ယခုနှစ်တွင် စတင်ပြောင်းလဲလိုက်သော အခြေခံပညာဦးစီးဌာနအောက်ရှိ ကျောင်း၊ ရုံးဝန်ထမ်းများ၏ ရာထူးတိုးမူဝါဒအပေါ် ရုံးဝန်ထမ်းများ ဝေဖန်အကြံပြုချက်များကိုစုစည်း၍ ဆရာများရင်ဖွင့်သံကဏ္ဍအဖြစ် ဖော်ပြလိုက်ပါသည်။
ယခုနှစ်တွင် စတင်ပြောင်းလဲလိုက်သော အခြေခံပညာဦးစီးဌာနအောက်ရှိ ကျောင်း၊ ရုံးဝန်ထမ်းများ၏ ရာထူးတိုးမူဝါဒအပေါ် ရုံးဝန်ထမ်းများ ဝေဖန်အကြံပြုချက်များကိုစုစည်း၍ ဆရာများရင်ဖွင့်သံကဏ္ဍအဖြစ် ဖော်ပြလိုက်ပါသည်။



“ကျွန်တော်တို့ ခွဲခြားဆက်ဆံတာလည်း ခံရတယ်”

ဦးငြိမ်းချမ်းစိုး (အထွေထွေလုပ်သား၊ အမက (လွန်)၊ ကျောက်ကုန်း၊ ယင်းမာပင်မြို့နယ်)

ကျွန်တော်က ၂၀၁၄ ကတည်းက အထွေထွေလုပ်သားအဖြစ် နေ့စား၊ လပေးနဲ့စပြီး ဝင်ခဲ့တာပါ။ စဝင်တုန်းက ထွေလုပ်သားကနေ မူလတန်းပြရာထူးရဖို့ ဝင်ခဲ့တာပါ။ ၂၀၁၇ ဒီဇင်ဘာလတုန်းကလည် မူပြရာထူးလျှောက်ဖို့ တစ်ခါခေါ်ခဲ့တယ်။ လျှောက်လည်း လျှောက်တယ်။ အဲဒါပြီးတော့ ရာထူးစုံခေါ်တဲ့အခါမှာ ထွေလုပ်သားတွေလျှောက်ပါပြောလို့ ထပ်လျှောက်တယ်။ အဲဒီနောက် ကျောင်းပိတ်ရက်တွေမှာ သင်ရိုးသစ်သင်တန်းတက်ခဲ့ကြတယ်။ ရာထူးစုံအတိုးထွက်တဲ့အခါမှာ ကျွန်တော်တို့ပါမယ်လို့ ထင်ခဲ့ကြတယ်။ ဒါပေမဲ့ ရာထူးတိုးထွက်မပေးဘဲ အခုကျမှ ကျွန်တော်တို့ကို ရာထူးတိုးချင်ရင် စာရေး (၁) ပဲလျှောက်ရမယ်။ စာမေးပွဲဖြေရမယ်ဆိုပြီးဖြစ်လာတယ်။ ကျွန်တော်တို့က ဘွဲ့မရခင် အလုပ်စဝင်ကတည်းက စာရေး (၁) ဖြေလို့ရတယ်။ အခုဘွဲ့ရပြီးတော့လည်း စာရေး (၁) ကိုရဖို့ စာမေးပွဲပြန်ဖြေရမယ်ဆိုတော့ ကျွန်တော်တို့ လိုချင်ခဲ့တာက အထွေထွေလုပ်သားကနေ မူပြရာထူးတိုးတာမျိုးလိုချင်တာ။ ကျွန်တော်တို့ကို စပြီးအလုပ်ခေါ်တုန်းကလည်း မစယ (မူလတန်းဆရာအတတ် စာပေးစာယူသင်တန်း)တက်ခွင့်ပြုမယ်ဆိုလို့ ဒီအလုပ်ကိုလုပ်ခဲ့ကြတာပါ။ အခုကျမှ စာရေး (၁) ပဲလျှောက်ခွင့်ရမယ်လို့ဖြစ်သွားတာ။ ကျွန်တော်တို့က ဒီရာထူး (စာရေး) ကို လိုချင်ရင် အစကတည်းကလျှောက်မှာပေါ့။ ဒါကြောင့် ဒီရေးဖြေစာမေးပွဲကိုလည်း ဖြေမှာမဟုတ်ဘူး။ ကျွန်တော်တို့အမြင်ပြောရရင် မကျေနပ်နိုင်ဘူး။ ကျွန်တော်တို့တစ်နိုင်ငံလုံးမှာရှိတဲ့ အောက်ခြေဝန်ထမ်းတွေရဲ့ သဘောထားကို မျက်ကွယ်ပြုလိုက်တယ်။ မူပြောင်းတယ်ဆိုတာကို ကျွန်တော်တို့ကို ဘာမှချမပြဘူး။ ကျွန်တော်တို့အသံတွေကို ဘာမှ နားမထောင်ဘဲလုပ်လိုက်တယ်။ တချို့ဆိုရင် အလုပ်ထွက်တောင်ထွက်ကြတယ်။ ဒါတွေကမမျှတဘူးလို့ထင်တယ်။ 

ဒီမိုကရေစီကျင့်သုံးနေတဲ့အစိုးရဖြစ်ပြီးတော့ ကျွန်တော်တို့ရဲ့ဆန္ဒတွေကို မျက်ကွယ်ပြုတယ်ဆိုတာကတော့ မဖြစ်သင့်ဘူး။ သူတို့ပါးစပ်ကနေပဲ မူဘောင်ကို အမျိုးမျိုးပြောင်းတယ်။ ကျွန်တော်တို့ကို ချမပြဘူး။ အရင်ကအာဏာရှင်ခေတ်အတိုင်း ဖြစ်နေတယ်။ ကျွန်တော်တို့မှာက အခက်အခဲတွေအများကြီး ကြုံခဲ့ရတယ်။ သင်ကြားရေးဝန်ထမ်းတွေက ကျောင်းဝတ်စုံတွေရတယ်။ ကျွန်တော်တို့ကျ မပါဘူး။ သက်ကယ်အင်္ကျီတွေဆိုရင်လည်း ကျွန်တော်တို့က အောက်ခြေဝန်ထမ်းတွေမို့ မပေးဘူးပြောတယ်။ ကျွန်တော်တို့ ခွဲခြားဆက်ဆံတာလည်း ခံရတယ်။ ကျွန်တော်တို့က ထွေလုပ်သားပေမယ့် စဝင်ကတည်းက စာသင်ခဲ့ရတယ်။ ရုံးတွေကလည်း သင်ကြားရေးကိုတွဲပေးကြပါလို့ ညွှန်ကြားတဲ့အတွက် စာသင်ခဲ့တယ်။ တချို့ဆို တာဝန်ခံကျောင်းအုပ်လုပ်ရတယ်။ ကလေးတွေနဲ့လည်း သံယောဇဉ်ဖြစ်နေပြီ။ စာသင်ရတဲ့အလုပ်ကိုလည်း ဝါသနာပါတယ်။ အစိုးရကခေါ်တဲ့  KG၊ G-1၊ G-2  သင်တန်းတွေလည်း တက်ခဲ့ပြီးပြီ။ ဒါမျိုးတွေလုပ်ပြီးမှ သင်ကြားရေးမှာပဲ ဆက်လုပ်ချင်တယ်။ ဒီသင်တန်းတွေတက်ပြီးလို့မှ မပြည့်စုံရင် မစယပဲဖြစ်ဖြစ် မစယလိုအလားတူသင်တန်းပဲဖြစ်ဖြစ် တက်ခိုင်းပြီး မူပြရာထူးတိုးပေးစေချင်တယ်။ သူတို့ပြောတဲ့ PPTT သင်တန်းဝင်ခွင့်ဖြေဖို့ဆိုတာလည်း အလုပ်တစ်ဖက်နဲ့မဖြစ်နိုင်ဘူး။ လက်တွေ့မှာက အခြေခံပညာကလေးတွေကို စာသင်နေရတယ်။ 

အဆင့်မြင့်ပညာဖြစ်တဲ့ PPTT ဝင်ဖြေဖို့ဆိုတာ အခက်အခဲတွေအများကြီးရှိတယ်။ စာရေးရာထူးအတွက်ကို လျှောက်ဆိုတော့ လျှောက်ခဲ့ကြပေမယ့် စာမေးပွဲကိုမဖြေတော့ဘူးလို့ဆုံးဖြတ်ထားတယ်။ မစယ သင်တန်းတက်ခွင့်ရပြီး မူလတန်းပြရာထူးရဖို့ ဆက်လှုပ်ရှားမယ်။ ကျွန်တော်တို့လို အောက်ခြေဝန်ထမ်းတွေအနေနဲ့ ဒီသင်ကြားရေးဘက်ဖြစ်တဲ့ မူလတန်းပြကို လျှောက်ခွင့်မရှိဘူးလို့သိရတဲ့အချိန်မှာ လုပ်ဖော်ကိုင်ဖက်တွေအားလုံးက စိတ်မပျော်ကြဘူး။ အခုရာထူးတိုးကိစ္စပြောင်းတာလည်း ကျွန်တော်တို့ကို တရားဝင်အကြောင်းကြားတာမရှိဘူး။ မေးမှသိရတာ။ ကျွန်တော်တို့ကျောင်းအုပ်ကလည်း ၁၃ ရက်နေ့ ရာထူးတိုးစာမေးပွဲဖြေရမယ်လို့ပဲ တစ်ခွန်းတည်းပြောတယ်။ ကျွန်တော်တို့အတွက် နစ်နာမှုတွေအများကြီးပဲ။ ဘွဲ့လေးရရင် မစယ တက်ရမယ်ဆိုပြီး တချို့ဆရာတွေဆို မိန်းမတွေနဲ့ကလေးတွေကိုထားပြီး မလောက်ငှတဲ့လစာလေးနဲ့ အဝေးသင်ဘွဲ့ကို ရအောင်ယူခဲ့ကြတယ်။ မူလတန်းပြလျှောက်မယ်လည်းဆိုမှ မူပြောင်းလိုက်တယ်။ တချို့ဆိုလည်း အသက် ၃၅ နှစ် ကျော်သွားတာလည်းရှိတယ်။ ကျွန်တော်တို့ကို တိကျတဲ့မူထွက်မပေးဘူး။ သူတို့သာအရင်ကတည်းက ချပြခဲ့ရင် PPTT ဝင်ဖြေခဲ့မှာပေါ့။ ဒါကြောင့် မူတစ်ခုပြောင်းမယ်ဆိုရင် အောက်ခြေအထိချပြပေးပါ။ အောက်ခြေရဲ့ အသံကိုနားထောင်ပေးပါလို့ တောင်းဆိုချင်တယ်။

“ကျွန်တော်တို့နစ်နာဆုံးရှုံးခဲ့တာအများကြီးပဲ”

ဦးကျော်မင်းထွန်း (အထွေထွေလုပ်သား၊ အလက (ခွဲ)၊ ဒုံမေးခိုး၊ ဟိုပုံးမြို့နယ်)

ကျွန်တော်က ပညာရေးဝန်ကြီးဌာနရဲ့ ၂၀၁၃ ခုနှစ်အလုပ်ခေါ်စာအရ အထွေထွေလုပ်သားအဖြစ် ဝင်ခဲ့တာပါ။ အရင်မူအရ ၂ နှစ်ပြည့်ရင် မူလတန်းပြ ရာထူးတိုးမယ်ပေါ့။ ခုကျတော့ မူပြမပေးဘဲနဲ့ စာရေး (၁) ပဲ မေးမယ်ဆိုပြီး စာမေးပွဲဖြေခိုင်းတာပေါ့။ ကျွန်တော်တို့ဝင်ကာစက စာရေး (၁) ဆိုတာ ဆယ်တန်းအောင်နဲ့တင်ရတဲ့ ရာထူးပါ။ ၂၀၁၇ လောက်အထိ ရုံးစာရေးကနေ သင်ကြားရေးကိုပြောင်းတာလည်းရှိတယ်။ အထွေထွေတို့ကနေ မူပြကိုပြောင်းတာ ရှိတယ်။ အထောက်အထားတွေလည်း အများကြီးရှိတယ်။ ကျွန်တော်တို့က သင်ကြားရေးကိုပိုစိတ်ဝင်စားကြတယ်။ ရုံးဝန်ထမ်းဆိုတာက စာရင်းပိုင်းတွေလုပ်ရတယ်။ ကိုယ့်ရဲ့မိဘက ဒေသခံမဟုတ်ဘူးဆိုရင် ကျွန်တော်တို့ရဲ့ဌာနက ရုံးဝန်ထမ်းဆိုရင် ဝန်ထမ်းအိမ်ရာမပေးတဲ့အတွက် ငှားနေရတယ်။ စားစရာ၊ နေစရာအခက်အခဲတွေ အများကြီးရှိတယ်။ အလုပ်စလျှောက်တုန်းက ဆရာအဖြစ်လျှောက်ခဲ့တာ။ တကယ့်အော်ဒါတွေထွက်လာမှ ကျောင်းရဲ့ရုံးဝန်ထမ်းဆိုတာသိခဲ့ရတာ။ အခုလို အထွေထွေလုပ်သားက ဆရာအဖြစ်ရာထူးမရဘူးဆိုရင် လျှောက်ခဲ့မှာမဟုတ်ဘူး။ ကျန်တဲ့ပညာရေးကောလိပ်တွေကို လျှောက်ခဲ့မှာ။ ကျွန်တော်တို့ နစ်နာဆုံးရှုံးခဲ့တာ အများကြီးပဲ။ ကျွန်တော်ဆို လုပ်သက် ၅ နှစ်ပြည့်ပြီ။ အစစအရာရာ အခြားသူတွေရဲ့ နှိမ့်ချဆက်ဆံခြင်းကိုလည်း ခံခဲ့ရတယ်။ ဒီရာထူးအနေအထားအရရော ငွေရေးကြေးရေးအနေအထားအရရော ကျွန်တော်တို့က ထွေလုပ်သားဖြစ်တဲ့အတွက် စာမသင်ရဘူးလားဆိုတော့ မူပြတစ်ယောက်ရဲ့တာဝန်တွေဖြစ်တဲ့ အကုန်လုပ်ဆောင်ရတယ်။ သင်တန်းတွေလည်း တက်ရတယ်။ 

နိုင်ငံတော်ရဲ့ ပြုပြင်ပြောင်းလဲနေတဲ့ ပညာရေးစနစ်ဖြစ်တဲ့ သင်ရိုးသစ်သင်တန်းတွေကိုလည်း စိတ်ပါဝင်စားတက်ခဲ့တယ်။ ဒီသင်တန်းကို မြို့နယ်ပညာရေးမှူးတွေကိုယ်တိုင် တက်ခိုင်းခဲ့တာပါ။ လိုအပ်ချက်အရရောပေါ့။ ဒီကိစ္စအတွက် အခြေခံပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်နဲ့လည်း တွေ့ဆုံပြီး တောင်းဆိုခဲ့တယ်။ ဒါပေမဲ့မရဘူး။ ရာထူးတိုးလိုချင်ရင် စာရေး (၁) လျှောက်လို့ အဖြေပေးတယ်။ ကျွန်တော်တို့ကတော့ အရင်လူတွေနည်းတူ မစယသင်တန်းတက်ပြီး မူပြရာထူးရဖို့တောင်းဆိုတာပေါ့။ အထွေထွေကနေ မူပြရာထူးမှတိုးမပေးချင်ရင် အလုပ်စခေါ်တဲ့အခါ တိကျတဲ့ခေါ်စာနဲ့ ခေါ်ပေးဖို့ တောင်းဆိုချင်တယ်။ ကျွန်တော်တို့လို နစ်နာမှုမဖြစ်ရအောင်ပေါ့။ ကျွန်တော်တို့ကို အလုပ်ခေါ်မယ်ဆိုရင် အထွေထွေလို့ခေါ်ခဲ့ပြီဆိုရင် ဘာမှတိုးမပေးဘူးဆိုတာ တစ်ခါတည်း ထည့်ရေးပြီးမှ ခေါ်ပါလို့ ပြောချင်တယ်။ ကျွန်တော်တို့က PPTT ဖြေဖို့အတွက် ငွေပေးပြီးလိုက်ရတာတွေရှိတယ်။ ကျွန်တော်တို့က ကျောင်းမှာစာသင်နေတာဖြစ်လို့ အပြင်ကလူတွေလို ကျူရှင်တွေလည်းမတက်နိုင်ဘူး။ အချိန်ပေးပြီး စာကျက်ဖို့လည်းမဖြစ်နိုင်ဘူး။ ဒါကြောင့် ကျွန်တော်တို့ အောက်ခြေဝန်ထမ်းအားလုံး မစယတက်ခွင့်ရရေးအတွက်ပဲ ဆက်လက်တောင်းဆိုသွားမယ်။



“အောက်ခြေဆိုရင် အပေါ်ကနေဘာကိုမှမကြည့်ဘဲပြောကြတယ်”

ဦးအောင်ဆန်းထွဋ် (အထွေထွေလုပ်သား၊ အမက၊ ဘဝိုင်း၊ ပန်းတနော်မြို့)

ကျွန်တော်တို့က သင်ကြားရေးဘက်ကိုပဲ ကူးချင်တယ်။ ရုံးဝန်ထမ်းဘက်ကို မရောက်ချင်ဘူး။ ကျွန်တော်တို့ကို အလုပ်စခေါ်တုန်းက ကြေးမုံသတင်းစာမှာ အထွေထွေလုပ်သားလျှောက်မယ့်သူက တက္ကသိုလ်ဝင်တန်းအောင်ဖြစ်ရမယ်။ မစယ (မူလတန်းဆရာ အတတ်စာပေးစာယူသင်တန်း)သင်တန်းတက်ရောက် ရမယ်ဆိုတာလည်း အတိအလင်းပါထားတယ်။ အဲဒီအချက်တွေကြောင့်လည်း ဒီအလုပ်ကိုလုပ်ခဲ့တာ။ ထွေလုပ်သားကနေ မူလတန်းပြရာထူးတိုးကိုလည်း ၂၀၁၆ ခုနှစ်မှာရော ၂၀၁၇ ခုနှစ်မှာရော ခေါ်ခဲ့တယ်။ ကျွန်တော်တို့ ၂ ကြိမ်လုံးလျှောက်ခဲ့တယ်။ ဒါပေမဲ့ ရာထူးတိုးထွက်ပေးခဲ့ခြင်းမရှိဘူး။ နောက်ပိုင်းမှ ထွေလုပ်သားတွေ သင်ကြားရေးဘက်ကို ပြောင်းမပေးဘူး။ ရုံးပိုင်းကိုပဲ ပြောင်းရမယ်လို့ထွက်လာတာ။ ကျွန်တော်တို့က စာရေးပဲကိုလျှောက်လည်း မလျှောက်ဘူး။ ဖြေမှာလည်းမဟုတ်ဘူး။ အခုဆိုရင် ကျွန်တော့်လုပ်သက်က နေ့စားလပေး ၁ နှစ်ကျော်နဲ့ အမြဲတမ်းဝန်ထမ်းအဖြစ် ၄ နှစ်ရှိပြီ။ ကျွန်တော်တို့အပြင်မှာလုပ်မယ်ဆိုရင် ကျွန်တော်တို့ ပညာအရည်အချင်းနဲ့ ထိုက်သင့်တဲ့အလုပ်တစ်ခုရနေပြီ။ အခုကျတော့ ဝန်ထမ်းပိုင်းမှာဆိုရင် အနှိမ်ခံဘဝနဲ့ နေနေရတယ်။ အောက်ခြေဆိုရင် အပေါ်ကနေဘာကိုမှမကြည့်ဘဲပြောကြတယ်။ ဖိနှိပ်မှုတွေရှိတယ်။ စဝင်တုန်းက ဆယ်တန်းအောင်နဲ့ဝင်ခဲ့တာ။ အခုကျွန်တော်တို့ကို ဘွဲ့ရပေမယ့်လည်း တိုးမပေးဘူး။ မူပြောင်းမယ်ဆိုလည်း နိုင်ငံတကာစံနှုန်းနဲ့ညီချင်တယ်ဆိုရင်လည်း ကျောင်းတွေကိုကောင်းအောင်လုပ်ပေးရမှာ။ အခုကကျောင်းတွေကလည်း မမိဘူး။ လစာလည်းမမီဘူး။ 

တချို့ အလယ်တန်းကျောင်းခွဲကနေအလယ်တန်းကျောင်းအဖြစ်တိုးသွားရင် အထွေထွေလုပ်သားကနေ ရာထူးမတိုးတဲ့အပြင် ညစောင့်ဖြစ်သွားတာမျိုးလည်းရှိတယ်။ အများစုက သင်ကြားရေးပဲ ပြောင်းချင်ကြတယ်။ ကိုယ်ကစဝင်ကတည်းက စာသင်ရတယ်။ အနစ်နာလည်းခံလာရတယ်။ နောက်ကလေးတွေကို စာသင်ရင်းနဲ့လည်း ဆရာအလုပ်ကို ဝါသနာပါသွားတယ်။ ပညာတတ်ဘွဲ့ရတစ်ယောက်အနေနဲ့ တခြားအလုပ်တွေလုပ်ရင် အခွင့်အရေးပေးခံရဦးမယ်။ အခုက ပညာရေးဝန်ကြီးဌာနက ကိုယ့်အခွင့်အလမ်းတွေကိုပိတ်ထားတယ်။ မူပြောင်းမယ်ဆိုရင်လည်း စောစောစီးစီးထုတ်ပြန်ပေးရမယ်။ မထုတ်ပြန်ပေးတော့ မူပြရာထူးကို အရင်လူတွေအတိုင်းရမယ်ထင်ပြီး PPTT တွေ ခေါ်တဲ့အချိန်မှာ မလျှောက်ခဲ့ကြဘူး။ ကျွန်တော်တို့ဆိုရင် လုပ်သက်လည်းရနေပြီ။ မဟာဘွဲ့ရတဲ့သူတွေဆိုရင် မူလတန်းဆရာအတတ်သင်လက်မှတ်လည်းမရှိဘူး။ အလယ်တန်းဆရာအတတ်သင်လက်မှတ်လည်းမရှိဘူး။ မရှိဘဲနဲ့ ထက်ပြရာထူးပေးတယ်။ သူတို့လို့ M.A/ M.Sc သမားတွေကို ထက်ပြရာထူးပေးနိုင်ရင် ကျွန်တော်တို့ B.A/ B.Sc ဘွဲ့ရတွေကို မူပြလေးတောင်မပေးနိုင်ဘူးလားလို့ ပြောချင်တယ်။ နောက်ပြီး တစ်ခုခုပြောင်းမယ်ဆိုရင် အောက်ခြေကို အရင်ဆုံးအသိပေးပါလို့ ပြောချင်တယ်။ တကယ်လက်တွေ့လုပ်ဆောင်နေရတာက အောက်ခြေပါ။ အောက်ခြေမခိုင်ဘူးဆိုရင် ပညာရေးမဏ္ဍိုင်ကလည်း ပြောင်းလဲသွားနိုင်ပါတယ်။

မြဇာခြည်သင်း