်သူများကို ကျောင်းများတွင် အခြေခံကာ ပြုစုပျိုးထောင်ပေးလိုက်သင့်ပါသည်။ ကြောက်သလို၊ ရွံ့သလို၊ နှုတ်ဆွံ့နေသူများကို လက်ဦးဆရာများက ပုံစံသွင်းပေးလိုက်ပါသည်။

အိမ်တွင် မပြောရဲ၊ မဆိုရဲ၊ ကျောင်းများတွင် မပြောရ၊ မဆိုရသော ကလေးများနှင့် သတ္တိရှိရှိ လောကကို ရင်ဆိုင်နိုင်သူများ မမွေးထုတ်နိုင်ပါ။ ကလေးများ၏ အနာဂတ်ကို အောင်မြင်စေလိုလျှင် စိတ်ဓာတ်ကြံ့ခိုင်ပြီး ဇွဲရှိသူများဖြစ်ရန် လေ့ကျင့်ပျိုးထောင်ပေးရမည်။ စိတ်ဓာတ်၊ စည်းကမ်း၊ ပညာဆိုသည်မှာ ကြွေးကြော်နေရန် သက်သက်မဟုတ်ပါ။

E-01