ယေးလ်တက္ကသိုလ်၏ သက်တမ်းရင့်သတင်းစာကြီးတစ်စောင်ဖြစ်သည်။ ၁၈၇၈ ခုနှစ် ဇန်နဝါရီလ ၂၈ ရက်နေ့ကတည်းက စတင်ထုတ်ဝေခဲ့သည်။ သတင်းစာကို တနင်္လာနေ့မှ သောကြာနေ့အထိ ထုတ်ဝေသည်။ ကျောင်းစာသင်နှစ်ဖွင့်ချိန်ကာလတစ်လျှောက်လုံး ထုတ်ဝေသည်။ ယေးလ်တက္ကသိုလ်၊ နယူးဟာဗင်၊ ကွန်တက်တီးကပ်မြို့များတွင် ဖြန့်ချိလျက်ရှိသည်။


The Yale Daily News, Yale University

ယေးလ်တက္ကသိုလ်၏ သက်တမ်းရင့်သတင်းစာကြီးတစ်စောင်ဖြစ်သည်။ ၁၈၇၈ ခုနှစ် ဇန်နဝါရီလ ၂၈ ရက်နေ့ကတည်းက စတင်ထုတ်ဝေခဲ့သည်။ သတင်းစာကို တနင်္လာနေ့မှ သောကြာနေ့အထိ ထုတ်ဝေသည်။ ကျောင်းစာသင်နှစ်ဖွင့်ချိန်ကာလတစ်လျှောက်လုံး ထုတ်ဝေသည်။ ယေးလ်တက္ကသိုလ်၊ နယူးဟာဗင်၊ ကွန်တက်တီးကပ်မြို့များတွင် ဖြန့်ချိလျက်ရှိသည်။ 

သတင်းစာကို နေ့စဉ်ထုတ်အပြင် တစ်ပတ်တစ်ကြိမ် အထူးထုတ်အဖြစ် WEEKEND ကိုလည်း ထုတ်ဝေသည်။ သောကြာနေ့တွင် အချပ်ပိုအဖြစ်ပါပြီး အထူးထုတ်ထဲတွင် ဆောင်းပါးများ၊ ဝေဖန်ဆန်းစစ်ချက်များ၊ အနုပညာနှင့် ယဉ်ကျေးမှုဆိုင်ရာ ဆောင်းပါးကောင်းများကို ထည့်သွင်းဖော်ပြပေးတတ်သည်။ 

တနင်္လာနေ့တွင် အားကစားအထူးကဏ္ဍပါသည်။ အချပ်ပိုတွင် အားကစားအကြောင်းများကို အထူး ရေးသား ဖော်ပြတတ်သည်။ နှစ်တိုင်းလည်း အထူးထုတ်များကို စီစဉ်ထုတ်ဝေတတ်သည်။ ဥပမာ-မိဘများ၏အမြင်၊ အားကစားအထူးထုတ်၊ မောင်မယ်သစ်လွင် အထူးထုတ်၊ ဘွဲ့နှင်းသဘင်အထူးစသည်ဖြင့်လည်း ထုတ်ဝေတတ်သည်။

သတင်းစာထုတ်ဝေရာတွင် စေတနာ့ဝန်ထမ်းဝါသနာပါသည့် ကျောင်းသားများနှင့် ပူးပေါင်းထုတ်ဝေကြခြင်း ဖြစ်သည်။ လက်ရှိကျောင်းတက်နေဆဲ သတင်းစာပညာကို လေ့လာလိုသူများ၊ စိတ်ဝင်စားသူများ ပူးပေါင်းစီစဉ်ကြသည်။ သတင်းထောက်များကလည်း ကျောင်းသားလူသစ်များဖြစ်ကြသည်။ သို့သော် အယ်ဒီတာဘုတ်အဖွဲ့ကိုမူ သီးခြားစီနီယာကျောင်းသားကြီးများနှင့် ဖွဲ့စည်းပြီးတည်းဖြတ်ခြင်း၊ အကြံပြုခြင်း၊ စီစဉ်ထည့်သွင်းခြင်းများကို လုပ်ဆောင်ကြသည်။

The Yale Daily News သတင်းစာကို ကုမ္ပဏီလုပ်ငန်းတစ်ခုအနေနှင့် သီးခြားဖွဲ့စည်းထားပြီး ထုတ်ဝေသည်။ အယ်ဒီတာချုပ်နှင့် ထုတ်ဝေသူတို့က ကုမ္ပဏီကိုဦးဆောင်သည်။ သတင်းစာအပြင် Yale Daily News Magazine နှင့် Insider’s Guide to the Colleges တို့ကိုလည်း ထုတ်ဝေလျက်ရှိသည်။ တက္ကသိုလ်သတင်းအဖွဲ့၏ လုပ်ဆောင်ချက်များကို http://www.yaledailynews.com/ တွင် သွားရောက်ကြည့်ရှုနိုင်ပါသည်။



The Daily Bruin, University of California, Los Angeles (UCLA)

ကောလိပ်သတင်းစာများထဲတွင် ထင်ရှားသည့် သတင်းစာတစ်စောင်အဖြစ် ရပ်တည်လျက်ရှိသည်။ Bruin သတင်းစာဟု အသိများသည်။ တနင်္လာနေ့မှ သောကြာနေ့အထိ ထုတ်ဝေသည်။ ကျောင်းဖွင့်ရာသီအတွင်း ထုတ်ဝေခြင်းဖြစ်သည်။ ကျောင်းပိတ်ခါနီး စာမေးပွဲများရှိချိန်တွင် တစ်ပတ်နှစ်ကြိမ်ထုတ်သည်။ နွေရာသီကျောင်းပိတ်ထားချိန်များတွင်လည်း တစ်ပတ်တစ်ကြိမ်လောက် ထုတ်တတ်သည်။ Bruin သတင်းစာမှ ဝန်ထမ်းများကပင် ဦးစီးပြီး Prime ဆိုသည့် သုံးလတစ်ကြိမ် မဂ္ဂဇင်းကို ထုတ်ဝေသည်။ Lifestyle မဂ္ဂဇင်းပုံစံမျိုး ဖြစ်သည်။ 

Daily Bruin သတင်းစာကို တက္ကသိုလ် ASUCLA Communications Board ဘုတ်အဖွဲ့က ကြီးကြပ်ကွပ်ကဲသည်။ သတင်းစာ၏ မူဝါဒပိုင်းဆိုင်ရာသဘော တရားများကို ချမှတ်ပေးသည်။ ကောလိပ်အတွင်း အခြားဆက်သွယ်ရေးဆိုင်ရာ မီဒီယာများ၏ လုပ်ဆောင်ရမည့် သို့မဟုတ် လိုက်နာရမည့် စည်းမျဉ်းများကိုလည်း ဘုတ်အဖွဲ့ကပင် ထိန်းချုပ်ပေးထားသည်။ 

Daily Bruin အယ်ဒီတာအဖွဲ့ကို အဖွဲ့ ၁၃ ဖွဲ့ ခွဲထားသည်။ သတင်း၊ အားကစား၊ အနုပညာနှင့် ဖျော်ဖြေရေး၊ စာပေ၊ အတွေးအမြင်၊ ရေဒီယိုသတင်း၊ ဂရပ်ဖစ်သတင်း၊ ဘလော့ဂ်၊ အွန်လိုင်း၊ ဗီဒီယို၊ ကာတွန်း၊ သရုပ်ဖော်၊ ဒီဇိုင်းစသည်ဖြင့် ကဏ္ဍအလိုက်တာဝန်ယူ လုပ်ဆောင်ကြသည်။ သတင်းအဖွဲ့၏ လုပ်ဆောင်ချက်များကို http://dailybruin.com/ တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။



The Wagnerian, Wagner College

The Wagnerian သတင်းစာကို နှစ်ပတ်တစ်ကြိမ်သာ ထုတ်သည်။ စာသင်နှစ် တစ်နှစ်တွင် ၆ စောင်ခန့်သာထုတ်ခြင်းဖြစ်သည်။ သတင်းစာ ၆ စောင် အပြင် “ကောလိပ်လမ်းညွှန်” စာစောင်ကိုလည်း ထုတ်ဝေသည်။ ထို့ပြင် ဘွဲ့နှင်းသဘင်အခမ်းအနားများအတွက်လည်း မေလရောက်တိုင်း အထူးထုတ်အဖြစ် စာအုပ်ထုတ်လေ့ရှိသည်။

The Wagnerian သတင်းစာကို ကျောင်းသားများအတွက် အဓိကထုတ်ဝေခြင်းဖြစ်သည်။ သတင်းစာအဖွဲ့၏ ဦးတည်ချက်ကလည်း သတင်းပေးရန်၊ နားထောင်ရန်၊ ဖျော်ဖြေပေးရန်၊ စိတ်ကူးအကြံဉာဏ်များကို လွတ်လပ်စွာ ဖလှယ်ရန်ဆိုသည့်မူအရ လုပ်ဆောင်နေကြခြင်းဖြစ်သည်။ သတင်းစာက ကျောင်းသား ကျောင်းသူများ၏ ဆုံးဖြတ်ပိုင်ခွင့်နှင့် လွတ်လပ်စွာ ထုတ်ဖော်ပိုင်ခွင့်များကို အလေးထားပြီး ရေးသားထားမှုများကို အလေးပေးဖော်ပြသည်။ 

သို့သော် သတင်းနှင့် ထင်မြင်ယူဆချက်များရေးရာတွင် လွတ်လပ်မှုနှင့် မျှတမှုရှိသော အရေးအသား၊ တိကျမှန်ကန်ခြင်းတို့ကို အလေးထားပြီး ဖော်ပြပေးလေ့ရှိသည်။ မိမိတို့ကျောင်းနှင့် ပတ်သက်သမျှသော အကြောင်းအရာများကို စုံလင်တိကျစွာ ဖော်ထုတ်တင်ပြပေးလေ့ရှိသည်။

The Wagnerian သတင်းစာတွင် ကဏ္ဍငါးခု ပါဝင်သည်။ တက္ကသိုလ်ကျောင်းဝင်းအတွင်း သတင်းများ၊ အတွေးအမြင်၊ ဘဝနှင့်လူနေမှုစတိုင်၊ အနုပညာနှင့် ဖျော်ဖြေရေး၊ အားကစားကဏ္ဍများ ဖြစ်သည်။ နောက်ကျောဖုံးတွင် ဆန်းပြားသည့် ဒီဇိုင်းအလှများကို ထုတ်ဖော်ပြတတ်သည်။ ထိုကဏ္ဍကို “ဘဝ၏အပိုင်းအစများ” ဟု အမည်ပေးထားသည်။ ထိုသတင်းစာအကြောင်းကို http://wagner.edu/english/the-wagnerian/ တွင် ကြည့်ရှုနိုင်ပါသည်။



The Daily Pennsylvanian, University of Pennsylvania

The Daily Pennsylvanian သတင်းစာသည် လွတ်လပ်သော ကျောင်းသားသတင်းစာတစ်စောင်ဖြစ်သည်။ ကျောင်းစာသင်နှစ်အတွင်း နံနက်တိုင်း ထုတ်ဝေသည်။ စာသင်နှစ်တစ်နှစ်အတွက် အတွဲ ၁၆၆ အထိ ထုတ်ဝေကြောင်းသိရသည်။ သတင်းစာကို ကျောင်းသားများ၊ ဆရာများနှင့် ဝန်ထမ်းများက ဦးစီးထုတ်ဝေကြသည်။ ကျောင်းအတွင်းနှင့် မြို့တွင်းသတင်းများ၊ အားကစားသတင်းများကို အဓိကရေးသားကြသည်။ သတင်းစာကို ထူထောင်ထားရခြင်း အကြောင်းရင်းတစ်ခုတွင် ကျောင်းသား ကျောင်းသူများကို သတင်းစာပညာ လေ့ကျင့်သင်ကြားပေးလိုခြင်းကြောင့်ဖြစ်သည်။

The Daily Pennsylvanian သတင်းစာကို ၁၈၈၅ ခုနှစ်ကတည်းက ထုတ်ဝေခဲ့သည်။ The Penn- sylvanian အမည်ဖြင့် ယခင်ကထုတ်ဝေခဲ့ပြီး အမေရိက၏ ထိပ်တန်းကောလိပ်သတင်းစာတစ်စောင် ဖြစ်ခဲ့သည်။ ၁၈၉၄ ခုနှစ်ကစတင်ပြီး နေ့စဉ်ထုတ်ဝေခဲ့ကာ ၁၉၄၃ မှ ၁၉၄၅ ခုနှစ်အတွင်း ဒုတိယကမ္ဘာစစ်ဖြစ်ချိန်တွင် ခေတ္တရပ်နားခဲ့သည်။

၁၉၆၂ ခုနှစ်တွင် The Daily Pennsylvanian သတင်းစာကို လွတ်လပ်သောသတင်းစာတစ်စောင်အဖြစ် စတင်ထုတ်ဝေခဲ့သည်။ တက္ကသိုလ်၏ အမျိုးသမီးသတင်းစာအဖြစ် Pennsylvanian News ကိုလည်း ထုတ်ဝေသေးသည်။ ၁၉၈၄ ခုနှစ်တွင် The Daily Pennsylvanian သတင်းစာကို ပင်ဆယ်ဗေးနီးယားတက္ကသိုလ်၏ အယ်ဒီတာနှင့် ငွေကြေးအဖွဲ့က ပြန်လည်ထိန်းချုပ်ပြီး ထုတ်ဝေခဲ့သည်။ သတင်းစာကို အွန်လိုင်းပေါ်တွင် http://www.thedp.com/ ကတစ်ဆင့်လည်း လေ့လာနိုင်သည်။

E-01