မန်ယူအသင်းခေါင်းဆောင်ဟောင်း ဂယ်ရီနဗီးလ်သည် မန်ယူအနေနှင့် ပေါ့ဂ်ဘာကို ရောင်းထုတ်လိုက်မည်ဆိုပါက အသင်းအခြေအနေမှာ ယခုထက်ပို၍ များစွာ တိုးတက်ကောင်းမွန်သွားလိမ့်မည်ဟု အသိပေးပြောကြားလိုက်ကြောင်း Daily Mail က ဖော်ပြထားသည်။

မန်ချက်စတာ၊ စက်တင်ဘာ ၁၃

မန်ယူအသင်းခေါင်းဆောင်ဟောင်း ဂယ်ရီနဗီးလ်သည် မန်ယူအနေနှင့် ပေါ့ဂ်ဘာကို ရောင်းထုတ်လိုက်မည်ဆိုပါက အသင်းအခြေအနေမှာ ယခုထက်ပို၍ များစွာ တိုးတက်ကောင်းမွန်သွားလိမ့်မည်ဟု အသိပေးပြောကြားလိုက်ကြောင်း Daily Mail က ဖော်ပြထားသည်။

ဂယ်ရီနဗီးလ်သည် ပေါ့ဂ်ဘာမှာ အသင်းအတွက် အာရုံစူးစိုက်မှုအပြည့်ဖြင့် ကစားပေးနေခြင်းမရှိဟု သုံးသပ်ထားပြီး အနာဂတ်နှင့်သက်ဆိုင်သည့် မှတ်ချက်စကားများကို သတင်းမီဒီယာများနှင့်တွေ့ဆုံရာတွင် အမျိုးမျိုးပြောကြားနေသည့် ပေါ့ဂ်ဘာ၏လုပ်ရပ်မှာလည်း လွန်စွာစိတ်ကုန်ဖွယ်ကောင်းလှသည်ဟု ဂယ်ရီနဗီးလ်က မှတ်ချက်ပေးသွားခဲ့သည်။

ပေါ့ဂ်ဘာသည် လက်ရှိအချိန်တိုင်သည်အထိ အသင်းနည်းပြ မော်ရင်ညိုနှင့် ဆက်ဆံရေးအဆင်မပြေမှုများရှိနေပြီး ဘာစီလိုနာနှင့် ဂျူဗင်တပ်တို့မှာ ပေါ့ဂ်ဘာကိုခေါ်ယူရန်အတွက် ကစားသမား၏အေးဂျင့်ဖြစ်သူ ရိုင်အိုလာထံကတစ်ဆင့် ချိတ်ဆက်မှုများရှိနေသည်။

သတင်းမီဒီယာများနှင့်တွေ့ဆုံခဲ့ရာတွင် ဂယ်ရီနဗီးလ်က “ဒီစကားတွေကို ပရိသတ်တစ်ယောက်ရဲ့အမြင်နဲ့ ကျွန်တော်ပြောတာပါ။ ပေါ့ဂ်ဘာဟာ အသင်းအပေါ် ကောင်းမွန်တဲ့ခေါင်းဆောင်မှု မပေးနိုင်သလို အာရုံစူးစိုက်မှုအပြည့်နဲ့ ကစားပေးတာမျိုးလည်း မရှိပါဘူး။ မီဒီယာတွေရှေ့မှာ စကားကို အမျိုးမျိုးပြောနေတာကလည်း အသင်းရဲ့ပုံရိပ်ကို ထိခိုက်စေပါတယ်။ အသင်းထက်ကြီးကြယ်တဲ့ ကစားသမားဆိုတာ မန်ယူမှာ မရှိပါဘူး။ ကျွန်တော်ပြောတာကို ယုံပါ။ ပေါ့ဂ်ဘာကို ရောင်းထုတ်လိုက်ရင် မန်ယူက အခုထက်ပိုပြီး အများကြီးကောင်းသွားပါလိမ့်မယ်”ဟု အသိပေးသွားခဲ့သည်။