ရီးရဲလ်မက်ဒရစ်တိုက်စစ်တောင်ပံကစားသမား အဆန်စီယိုသည် ၎င်းအနေနှင့် ရီးရဲလ်မက်ဒရစ်ကို ကျောခိုင်းစွန့်ခွာ၍ ပရီးမီးယားလိဂ်သို့ပြောင်းရွှေ့ကစားရန် စိတ်ကူးလုံးဝမရှိဟု ထုတ်ဖော်ပြောကြားလိုက်ကြောင်း Daily Star က ဖော်ပြထားသည်။

မက်ဒရစ်၊ စက်တင်ဘာ ၁၄

အသက် ၂၂ နှစ်အရွယ်ရှိ အဆန်စီယိုသည် ယမန်နှစ်ဘောလုံးရာသီ၌ စီရော်နယ်ဒို၏နောက်တွင် အကန့်အသတ်တစ်ရပ်ဖြင့်သာ ပွဲထွက်ကစားခွင့်ရရှိခဲ့ပြီး လက်ရှိဘောလုံးရာသီတွင်မူ နည်းပြ လိုပီတီဂွီ၏အခွင့်အရေးပေးမှုကြောင့် ၎င်းက ရာသီဖွင့်ပွဲစဉ် သုံးပွဲလုံးကို ပါဝင်ကစားခွင့်ရရှိခဲ့ပြီးဖြစ်သည်။ 

မန်ယူ၊ ချယ်လ်ဆီးနှင့် လီဗာပူးတို့သည် အဆန်စီယိုကိုခေါ်ယူရန်အတွက် အပြိုင်အဆိုင် စောင့်ကြည့်မှုများရှိနေကြပြီး ၎င်း၏ရည်မှန်းချက်မှာ ရီးရဲလ်မက်ဒရစ်ထံတွင် ကစားသမားဘ၀ ဆက်လက်ဖြတ်သန်း၍ နောင်နှစ်ပေါင်းများစွာတိုင် အသင်းနှင့်အတူ အောင်မြင်မှုများ ဆွတ်ခူးရယူနိုင်ရေးဖြစ်သည်ဟု အဆန်စီယိုက ပြောကြားထားသည်။ 

အဆန်စီယိုသည် ရီးရဲလ်မက်ဒရစ်ထံတွင် အခွင့်အရေးများရရှိလာခြင်းနှင့်အတူ စပိန်လက်ရွေးစင်အသင်းနည်းပြ လူးဝစ္စအင်းနရစ်၏နေရာပေးခြင်းကိုလည်း ခံနေရပြီဖြစ်ပြီး စပိန်က ခရိုအေးရှားကို ခြောက်ဂိုး ဂိုးမရှိဖြင့် အနိုင်ရခဲ့သော ဥရောပနိုင်ငံများလိဂ်ပွဲစဉ်တွင် ၎င်းမှာ ပွဲထွက်ကစားသမားအဖြစ် နေရာပေးခံရခြင်းနှင့်အတူ အသင်းအတွက် သွင်းဂိုးတစ်ဂိုးလည်း ရယူပေးသွားနိုင်ခဲ့သည်။