နည်းပညာခေတ်ရောက်လာပြီး တိုးတက်လာသည်မှာ မှန်ပါသည်။ နည်းပညာကို စာသင်ခန်းထဲတွင် မဖြစ်မနေ သုံးရတော့မည့် အနေအထား ဖြစ်လာသည်။ “ဆရာတွေ စင်ပေါ်တွင် စာပြသည့်ဘဝမှ စင်အောက်ဆင်းပြီး လမ်းညွှန်နေရသည့် ဘဝသို့” ဟူ၍လည်း ပြောကြပါသည်။


နည်းပညာခေတ်ရောက်လာပြီး တိုးတက်လာသည်မှာ မှန်ပါသည်။ နည်းပညာကို စာသင်ခန်းထဲတွင် မဖြစ်မနေ သုံးရတော့မည့် အနေအထား ဖြစ်လာသည်။ “ဆရာတွေ စင်ပေါ်တွင် စာပြသည့်ဘဝမှ စင်အောက်ဆင်းပြီး လမ်းညွှန်နေရသည့် ဘဝသို့” ဟူ၍လည်း ပြောကြပါသည်။

စာသင်ခန်းတွေထဲ နည်းပညာတွေ ဝင်လာသည်။ ဆရာတွေ၏ အခန်းကဏ္ဍက မှေးမှိန်လာသလိုလို ဖြစ်လာမည်မှာ ကျိန်းသေသလိုဖြစ်နေသည်။ အဘယ်ကြောင့်ဆိုသော် သင်ကြားမှု သင်ယူမှု လမ်းကြောင်းက ပြောင်းနေသည်။ ဆရာဆိုသည်မှာ အရာရာ သိသူမဟုတ်။ အရာရာကို လမ်းညွှန်ပြသနိုင်သူဘဝသို့ ရောက်မှန်းမသိရောက်သွားမည်မှာ သေချာသည်။ သေချာသည်ကတော့ နည်းပညာကို ကျွမ်းကျင်စွာ မကိုင်တွယ်၊ မလုပ်ဆောင်နိုင်သည့် ဆရာများကတော့ ကျောင်းသားတွေ ဘေးသာမဟုတ် ကျောင်းအပြင်ကို ရောက်သွားတော့မည်မှာ သေချာသလောက်ဖြစ်နေသည်။

ကျောင်းဆရာတွေနေရာကို စက်ရုပ်တွေ အစားထိုးရန်ဆိုသည်မှာ လတ်တလောတွင် မဖြစ်နိုင်သေးသော်လည်း မကြာသော မဝေးသည့်ကာလတစ်ခုတွင် ဖြစ်ကောင်းဖြစ်လာနိုင်သည်ဟုသာ ဆရာများအနေနှင့် စိတ်ထဲတွင် တွေးဆထားရန်ဖြစ်သည်။

လူသားဆရာများနေရာတွင် စက်ရုပ်ဆရာများကို အစားထိုးရန်ဆိုကာ ၂၀၁၄ ခုနှစ်လောက်ကတည်းက ကြိုးစားနေကြပါသည်။ ထိုဆရာများကို သူတို့က “ဘော့တီချာ” (Botteacher) ဟု ခေါ်ကြသည်။ ဘော့တီချာတွေကို အထင်ရှားဆုံး တွေ့မြင်နိုင်သည့် နေရာမှာ အွန်လိုင်းဖြစ်သည်။ အွန်လိုင်းပေါ်ကတစ်ဆင့် ပညာသင်ကြားပေးနေသည့် လုပ်ငန်းကြီးတစ်ခုသည် ဈေးကွက်ကြီးတစ်ခုလိုဖြစ်နေပြီး တရုတ်နိုင်ငံတွင် အအောင်မြင်ဆုံးဖြစ်နေသည်ကိုလည်း မျက်စိဖွင့် နားစွင့်ထားသင့်ပါသည်။ ကမ္ဘာ့နိုင်ငံအသီးသီးရှိ တက္ကသိုလ်ကြီးများတွင် ယခုအခါ အွန်လိုင်းတက္ကသိုလ်များကို မဖြစ်မနေဖွင့်လာကြရသည်။ ကျောင်းသားတွေ သိချင်သမျှ၊ လိုချင်သမျှ၊ မေးသမျှကို အချိန်မရွေး၊ နေရာမရွေး၊ ဒေသမရွေးရစေရန်မှာ အင်တာနက်အွန်လိုင်းက အရေးပါလာသည်။

ဘော့တီချာများကို ဘော့တီ (Botty) များ ဟူ၍လည်း ခေါ်ကြသည်။ ဘော့တီတွေက ဆိုရှယ်မီဒီယာဖြစ်သည့် Twitter ပေါ်ကိုပါရောက်လာသည်။ Twitter ပေါ်တွင် ရှိနေသည့် ဘော့တီတွေကလည်း သိလိုသမျှမေး ဖြေပေးနေကြသည်။ ထို့ကြောင့် စာသင်ခန်းထဲက ဆရာတွေ၏အခန်းကဏ္ဍကို စဉ်းစားစေချင်သည်။

ဆိုရှယ်မီဒီယာတွေပေါ်တွင်လည်း ဆရာတွေ များသည်။ တစ်ခုခု သိချင်သောကြောင့် မေးလိုက်လျှင် ဖြေပေးချင်သူတွေက များသည်။ မှန်၏၊ မမှန်၏ ဆုံးဖြတ်ရခက်ကောင်း ခက်နိုင်သည်။ ကိစ္စမရှိ အင်တာနက်ထဲတွင် ဆက်ရှာနိုင်သည်။ ဘော့တီတွေနှင့် အပြန်အလှန်ဆွေးနွေးကြည့်ပြီး ယုံကြည်မှုတည်ဆောက်နိုင်ကြသည်။

အွန်လိုင်းပေါ်က ဘော့တီတွေကို မေးလိုက်လျှင် သူတို့က မေးခွန်းပြန်မထုတ်။ သူတို့သိသမျှ ဖြေသည်။ မသိလျှင်လည်း ညွှန်းပေးကြသည်။ အွန်လိုင်းပေါ်မှ သင်ကြားမှုသင်ယူမှု အဝန်းအဝိုင်းကြီးတစ်ခုက ပိုပြီး ကျယ်ဝန်းနက်ရှိုင်းသည်။ 

စာသင်ခန်း၏ သင်ကြားမှုဖြစ်စဉ်သည် အခြေခံသုံးချက်ပေါ်တွင်တည်နေသည်။ သင်ကြားနိုင်သည့် နေရာရှိရမည်၊ ညွှန်ကြားရမည်၊ ပြင်ဆင်ရမည်။ ဘော့တီတွေအတွက် ဤအချက်သုံးချက်ကို မလိုဟုဆိုရမည်။ သူတို့အတွက် နေရာမလို၊ စာသင်သားတွေကို ညွှန်ကြားချက်အမိန့်တွေလည်း ထိုင်ထုတ်နေစရာမလို၊ ယနေ့ ဘာကိုသင်ကြားမည်ဟု ပြင်ဆင်စရာလည်း မလိုပေ။ ဘော့တီတွေက သင်ယူသူ ဘာကို သင်ချင်သနည်း၊ ဘာကိုလိုချင်သနည်း။ သူတို့မေးတာ ဖြေသည်။ သိလိုသည်ကိုသာပေးသည်။ ပြစ်တင်ဝေဖန်ခြင်းမရှိ။ စက်ရုပ်ဘော့တီတွေ လူသားနေရာ အစားထိုးလာမလားဆိုသည့် မေးခွန်းမှာ ပညာရေးတွင် လိုအပ်သူတွေ၏ လိုအင်ဆန္ဒတွေကို ဆရာတွေကလည်း မည်မျှဖြည့်ဆည်းပေးနိုင်မည်နည်းဆိုသည့် အချက်နှင့် ဆက်စပ်နေသည်။

ဘော့တီတွေ၏ အားသာချက်မှာ အချိန်မရွေးဖြစ်သည်။ သူတို့က မောပန်းသည်လည်းမရှိ။ နားချိန်လည်းမရှိ။ ကျောင်းသားက သိချင်သည်ကို ကွန်ပျူတာပေါ်တွင် ရိုက်ပြီး မေးလိုက်သည်နှင့် ချက်ချင်းလောက်ကို အဖြေက ပြန်ရနေသည်။ ပြင်ပတွင် ဆရာကို မေးရန်၊ တိုင်ပင်ဆွေးနွေးရန် ဆရာတွေက ကျောင်းသားတွေအပေါ် မည်မျှအချိန်ပေးခဲ့သနည်း။ မည်မျှ အလေးထားပြီး ဖြေပေးကြသနည်း။

ဘော့တီတွေကို ကျောင်းသားတွေက နှစ်သက်လာရခြင်းတွင် သူတို့က ရင်းနှီးဖော်ရွေစွာ ဆက်ဆံတတ်ကြသည်။ အမြဲအသင့်ဖြစ်နေသည်။ ဥပမာ - အိမ်စာပေးလိုက်သည့် သင်္ချာတစ်ပုဒ်ကို ကျောင်းသားက မဖြေရှင်းနိုင် ဖြစ်နေမည်။ အွန်လိုင်းပေါ်တက်ပြီး ဘော့တီကို အားကိုးလိုက်လျှင်ရသည်။ ဘော့တီဖြေရှင်းပေးသည့် ပုစ္ဆာကို ကျောင်းသို့ လာပြလိုက်လျှင် ဆရာတွေက လက်ခံပေးနေရသည့် အနေအထားမှာ ကြာလာလျှင် ဘာဖြစ်သွားနိုင်သနည်း။ ကျောင်းသားက ဆရာအပေါ် အပြည့်အဝအားကိုးချင်စိတ် ပေါ်လာမည်လော။ 

အနာဂတ်တွင် စာသင်ခန်းထဲ၌ စက်ရုပ်တွေကို အစားထိုးထည့်သွင်းမည်၊ မထည့်သွင်းမည်က မသေချာပါ။ အချိန်တွေ ကြာကောင်းလည်း ကြာနိုင်ပါသည်။ သို့သော် အွန်လိုင်းပေါ်ရှိ ဘော့တီများကို ပိုက်ဆံနည်းနည်းလောက်ပေးလိုက်ပြီး အားလုံး သိချင်တာသိနိုင်၊ နားလည်နိုင်၊ ကြိုတင်ပြင်ဆင်နိုင်ပြီဆိုခြင်းမှာ ပညာရေးတွင် ဆရာများ၏ အခန်းကဏ္ဍသည် စတိတ်စင်အောက် တဖြည်းဖြည်းရောက်လာသလိုဖြစ်နေပါလိမ့်မည်။

ဆရာ၏ အခန်းကဏ္ဍကို မပျောက်စေလိုလျှင် ဘာလုပ်ထားသင့်သည်ဟု ထင်ပါသနည်း။ စဉ်းစားတွေးဆ ပြင်ဆင်ထားကြရန်သာဖြစ်သည်။ 

E-01

(Ref: Forbes)