သူ့နာမည်ကို ဂိမ်းလောကတွင် Faker ဟု သိကြသည်။ မျက်မှန်လေးနှင့် ကျောင်းသားအရွယ် သူ့အမည်မှန်မှာ လီဆန်ဟုပ်ဖြစ်သည်။ သူက League of Legends ဆိုသည့်ဂိမ်းတွင် ကမ္ဘာ့အဆင့်ထိပ်တန်း စာရင်းဝင်ထားသူလည်းဖြစ်သည်။ သူ့ကျော်ကြားမှု သတင်းက နာမည်ကျော်ထိပ်တန်း ဘတ်စကက်ဘော သို့မဟုတ် ဘေ့စ်ဘောသမားတွေနှင့် တန်းတူလောက်ဖြစ်သည်။


သူ့နာမည်ကို ဂိမ်းလောကတွင် Faker ဟု သိကြသည်။ မျက်မှန်လေးနှင့် ကျောင်းသားအရွယ် သူ့အမည်မှန်မှာ လီဆန်ဟုပ်ဖြစ်သည်။ သူက League of Legends ဆိုသည့်ဂိမ်းတွင် ကမ္ဘာ့အဆင့်ထိပ်တန်း စာရင်းဝင်ထားသူလည်းဖြစ်သည်။ သူ့ကျော်ကြားမှု သတင်းက နာမည်ကျော်ထိပ်တန်း ဘတ်စကက်ဘော သို့မဟုတ် ဘေ့စ်ဘောသမားတွေနှင့် တန်းတူလောက်ဖြစ်သည်။

Faker သည် အသက် ၂၂ နှစ်ရှိပြီဖြစ်သည်။ လာမည့်လတွင် ကျင်းပမည့် ဒေသဆိုင်ရာ အိုလံပစ်ဂိမ်းပြိုင်ပွဲတွင် အကြီးကျယ်ဆုံးသော ဂိမ်းသမားဖြစ်လာစရာအကြောင်းရှိသည်။ အာရှဂိမ်းပြိုင်ပွဲကို အင်ဒိုနီးရှားနိုင်ငံတွင် ကျင်းပတော့မည်ဖြစ်သည်။ ပထမဆုံး eSport ပွဲကို ကျင်းပရမည့်ပွဲကြီးလည်းဖြစ်သည်။

အာရှတွင် ချန်ပီယံဖြစ်ထားသူသည် မကြာမီကျင်းပတော့မည့် အိုလံပစ်ပွဲတွင်လည်း ဝင်နွှဲရန် ကျိန်းသေပြီး တကယ့်ဆူပါတစ်ယောက်ဖြစ်လာနိုင်သည့် အခွင့်အလမ်းတွေရှိသည်။ အာရှအတွက် အကောင်းဆုံးဂိမ်းစတားမှာ Faker ဖြစ်လာနိုင်ကြောင်း သူတို့ ဂိမ်းသမားအသိုင်းအဝိုင်းက တစ်ပေးနေကြသည်။ တောင်ကိုရီးယားနိုင်ငံလို eSport ဂိမ်းများကို အမြင့်မားဆုံးထုတ်လုပ်ကစားနေကြသည့် နိုင်ငံတစ်နိုင်ငံအနေနှင့်လည်း အိုလံပစ်ပွဲတွင် eSport ပါလာမည်ဆိုခြင်းမှာ အားတက်စရာဖြစ်လာသည်။ 

တောင်ကိုရီးယားနိုင်ငံသည် အင်တာနက် Broadband ကို မြန်နှုန်းမြင့်စွာဖြင့် အသုံးပြုနိုင်သည့် နိုင်ငံတစ်နိုင်ငံဖြစ်သည်။ အင်တာနက်ယဉ်ကျေးမှုသည် သူတို့နိုင်ငံတွင် ထွန်းကားနေသည်မှာကြာပြီ။ အင်တာနက်ကဖေးဆိုင်များတွင် အွန်လိုင်းကို တိုက်ရိုက်ချိတ်ကစားနိုင်သည့် အရည်အသွေးများ ရှိနေခြင်းကလည်း ကျောင်းသားအရွယ် ကလေးများကို လမ်းဆုံ၊ လမ်းခွတိုင်းရှိ ဆိုင်တိုင်းလိုလိုတွင် ပြည့်နေအောင် တွေ့လာနေရသည်။ သူတို့ဆီတွင် eSport ကစားသမားတွေက အလွန်များသည်။ ထိုကလေးများထဲက တောင်ကိုရီးယားနိုင်ငံ၏ ထက်မြက်သောသူများကို မွေးထုတ်ပေးနေသည်ဟုဆိုသည်။ ပညာရေးဝန်ကြီးဌာန၏ ဆန်းစစ်ချက်တစ်ခုတွင် ၂၀၁၇ ခုနှစ် အထက်တန်းကျောင်းသားများထဲ၌ ဂိမ်းသရဲလေးများသည် သိပ္ပံဘာသာရပ်တွင်ပါ ထူးချွန်သူများဖြစ်နေသည်ဟုဆိုသည်။ 

Faker သည် အထက်တန်းကျောင်းသားဘဝတွင် ဗီဒီယိုဂိမ်းအရာ၌ ဆရာကြီးတစ်ဆူဖြစ်နေသည်။ အထူးသဖြင့် နာမည်ကျော်ဂိမ်းဖြစ်သော League of Legends ကို အွန်လိုင်းတိုက်ပွဲများတွင် ဆရာဖြစ်နေသည်။ ထိုဂိမ်းကို ၂၀၀၉ ခုနှစ်ကတည်းက Riot Games အဖွဲ့က ထုတ်ထားခြင်းဖြစ်သည်။ 

သူက ဂိမ်းအရာ၌ ဆရာကြီးတစ်ဆူဖြစ်လာသည့်အခါ ဂိမ်းတွေကိုသာ လိုက်ကစားနေပြီး ကျောင်းကပါ ထွက်လိုက်သည်။ အထက်တန်းကျောင်းကို ဆက်မတက်တော့ခြင်းဖြစ်သည်။ ၂၀၁၃ ခုနှစ်ကတည်းက သူသည် ပရော်ဖက်ရှင်နယ်ကစားသမားအဖြစ် ရပ်တည်ပြီး ဤလောကအတွင်း၌သာ ပျော်မွေ့နေတော့သည်။ ကျောင်းကို စွန့်ခဲ့ပြီး သာယာရလောက်အောင်လည်း ဂိမ်းလောကတွင် ဆရာကြီးတစ်ဆူအဖြစ် ရပ်တည်နိုင်ခဲ့သည်။

တောင်ကိုရီးယားနိုင်ငံ၏ eSport သည် ဂျာမနီနိုင်ငံဘောလုံးကဲ့သို့ပင် ရေပန်းစားသည့် ကစားနည်းတစ်ခုဖြစ်နေသည်။ လူငယ်တွေအတွက် အလွန်စိတ်ဝင်စားစရာကောင်းသည့် အွန်လိုင်းဂိမ်းယဉ်ကျေးမှုနှင့်အတူ သူတို့လောကကို သူတို့ တကယ့်အပျော်တမ်းအားကစားသမားများဘဝမှသည် ဘောလုံးအသင်းများကဲ့သို့ ကလပ်အသင်းကြီးများလို ထူထောင်ဖွဲ့စည်းသည်အထိ ကြီးကျယ်လာကြသည်။ နှစ်ပေါက်အောင် ပြည်တွင်းပြိုင်ပွဲများတွင် ကစားရင်းက ဂိမ်းအသင်းအဖွဲ့တွေ အားကောင်းလာသည်။ 

ကုမ္ပဏီကြီးများက ငွေလုံးငွေရင်းတွေထုတ်ပြီး eSport အသင်းတွေကို ထူထောင်ကြသည်။ Faker ကို မွေးထားသည့် စပွန်ဆာအသင်းမှာ SK Telecom ဖြစ်သည်။ တောင်ကိုရီးယားနိုင်ငံတွင် ကြိုးမဲ့ဆက်သွယ်ရေးစနစ်၏ ထိပ်တန်းကုမ္ပဏီကြီးဖြစ်လည်းဖြစ်သည်။ Faker ၏ တစ်နှစ်ဝင်ငွေမှာ အမေရိကန် ဒေါ်လာ ၂ ဒသမ ၆ သန်း ရှိမည်ဟု ခန့်မှန်းထားသည်။ အထက်တန်းပင် မအောင်သည့် ကလေးတစ်ယောက်က အလွန်အောင်မြင်သည့် ဝင်ငွေရသူဖြစ်နေသည်။ 

တောင်ကိုရီးယားနိုင်ငံ eSport အဖွဲ့၏ အထွေထွေအတွင်းရေးမှူး ကင်ချောင်ဟတ်က တောင်ကိုရီးယားနိုင်ငံ လူငယ်များကြားထဲတွင် eSport ဟုခေါ်သည့် အွန်လိုင်းဂိမ်းကစားခြင်းအလေ့က စွဲဝင်နေပြီး ကောလိပ်အားကစားပွဲများတွင်ပင် ချန်ပီယံရှစ်ပြိုင်ပွဲများအဖြစ် ထည့်သွင်းပေးနေရပြီဟုဆိုသည်။ 

ယမန်နှစ်အထိ တောင်ကိုရီးယားနိုင်ငံ၏ eSport ကစားခြင်းသည် အသက် ၁၅ နှစ်မှ ၂၉ နှစ် အရွယ် လူငယ်များအတွင်း ဘောလုံးနှင့် ဘေ့စ်ဘောပြီးလျှင် ကစားမှုအများဆုံးဖြစ်ကြောင်း Nielsen Korea စစ်တမ်းတစ်ခုတွင် ဖော်ပြထားသည်။ တီဗီလိုင်းတွေကလည်း eSport ဂိမ်းပြိုင်ပွဲများကို တိုက်ရိုက်ထုတ်လွှင့်ပေးသည်အထိ ခေတ်စားလာသည်။ ဂိမ်းပြိုင်ပွဲများကို နာမည်ကျော် အားကစားရုံကြီးများတွင် လူငယ်ပေါင်း ထောင်သောင်းနှင့် ကျင်းပကြသည်။ ဂိမ်းဈေးကွက်ကြီးတစ်ခုကို သူတို့အောင်မြင်စွာ ထူထောင်နိုင်ခဲ့ကြသည်။ 

“တောင်ကိုရီးယားမှာ အွန်လိုင်းဂိမ်းဆိုတာ အချိန်ပြည့်လုပ်ငန်းကြီးတစ်ခုအဖြစ် ရပ်တည်နိုင်ခဲ့တာ ၂၀၀၀ ပြည့်နှစ်လယ်လောက်ကတည်းကပါ။ eSport အဖွဲ့အစည်းတွေကို ဖွဲ့စည်းထူထောင်နိုင်ခဲ့တယ်။ ဂိမ်းလောကမှာ ရှေ့တန်းကိုလည်းရောက်ခဲ့တယ်” ဟု ကင်က ဆိုသည်။ ယနေ့ တောင်ကိုရီးယားတွင် ဂိမ်းကစားနေသူပေါင်း ၂၅ သန်းခန့်ရှိနေပြီဟု သိရသည်။ လူဦးရေ၏ ထက်ဝက်ခန့်ရှိသည်။ တောင်ကိုရီးယားနိုင်ငံသည်လည်း ကမ္ဘာပေါ်တွင် ဗီဒီယိုဂိမ်းလောက၌ ဆဋ္ဌမမြောက်အကြီးဆုံး နိုင်ငံကြီးတစ်နိုင်ငံဖြစ်နေသည်။ 

တောင်ကိုရီးယားနိုင်ငံမှ ဂိမ်းကျွမ်းကျင်သူများကို ကမ္ဘာ့နိုင်ငံများကပင် နည်းပြဆရာများအဖြစ် ငှားရမ်းခေါ်ယူနေကြရသည်။ တရုတ်နှင့်အမေရိကသို့ တောင်ကိုရီးယားမှ ဂိမ်းနည်းပြတွေ ရောက်နေကြပြီး ဝင်ငွေရှာနေကြသည်။ 

တောင်ကိုရီးယားနိုင်ငံတွင် ၁၉၉၀ ပြည့်နှစ်လောက်ကတည်းက Starcraft ဂိမ်းတွေ ခေတ်စားလာသည်။ အမေရိကမှ တီထွင်သည့် ဂိမ်းဖြစ်သော်လည်း တောင်ကိုရီးယားနိုင်ငံက အများဆုံးဝယ်ယူကစားသည့် နိုင်ငံတစ်နိုင်ဖြစ်လာခဲ့သည်။ 

ယနေ့ဆိုလျှင် တောင်ကိုရီးယားနိုင်ငံမှ လူငယ်များ၏ စိတ်ကူးယဉ်အိပ်မက်မှာ ပရောဖက်ရှင်နယ် ဂိမ်းသမားတစ်ယောက်ဖြစ်လာရေးပင်။ ကျောင်းလွှတ်လျှင်ပင် ဂိမ်းသင်တန်းတွေသွားတက်ပြီး ကစားသူတွေရှိနေသည်။ အသက် ၂၀ ဝန်းကျင် လူငယ်တွေကိုလည်း ဂိမ်းအကယ်ဒမီကျောင်းကြီးတစ်ကျောင်း ဖွင့်လှစ်ပေးပြီး လေ့ကျင့်ပေးနေသည်။ Overwatch နှင့် League of Legends ဂိမ်းများကို လေ့ကျင့်ပေးနေသည်။ ယခင် ပရိုကစားသမားဟောင်းများနှင့် လေ့ကျင့်ပေးနေခြင်းဖြစ်သည်။

“ဂိမ်းလောကမှာ နာမည်ရလာရင် အသိုင်း အဝိုင်းမှာလည်း ဂုဏ်ရှိစွာ ရပ်တည်နိုင်တယ်။ မိတ်ဆွေ၊ သူငယ်ချင်းတွေလည်း ပိုများလာတယ်” ဟု ဂိမ်း အကယ်ဒမီကျောင်းကို လာတက်နေသည့် ကျောင်းသားတစ်ဦးဖြစ်သူ ကင်ဟန်အိုးကဆိုသည်။ တောင်ကိုရီးယားနိုင်ငံ၏ လူငယ်များအတွေးအမြင်တွေက ပညာရေးလား၊ ဂိမ်းလား တစ်ခုခုကို သူတို့ကို ရွေးချယ်စရာ ဖြစ် သွားတယ်။ မကြာမီ Faker နှင့် အခြား ဂိမ်းသမား ၆ ယောက်သည် အင်ဒိုနီးရှားနိုင်ငံသို့ တောင်ကိုရီးယားနိုင်ငံကိုယ်စားပြု သွားရောက်ယှဉ်ပြိုင်ရတော့မည်ဆိုခြင်းက အားကျစရာဖြစ်သွားစေခဲ့သည်။

အင်ဒိုနီးရှားနိုင်ငံတွင် ကျင်းပမည့် Asian Games ပွဲသည် နိုင်ငံတိုင်းရှိ ဂိမ်းသမားလူငယ်များကြားတွင် စောင့်ကြည့်ရမည့်ပွဲတစ်ခုဖြစ်သွားသည်။ Faker က “ကျွန်တော် အေးအေးဆေးဆေးနိုင်မှာပါ” ဟုပြောလိုက်သည်။ သူ့စကားနှင့် လေသံက တောင်ကိုရီးယားပညာရေးကို တပ်လှန့်လိုက်သလိုလည်း ဖြစ်သွားစေနိုင်သည်။

E-01

(Ref : The Star)