မကြာသောကာလတွင် လူသားတို့လုပ်နေသည့် လုပ်ငန်းအားလုံးကို စက်ရုပ်များက သိမ်းပိုက်တော့မည်ဖြစ်ကြောင်း သတိပြုစေချင်ပါသည်။ ယနေ့သိပ္ပံရုပ်ရှင်များထဲတွင် ပြသနေသည့် အကြောင်းအရာများသည် အကြောင်းမဲ့မဟုတ်တော့ကြောင်းကိုလည်း သိထားသင့်သည်။ လာမည့် ၂၀၃၀ ပြည့်နှစ်တွင် လူသားတို့နေရာ၌ စက်များကို အစားထိုးသုံးစွဲလာတော့မည်ဖြစ်သဖြင့် လူသားပေါင်းသန်း ၈၀၀ ခန့် အလုပ်လက်မဲ့ဖြစ်သွားနိုင်ကြောင်း ၂၀၁၇ ခုနှစ် ကတည်းက McKinsey နိုင်ငံတကာစီမံခန့်ခွဲရေးအကြံပေးအဖွဲ့က ခန့်မှန်းချက်ထုတ်ထားသည်။


မကြာသောကာလတွင် လူသားတို့လုပ်နေသည့် လုပ်ငန်းအားလုံးကို စက်ရုပ်များက သိမ်းပိုက်တော့မည်ဖြစ်ကြောင်း သတိပြုစေချင်ပါသည်။ ယနေ့သိပ္ပံရုပ်ရှင်များထဲတွင် ပြသနေသည့် အကြောင်းအရာများသည် အကြောင်းမဲ့မဟုတ်တော့ကြောင်းကိုလည်း သိထားသင့်သည်။ လာမည့် ၂၀၃၀ ပြည့်နှစ်တွင် လူသားတို့နေရာ၌ စက်များကို အစားထိုးသုံးစွဲလာတော့မည်ဖြစ်သဖြင့် လူသားပေါင်းသန်း ၈၀၀ ခန့် အလုပ်လက်မဲ့ဖြစ်သွားနိုင်ကြောင်း ၂၀၁၇ ခုနှစ် ကတည်းက McKinsey နိုင်ငံတကာစီမံခန့်ခွဲရေးအကြံပေးအဖွဲ့က ခန့်မှန်းချက်ထုတ်ထားသည်။

နည်းပညာခေတ်ဖြစ်သောကြောင့် လုပ်ငန်းသစ်တွေကို တီထွင်ဖော်ထုတ်နေကြသည်။ ထို့ကြောင့် လက်ရှိလုပ်ငန်းများသည် အနာဂတ်နှင့် ချိတ်ဆက် မိအောင် မလုပ်နိုင်လျှင် အခြေအနေမကောင်း။ အလားတူပင် အနာဂတ်နှင့် ချိတ်ဆက်မိစေမည့် ပညာရပ်များကို ယခုကတည်းက သင်ကြားပြင်ဆင်ပေးခြင်းမရှိလျှင် အလုပ်လက်မဲ့ဘဝနှင့် ထိုင်နေရမည့်သူများထဲတွင် ကိုယ်တိုင်ပါသွားနိုင်သည်ကို သတိပြုစေချင်ပါသည်။

ပညာရေးက အဆက်မပြတ်ပြောင်းလဲနေသည်။ နည်းပညာခေတ်တွင် ပညာရေးကိုပါ လိုက်ပါပြောင်းလဲနိုင်ခြင်းမရှိလျှင် ပညာရေးနေဝင်ချိန်ကို ရောက်သွားနိုင်သည်။ လာမည့် ၂၀၅၀ ပြည့်နှစ်လောက်ကို မှန်းဆပြီး ပညာရေးကို ပြုပြင်ပြောင်းလဲခြင်း မလုပ်ထားနိုင်လျှင် ပညာရေးအောက်ကျနောက်ကျဖြစ်ရုံမက လူငယ်တို့အတွက် အနာဂတ်မဲ့သွားနိုင်သည်။

ကလေးများကို အနိမ့်ဆုံး တီထွင်ဖန်တီးနိုင်စွမ်း၊ တွေးခေါ်ဆန်းစစ်နိုင်စွမ်း၊ ထုတ်ဖော်နိုင်စွမ်းရှိသူ များ ဖြစ်စေရန် ပြင်ဆင်ပေးထားရမည်။ မရေရာသည့် အနာဂတ်အတွက် အရေရာဆုံးမှာ ကလေးများကို ထိုအသိပညာ၊ အတတ်ပညာများအား သင်ကြားပေးထားခြင်းဖြစ်သည်။

ပညာရေးတွင် စာတွေ့ထက် လက်တွေ့ကို ဦးစား ပေးသင်ကြားသည့်ခေတ်ကို ရောက်လာသည်။ စာထဲတွင် ပါသည့်၊ ထည့်သွင်းထားသည့် စာများ အရုပ်များအစား၊ အင်တာနက်နှင့် ချိတ်ဆက်သင်လာကြသည်။ VR ဟုခေါ်သည့် ပကတိအစစ်အမှန်များကို ရယူခံစားစေခြင်း၊ စာတွေ့ထက်လက်တွေ့ကို လုပ်ဆောင်စေခြင်းတို့ဖြင့် သင်ကြားမှုပုံစံများကို ပြောင်းလဲနေကြသည့် ခေတ်ရောက်လာပြီဖြစ်ကြောင်းကိုလည်း သတိပြုကြစေချင်ပါသည်။ နည်းပညာခေတ် သင်ကြားမှုသင်ယူမှုအတွက် အကောင်းဆုံး အထောက်အကူပေးနိုင်သည့် စနစ်ကြီးတစ်ခုအဖြစ် စာသင်ခန်းများတွင် ရယူသုံးစွဲနေကြပြီဖြစ်သည်။

အနာဂတ်အတွက် အသင့်ဖြစ်စေမည့် ပညာရေးသည် အသက်မွေးဝမ်းကျောင်းဆိုင်ရာ ပညာရပ်များကို သင်ကြားပေးခြင်းဖြစ်သည်။ သို့သော်အမှန်တကယ် ပြင်ဆင်ပေးထားရမည့် ပညာရေးမှာ တီထွင်ဖန်တီးလိုစိတ်ရှိခြင်း၊ ပူးပေါင်းဆောင်ရွက်တတ်ခြင်း၊ ဘဏ္ဍာရေးနှင့် ငွေကြေးဆိုင်ရာ ပြဿနာများကို ကိုင်တွယ် ဖြေရှင်းတတ်ခြင်း၊ အိုင်တီဆိုင်ရာ အတတ်ပညာအသိပညာများကို တတ်ကျွမ်းထားခြင်းတို့ဖြစ်သည်။ ယင်းကိုပင် ၂၁ ရာစုပညာရေးအဖြစ် သတ်မှတ်ထားသည်။

ကျောင်းများတွင် ကျောင်းသားများကို အလွတ်ကျက်အမှတ်ပေး အဆုံးအဖြတ်ပေးသည့် စနစ်များသည် ခေတ်မမီတော့ကြောင်း သိစေချင်ပါသည်။အဓိကသင်ကြားလေ့ကျင့်ပေးထားသင့်သည်မှာ မည်သည့်အခက်အခဲပြဿနာကိုမဆို ရင်ဆိုင်ဖြေရှင်းနည်းဖြစ်သည်။ Problem solving သည် နိုင်ငံတကာကလည်း အလေးထားလာကြသည့် ပညာရပ်ဖြစ်လာသည်။ ပြဿနာတစ်ရပ်ကို ကိုင်တွယ်ဖြေရှင်းနိုင်ခြင်းသည်ပင် Skill တစ်ခုဖြစ်သည်။ မိမိကိုင်တွယ်နေသည့် နယ်ပယ်တစ်ရပ်ကို ကျွမ်းကျင်စွာ စီမံခန့်ခွဲနိုင်ခြင်း၊ ဖြေရှင်းနိုင်ခြင်းတို့သည် လိုအပ်သည့် ပညာရပ်များဖြစ်လာသည်။ 

Problem solving သဘောတရားကို နေ့ကလေးထိန်း သို့မဟုတ် မူကြိုတန်းလောက်ကတည်းက အခြေခိုင်စေရန် လုပ်ဆောင်ပေးသင့်ပါသည်။ မူကြိုတန်းတွင် စာသင်ရမည်ဆိုသည့် အတွေးမှား၊ အယူမှားများအစား ထိုအချိန်ကတည်းက တွေးတတ်စေရန်၊ ဖြေရှင်းတတ်စေရန်၊ ရင်ဆိုင်ရဲရန် လေ့ကျင့်ပေးခြင်းမှာ အနာဂတ်အတွက် အကောင်းဆုံး ပြင်ဆင်ပေးခြင်းလည်းဖြစ်သည်။ အခြေခိုင်မှ မယိုင်မလဲ မတ်မတ်တက်သွားနိုင်ကြောင်းလည်း ဆရာများက သတိပြုသင့်သည်။

ပညာရေးတွင် အဓိကနှင့် သာမညကို ခွဲခြားရတော့မည့်အချိန်ဖြစ်သည်။ ဆွစ်ဇာလန်နှင့် ဂျာမနီနိုင်ငံ၏ ပညာရေးများကို လေ့လာသင့်ပါသည်။ ယနေ့တိုင် နာရီပြင်ဆင်နည်း ထုတ်လုပ်နည်းများကို သင်ပေးနေသေးသည်။ နာရီကို သိပ်မပတ်ကြတော့သည့်ခေတ်တွင် ကျောင်းများ၌ အဘယ်ကြောင့် နာရီပြုပြင်နည်းအတတ်များကို သင်ကြားနေရသနည်းဟု မေးစရာရှိသည်။ အသေးစိတ် အစိတ်အပိုင်းလေးများကို ကိုင်တွယ်ဖြေရှင်းနိုင်ခြင်းကစပြီး တီထွင်ထုတ် လုပ်နိုင်စွမ်းကို ဦးတည်ထားခြင်းဖြစ်သည်။ ထို့ကြောင့်လည်း ယနေ့ဆိုလျှင် ထိုနိုင်ငံများကထုတ်လုပ်သည့် ဆေးပညာဆိုင်ရာပစ္စည်းများကို တစ်ကမ္ဘာလုံးက ဝယ်ယူသုံးစွဲနေကြရပြီဖြစ်သည်။

ကလေးတစ်ယောက်အတွက် ကျောင်းလာတက်သည့် ပထမနှစ်သည်အရေးကြီးသည်။ ထိုပထမနှစ်များတွင် စာမရသဖြင့် အပြစ်ပေးခြင်း၊ စာမကျက်နိုင်သဖြင့် ဒဏ်ပေးခံရခြင်းများက ပညာရေးကို အကြီးအကျယ် စိတ်ပျက်သွားစေနိုင်သည်။ လက်တွေ့ရလဒ်မရှိသည့် မှတ်ဉာဏ်ဖြင့် အဆုံးအဖြတ်ပေးသည့် ပညာရေးကို စာမကျက်ချင်၊ မဖတ်ချင်၊ ကစားချင်သည့် ကလေးတွေက မနှစ်သက်ကြပေ။ ကလေးတစ်ယောက်ရှေ့တွင် နာရီတစ်လုံးနှင့် စာအုပ်တစ်အုပ်ကို ချထားပေးလျှင် ဘာကို ဦးစွာစတင်လေ့လာစူးစမ်းချင်မည်နည်းဆိုခြင်းကို နားလည်ထားရန်လိုပါသည်။ ကလေး၏ သဘောသဘာဝကို နားမလည်ဘဲ ကလေးတစ်ယောက်၏ အနာဂတ်ကို ကိုင်တွယ်ပြုပြင်နိုင်မည် မဟုတ်ပါ။

နိုင်ငံတကာပညာရေးလမ်းကြောင်းသည် ပညာရှင်ဖြစ်ရေးထက်၊ လုပ်ဆောင်နိုင်စွမ်းရှိသည့် တတ်ကျွမ်းသော ပညာရှင်များ မွေးထုတ်ရေးလမ်းကြောင်းကို ဦးတည်နေကြောင်း သတိပြုသင့်သည်။

E-01

(Ref: Education system prepared for future of work, The University of Sidney)